စစ်ကိုင်းတိုင်းက မြို့နယ်ရှစ်ခုမှာ ခြောက်နာရီနီးပါး ဖုန်းလိုင်းဖြတ်ခံရ

2022.05.24
စစ်ကိုင်းတိုင်းက မြို့နယ်ရှစ်ခုမှာ ခြောက်နာရီနီးပါး ဖုန်းလိုင်းဖြတ်ခံရ စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်မှာ တိုက်ပွဲများကြောင့် ထွက်ပြေးနေရသူတွေကို ၂၀၂၂ ခုနှစ် မတ်လ ၁၅ ရက်နေ့က တွေ့ရစဥ်
Photo: Citizen Journalist

စစ်ကိုင်းတိုင်း မုံရွာ၊ ပုလဲ၊ ယင်းမာပင်၊ ခင်ဦး၊ ရေဦး၊ ကန့်ဘလူ၊ ကျွန်းလှနဲ့ ကနီ စတဲ့ မြို့နယ်ရှစ်ခုမှာ မေလ ၂၄ ရက် ဒီနေ့ မနက် ခုနစ်နာရီကနေ မွန်းလွဲ တစ်နာရီအထိ အချိန် ခြောက်နာရီကြာ တယ်လီဖုန်းဆက်သွယ်ရေးလိုင်းတွေ ဖြတ်တောက်ခံလိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီမြို့နယ် ရှစ်ခုမှာ လူပေါင်း ၁၄ သိန်းနီးပါး နေထိုင်တာပါ။ RFA က အဲဒီမြို့နယ် ရှစ်ခုက လူပေါင်း ၂၀ နီးပါးရဲ့ လက်ကိုင်ဖုန်းတွေကို ဒီနေ့မနက် ၁၀ နာရီ ဝန်းကျင်က ဆက်သွယ်ကြည့်တဲ့အခါ ဖုန်းမဝင်တာတွေနဲ့ ဆက်သွယ်မှုဧရိယာပြင်ပ ရောက်နေတာတွေ ဖြစ်နေပါတယ်။

အဲဒီမြို့နယ်တွေမှာ အမ်ပီတီ၊ အူရီဒူး၊ တယ်လီနော၊ မိုင်တဲလ် စတဲ့ ဆက်သွယ်ရေး အော်ပရေတာ လေးခုလုံး ဖြတ်တောက်ခံရတာလို့ ခင်ဦးမြို့နယ်ထဲက လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“ဟုတ်ကဲ့ဗျ၊ မနက် ခုနစ်နာရီလောက်ကတည်းက အခုအချိန်အထိ လိုင်းတွေ ဖြတ်တောက်ခံထားရတယ်ဗျ။ တချို့နေရာလေးတွေ မိတဲ့အခါ ဖုန်းဝင်သွားတယ်။ အခု ကျနော်ရောက်တဲ့နေရာက Missed Call ဝင်လို့ လှမ်းခေါ်ကြည့်လိုက်တာ အခုရသွား တယ်။ ပြောရင်းပြောရင်းနဲ့လည်း ပြန်ကျသွားတယ်ဗျ။ တိုင်ရှိပေမယ့်လို့ ခေါ်လိုက်ရင် ကြက်ခြေခတ်ပြသွားတယ်။ ဘယ်လိုမှတော့ မသေချာဘူး။ ဒါက တော်တော်လေး လိုင်းအား ကောင်းတဲ့နေရာ၊ အင်တာနက် 2G လောက်ရတဲ့နေရာရှိတယ်။ အဲဒီလို နေရာလေးတွေမှာ သွားသုံးပြီး အဆင်ပြေအောင် လုပ်နေရတယ်”

ဒီမြို့နယ် ရှစ်ခုမှာ တယ်လီဖုန်းလိုင်းတွေ ဖြတ်တောက်မယ်ဆိုတဲ့သတင်းဟာ မနေ့ည ပိုင်းက ထွက်ပေါ် လာခဲ့တာ ဖြစ်ပြီး ဒီနေ့မနက် ခုနစ်နာရီလောက်မှာတော့ အဲဒီသတင်း အတိုင်းပဲ ဖုန်းလိုင်းတွေပြတ်တောက်သွားတာလို့ ဒေသခံတွေက ပြောပါတယ်။

လူဦးရေ တစ်သိန်းခွဲကျော်နေထိုင်တဲ့ ရေဦးမြို့နယ်မှာတော့ ဒီနေ့မနက် ခြောက်နာရီ လောက်ကတည်းက ဖုန်းလိုင်းဆက်သွယ်ရ ခက်ခဲသွားတယ်လို့ ရေဦးဒေသခံတစ်ဦးက ပြောပါတယ်။

“ပေါ်လိုက်၊ မပေါ်လိုက်ပါ။ အခုလောလောဆယ် ပြောလို့တောင်ရနေတယ်။ မနက်ပိုင်း တုန်းကတော့ နှစ်ခုလုံး ကြားလိုက်၊ မကြားလိုက်ဖြစ်နေတာ။ ပြတ်တယ်။ MPT လည်း ပြတ်တယ်။ Telenor လည်းပြတ်တယ်။ အခုတော့ ပေါ်လိုက်၊ ပျောက်လိုက်နဲ့ အဆင် ပြေတဲ့အခါ ကောင်းတယ်။ အဆင်မပြေတဲ့အခါ မကောင်းဘူး။ အတိအကျတော့မရှိဘူး။ သုံးကတ်လုံး ပျောက်တာမျိုးထက် ပေါ်လာလိုက် ပျောက်သွားလိုက်ပဲ”

မုံရွာမြို့နယ်မှာနေထိုင်တဲ့ ဒေသခံတစ်ဦးကိုလည်း RFA က ဒီနေ့မွန်းလွဲပိုင်းက ဖုန်းနဲ့ ဆက်သွယ်ကြည့်တဲ့အခါ ဖုန်းဝင်ပေမယ့် တစ်ဖက်နဲ့ တစ်ဖက် အသံကြည်ကြည်လင်လင် ပြောဆိုနိုင်ခြင်း မရှိပါဘူး။

"ပေါ်လာလိုက် ပျောက်သွားလိုက်ပဲ”

ဒါပေမဲ့ ဒီနေ့မွန်းလွဲ တစ်နာရီနောက်ပိုင်းမှာတော့ တယ်လီဖုန်းလိုင်းတွေ ပြန်ရနေပြီး အင်တာနက် 2G သုံးရဖို့ သစ်ပင်အမြင့်တွေကိုတက်ပြီး သုံးနေရတယ်လို့ မုံရွာဒေသခံက ပြောပါတယ်။

မြို့နယ်ရှစ်ခုမှာ ဖုန်းလိုင်းဆက်သွယ်မှု ဖြတ်တောက်ခံရတာနဲ့ ပတ်သက်လို့ စစ်ကောင်စီ ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးဆွေကို RFA က ဆက် သွယ်မေးမြန်းခဲ့ရာမှာ ဒီကိစ္စနဲ့ ပတ်သက်လို့ သူမသိဘူးလို့ ပြောပါတယ်။

“အဲဒါတော့ ကျနော်လည်းမသိရဘူးဗျနော်။ နည်းနည်း စုံစမ်းကြည့်လိုက်ပါနော်။ ဟုတ်ကဲ့”

၂၀၂၂ ခုနှစ် မေလ၁၆ ရက်နေ့မှာ စစ်ကောင်စီတပ် ဝင်ရောက်မီးရှို့ခဲ့သည့် စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ် အင်ပက်ကျေးရွာကို တွေ့ရစဥ် (Photo: CJ)
၂၀၂၂ ခုနှစ် မေလ၁၆ ရက်နေ့မှာ စစ်ကောင်စီတပ် ဝင်ရောက်မီးရှို့ခဲ့သည့် စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ် အင်ပက်ကျေးရွာကို တွေ့ရစဥ် (Photo: CJ)

စစ်ကောင်စီက အခုလို တယ်လီဖုန်းဆက်သွယ်ရေးလိုင်းတွေကို ဖြတ်တောက်တာဟာ စစ်ရေးလှုပ်ရှားမှုတွေကို ဖုံးကွယ်ဖို့ ဖြစ်တယ်လို့ ကနီ၊ မင်းကင်း၊ တန့်ဆည်၊ ရေဦး စတဲ့ ဒေသတွေမှာ လှုပ်ရှားနေတဲ့ Myanmar Defense Force က ပြန်ကြားရေးတာဝန်ခံ ဗိုလ်တော်ဝင်က ပြောပါတယ်။

“နှစ်ချက်ပေါ့။ ပထမအချက်ကတော့ သူတို့ မီးရှို့ဖျက်ဆီးတာတွေကို နိုင်ငံတကာဆီ သတင်းမပေါက်နိုင်အောင်၊ သတင်းဌာနဆီ သတင်းမပေါက်နိုင်အောင်ပေါ့။ ဒါတွေက ပြောမယ်ဆိုရင် သက်သေအထောက်အထားတွေပဲ လေ။ တချို့ဟာတွေဆို သူတို့ ကိုယ်တိုင် မီးရှို့နေတဲ့ ဗီဒီယိုတွေ ကျနော်တို့မှာရှိတယ်။ လိုင်းကြောင့် မပို့နိုင်ဘူး။ ပုံလောက်ပဲတင်နိုင်တယ်။ နောက်တစ်ခုက ကျနော်တို့ရဲ့ အောင်ပွဲအခြေအနေတွေ၊ ဘယ်လောက်အထိ စစ်ရေး ပြင်းထန်နေတယ်ဆိုတဲ့ အဲဒီအခြေအနေတွေကို ပြည်သူ လူထုကို မသိစေချင်လို့၊ လှူဒါန်းမှုတွေ၊ ထောက်ပံ့မှုတွေ မရောက်စေချင်လို့ အဓိက ကတော့ အဲဒီနှစ်ချက်ကြောင့်ပါပဲ”

ဒီနေ့မနက်က ဖုန်းလိုင်း ဖြတ်တောက်ခံရပြီးနောက်ပိုင်းမှာ သူတို့အဖွဲ့ လှုပ်ရှားရာ နယ်မြေဖြစ်တဲ့ ကနီနဲ့ ရေဦး မြို့နယ်တွေမှာ စစ်ကောင်စီဘက်က စစ်ရေးလှုပ်ရှားမှုတချို့ ရှိလာတာကိုလည်း တွေ့ရတယ်လို့လည်း သူက ပြောပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဆက်သွယ်မေးမြန်းဖို့ကြိုးစားခဲ့ ပေမယ့် အကြောင်းမပြန်ပါဘူး။

RFA က သီးခြားပြုစုထားတဲ့ အချက်အလက်တွေအရ အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်ကို ခုခံတော်လှန်နေတဲ့ စစ်ကိုင်း၊ မကွေး၊ ချင်း၊ ကချင်၊ ကယား စတဲ့ တိုင်းနဲ့ ပြည်နယ် ငါးခုက မြို့နယ်ပေါင်း ၂၉ ခုမှာ ပြီးခဲ့တဲ့နှစ် ဩဂုတ်လကစလို့ မိုဘိုင်းလ် အင်တာနက် ဖြတ်တောက်ခံထားရတာနဲ့ အမြန်နှုန်းလျှော့ချတာတွေ ရှိနေပါတယ်။ အဲဒီ ထဲမှာ နိုင်ငံတစ်ဝန်း နေအိမ်မီးရှို့ဖျက်ဆီးခံရမှုအများဆုံးရှိနေတဲ့ စစ်ကိုင်းတိုင်းထဲက မြို့နယ် ၁၂ ခု ပါဝင်ပါတယ်။

ဖတ်ရှုသူအများဆုံး သတင်းများ။
သတင်းဆောင်းပါးများ
ငလျင်ဒဏ်သင့် ပြည်သူအချို့ နိုင်ငံတကာအထောက်အပံ့နဲ့ အလှမ်းဝေးနေ
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။