မတ်လ ၁၂ ရက်ကစလို့ တစ်ပတ်ကြာ လျှပ်စစ်မီး အကြီးအကျယ် ပြတ်မည်

2022.03.07
မတ်လ ၁၂ ရက်ကစလို့ တစ်ပတ်ကြာ လျှပ်စစ်မီး အကြီးအကျယ် ပြတ်မည် ရန်ကုန်မြို့တွင် လျှပ်စစ်မီးပြတ်တောက်မှုကြောင့် ဖယောင်းတိုင် အသုံးပြုနေရသူတစ်ဦးကို တွေ့ရစဉ်။
Photo: AFP

မြန်မာပြည်မှာ မတ်လ ၁၂ ရက်ကနေ ၁၈ ရက်နေ့အထိ ၂၄ နာရီလုံးလုံး လျှပ်စစ်မီးပြတ်မယ်လို့  စစ်ကောင်စီလက်အောက်ခံ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာနက မတ်လ ၆ ရက် မနေ့က ထုတ်ပြန် လိုက်ပါတယ်။

ရွှေကမ်းလွန် သဘာဝဓာတ်ငွေ့စီမံကိန်းရဲ့ တွင်းအသစ်ကနေထွက်မယ့် သဘာဝဓာတ်ငွေ့ကို ရယူသုံးစွဲဖို့ ပိုက်လိုင်းအသစ်တွေ ချိတ်ဆက်ရမှာဖြစ်တဲ့အတွက် အချို့နေရာတွေမှာ ၂၄ နာရီ မီးဖြတ်မယ်လို့ ကြေညာချက်မှာ တွေ့ရပါတယ်။ ဘယ်မြို့၊ ဘယ်နေရာတွေ ပြတ်မလဲဆိုတာ ရှင်းရှင်းလင်းလင်း ပြောမထားပါဘူး။

ဒါပေမဲ့ တစ်ပတ်လုံး ၂၄ နာရီ ပြတ်နေမှာမဟုတ်ဘဲ အဲဒီဓာတ်ငွေ့ပိုက်လိုင်း ပြုပြင်နေတဲ့အချိန်မှာ အချိန်ပိုင်း လိုင်းခွဲပေးမယ်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေး Viber Group ကနေ ဒီကနေ့ သတင်းထုတ်ပြန်ခဲ့ပါတယ်။ ဒီထုတ်ပြန်ချက်ထဲမှာလည်း ဘယ်မြို့၊ ဘယ်နေရာတွေမှာ ပြတ်မလဲ ဆိုတာ အတိအကျ ပြောမထားပါဘူး။

လက်ရှိကာလမှာတင် ရန်ကုန်မြို့မှာ တစ်နေ့ကို အနည်းဆုံး ခြောက်နာရီလောက် လျှပ်စစ်မီး ပြတ်နေတဲ့အတွက် နေ့စဉ်ဘဝတွေ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်တိုင်း မရမ်းကုန်းမြို့နယ်က ပြည်သူတစ်ယောက်က RFA ကို ပြောပါတယ်။

"တစ်နေ့ကို ခြောက်နာရီလောက် ပြတ်တယ်ဗျ။ မီးက ဘယ်အချိန်ပြတ်မလဲ မသိဘူး ဖြစ်နေတယ်။ တချို့ရက်တွေဆို နှစ်ကြိမ်လောက် ပြတ်တယ်။ အဲဒီ‌တော့ ထမင်းတွေ၊ ဘာတွေချက်ဖို့ အခက် အခဲဖြစ်သွားတာရှိတယ်။ မီးသွေး အစားထိုးသုံးရတော့ ပိုက်ဆံပိုကုန်တာပေါ့။ ဒီလိုပဲ အခုရာသီဥတု ကလည်း တော်တော်ပူလာတော့ ရေတင်လို့မရတာတို့၊ အင်တာနက်သုံးမရတာတို့ အများကြီး ပေါ့ဗျာ"

စစ်ကောင်စီရဲ့ အခုကြေညာချက်အရ တစ်ပတ်ကြာ လျှပ်စစ်မီး ပြတ်နိုင်တဲ့အတွက် ရေပြတ်မှာကို ဖြေရှင်းဖို့ သောက်ရေသန့်ဘူးတွေ ကြိုဝယ်နေရပြီလို့ သူက ပြောပါတယ်။

မြောက်ဥက္ကလာ၊ တောင်ဒဂုံ၊ အရှေ့ဒဂုံနဲ့ မြောက်ဒဂုံမြို့နယ်တို့မှာဆိုရင် တစ်ရက်ကို ခြောက်နာရီ ကနေ ရှစ်နာရီအထိပဲ လျှပ်စစ်မီးရတော့တယ်လို့ အဲဒီက မြို့ခံတွေက RFA ကို ပြောပါတယ်။

ရန်ကုန်ပြီးရင် ဒုတိယအကြီးဆုံး မြို့တော်ဖြစ်တဲ့ မန္တလေးမြို့မှာဆိုရင်လည်း တစ်နေ့ကို အနည်းဆုံး လေးနာရီလောက် မီးပြတ်နေလို့၊ ဒါဟာ အုပ်ချုပ်သူတွေအတွက် အရှက်ရစရာပဲလို့ မန္တလေးမြို့က လူငယ်တစ်ယောက်က ပြောပါတယ်။

"နိုင်ငံတစ်ခုလုံးကို အုပ်ချုပ်မယ့်သူက မီးလေးတောင် လုံလောက်အောင် မပေးနိုင်ဘူးဆိုတော့ ရှက်ဖို့ ကောင်းပါတယ်။ လက်ရှိအချိန်အထိ တိုင်းပြည်ကို အုပ်ချုပ်ခွင့် မရသေးဘူးဆိုတာ သူတို့ကိုယ် သူတို့သိတယ်။ နောက်ဆုံးအချိန် ရှုံးမဲမဲနေတဲ့သဘောပဲ။ ကျွန်တော့်အနေနဲ့ အဲဒီလို မြင်တယ်ခင်ဗျ"

စစ်ကောင်စီလက်အောက်ခံ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်မှာ တစ်နိုင်ငံလုံးမှာ တစ်ရက်ကို ပျမ်းမျှ လျှပ်စစ်မဂ္ဂါဝပ် ၂၆၀၀ လောက်သုံးစွဲနေပြီး၊ လတ်တလောမှာတော့ သဘာဝ ဓာတ်ငွေ့ရည် စျေးတက်နေလို့ ထုတ်လုပ်မှုလျော့တာ၊ ဘီလူးချောင်း ရေအားလျှပ်စစ်ကပေးနေတဲ့ ဓာတ်အားလိုင်းတွေ ဖောက်ခွဲဖျက်ဆီးခံရလို့ ပြင်နေရတာတွေကြောင့်လည်း လျှပ်စစ်အလုံအလောက် မပေးနိုင်တာလို့ အကြောင်းပြထားပါတယ်။

"ရေတင်လို့မရတာတို့၊ အင်တာနက်သုံးမရတာတို့ အများကြီး ပေါ့ဗျာ"

ဒါပေမဲ့ အခုလို လျှပ်စစ်မီးပြဿနာဖြစ်တာဟာ စစ်တပ်အာဏာသိမ်းလိုက်လို့ဖြစ်လာတဲ့ အကျိုးဆက် တွေဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေး (NUG) အစိုးရလက်အောက်ခံ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဦးစိုးသူရထွန်းက သုံးသပ်ပြောဆိုပါတယ်။

“အဓိကကတော့ စီမံခန့်ခွဲမှုပါပဲ။ ဟုတ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အရည်အချင်းရှိတဲ့ အင်ဂျင်နီယာတွေ၊ လျှပ်စစ်ဓာတ်အားလုပ်ငန်း လုပ်ဆောင်တဲ့သူတွေဆိုရင်လည်း အများစုကတော့ CDM လုပ်ကုန်ကြတာလည်းပါတယ်။ ပုံမှန် ထိန်းသိမ်းပြုပြင်မှုတွေ မရှိတာလည်းပါတယ်။ နောက် တစ်ခုက နိုင်ငံခြား ကုမ္ပဏီတွေနဲ့ စာချုပ်တွေမှာလည်း ကိုယ့်ဘက်က ပျက်ကွက်တာတွေကြောင့် လည်း ပျက်ကွက်သွားတယ်လို့ သိရတယ်။ တချို့ကလည်း သူတို့ကိုယ်တိုင်ကလည်း ဒီမှာ ဆက်မလုပ်တော့ဘူး။ ထွက်သွားတာတွေ ရှိတယ်။ အဲဒါတွေ အကုန်လုံး ပေါင်းလိုက်တဲ့အချိန်မှာ ပထမတစ်နှစ်ကတော့ ခံသာသေးတယ်။ ဒီနှစ် နွေရာသီမှာ ဒီလိုဖြစ်မယ်ဆိုတာ တို့တွေ အစော ကြီးကတည်းက မှန်းသားပြီးသားပေါ့။ ရှေ့လျှောက်လည်း ပိုတောင်မှ ဆိုးသွားမယ့် အခြေအနေ ရှိပါတယ်”

NLD အစိုးရလက်ထက်မှာ ရေအားလျှပ်စစ်စက်ရုံမျိုးတွေ အသစ်မတည်နိုင်ခဲ့ပေမယ့် Power System လို့ ခေါ်တဲ့ ဓာတ်အားခွဲရုံတွေ ဓာတ်အားလိုင်းတွေကို ပိုကောင်းအောင်ပြုပြင်တာ၊ ဓာတ်အား အလေလွင့် နည်းနိုင်သမျှနည်းအောင် ထိန်းသိမ်းနိုင်ခဲ့တာကြောင့် နွေရာသီမှာတောင် မိနစ်ပိုင်း ကလွဲရင် လျှပ်စစ်ဓာတ်အား အပြည့်အဝ ပေးနိုင်ခဲ့တယ်လို့ ဦးစိုးသူရထွန်းက ပြောပါတယ်။

ကျေးလက်ဒေသ မီးလင်းရေးကိုလည်း ကမ္ဘာ့ဘဏ်အကူအညီနဲ့ အကောင်အထည်ဖော်နိုင်ခဲ့ တာကြောင့် ၂၀၂၀ ပြည့်နှစ်မှာ  တစ်နိုင်ငံလုံးရဲ့ ၅၀ ရာခိုင်နှုန်းအထိ ဓာတ်အားပေးနိုင်ခဲ့တဲ့ အခြေအနေမျိုးဖြစ်အောင် NLD  အစိုးရလက်ထက်မှာ ဆောင်ရွက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါကြောင့် အခုအချိန် တစ်နိုင်ငံလုံးမှာ လျှပ်စစ်ဓာတ်အား ပုံမှန်ရနိုင်ဖို့ စစ်ကောင်စီအနေနဲ့ ဘယ်လိုဆောင်ရွက်နေလဲဆိုတာသိရဖို့ စစ်ကောင်စီရဲ့ ပြန်ကြားရေး ဒု-ဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်းကို ဆက်သွယ်မေးမြန်းနေဆဲ ဖြစ်ပါတယ်။

(ရန်ကုန်မြို့မှာ လျှပ်စစ်မီတာ စစ်ဆေးနေသူတစ်ဦးကို တွေ့ရစဥ်) AFP Photo
(ရန်ကုန်မြို့မှာ လျှပ်စစ်မီတာ စစ်ဆေးနေသူတစ်ဦးကို တွေ့ရစဥ်) AFP Photo

လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာနမှာ နှစ်ပေါင်း ၂၀ ကျော် အလုပ်လုပ်ခဲ့တဲ့ လုံခြုံရေးအရ အမည်မဖော်လို တဲ့ အရာရှိဟောင်းတစ်ဦးကတော့ အခုလို လျှပ်စစ်မီး ဆိုးဆိုးဝါးဝါး ပြတ်ရတာဟာ ကြိုတင်စီမံတွက် ချက်မှုမရှိလို့ ဖြစ်ရတာလို့ RFA ကို ပြောပါတယ်။

“တစ်နှစ်ဆိုရင် ၁၅ ရာခိုင်နှုန်းလောက်ကတော့ အမြဲတမ်းတိုးပြီး တွက်ရတာပဲလေ။ တစ်နှစ်ထက် တစ်နှစ် ၁၅ ရာခိုင်နှုန်းက Load (ဝန်အား)က တက်လာတာပေါ့။ သူက ကြိုပြီးတော့မှ အစီ အစဉ်မရှိလို့ပေါ့။ အစီအစဉ်မရှိလို့ ဆိုတာက ကျွန်တော်တို့က ကိုယ့်နိုင်ငံရဲ့ ထုတ်လုပ် နိုင်မှုနဲ့ သုံးစွဲမှုပေါ့နော်။ တိုးတက်လာတဲ့ သုံးစွဲမှုနဲ့ အဲဒီအပေါ်မှာ မူတည်ပြီးတော့ ကြိုပြင် မထားလို့ ဒီလိုချည်းဖြစ်သွားတာပေါ့။ စောစောက မနိုင်ဘူးဆိုရင်လည်း အလှည့်ကျ ဘယ်လိုပေးမလဲဆိုတာ Plan ချရမှာပေါ့။ Plan မချထားတော့ အခုလို ကသောင်းကနင်း ဖြစ်နေတာပေါ့”

တစ်နိုင်ငံလုံး မီးဘယ်လောက်ပဲ ပြတ်ပါစေ၊ နေပြည်တော်ကို မီးလုံးဝ မပိတ်ရဘူးဆိုတဲ့ ညွှန်ကြားချက် ရှိပြီး ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက နေပြည်တော်ရဲ့ လျှပ်စစ်ဓာတ်အားသုံးစွဲမှုက ၁၃၅ မဂ္ဂါဝပ်ရှိတယ်လို့ အဲဒီ အရာရှိဟောင်းက ပြောပါတယ်။

NLD အစိုးရလက်ထက်က အခုနှစ်မှာ ရန်ကုန်မြို့ နွေရာသီမီးပေးနိုင်ဖို့ ကြိုတင်ပြင်ဆင်တဲ့အနေနဲ့ မဂ္ဂါ ပ် ၁၀၄၀ ဝယ်ဖို့ တင်ဒါခေါ်ယူခဲ့ပါတယ်။

အဲဒီဓာတ်အားတွေရဖို့အတွက် ဧရာဝတီတိုင်း ကျွန်းချောင်းမှာ၂၀ မဂ္ဂါဝပ်၊ ရန်ကုန်တိုင်း အလုံမြို့နယ် စက်ရုံက ၁၂၀ မဂ္ဂါဝပ်၊ LNG ဓာတ်ငွေ့ရည်ကနေ လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်မယ့် စီမံကိန်းက ရခိုင်ပြည်နယ် ကျောက်ဖြူမှာ ၁၅၀ မဂ္ဂါဝပ်၊ ရန်ကုန်တိုင်း သန်လျင်မြို့နယ်မှာ ၃၅၀ မဂ္ဂါဝပ်နဲ့ သာကေတမြို့ နယ်က ၄၀၀ မဂ္ဂါဝပ်စီ ထုတ်လုပ်ဖို့ စီစဉ်ထားခဲ့တာပါ။

ဒါပေမဲ့ စစ်တပ်က အာဏာသိမ်းလိုက်တဲ့အခါ ရခိုင်ပြည်နယ် ကျောက်ဖြူက ၁၅၀ မဂ္ဂါဝပ်ထုတ်မယ့် စီမံကိန်းကလွဲရင် ကျန်တဲ့နေရာက စီမံကိန်းအားလုံး ရပ်သွားတယ်လို့ နေပြည်တော် လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာနက အရာရှိတစ်ယောက်က ပြောပြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။