NUG က စစ်ကြေညာပြီးနောက် စစ်ကောင်စီက အင်အားသုံး ဖိနှိပ်လာ

ခက်မာ (ဝါရှင်တန် ဒီစီ)
2021.09.22
NUG က စစ်ကြေညာပြီးနောက် စစ်ကောင်စီက အင်အားသုံး ဖိနှိပ်လာ ရန်ကုန်မြို့ရှိ ဗဟိုဘဏ်‌ရှေ့မှာ လုံခြုံရေးစောင့်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ၂၀၂၁ ဖေဖော်ဝါရီ ၁၅ ရက်နေ့က တွေ့ရစဉ်
Photo: AFP

မြန်မာနိုင်ငံတစ်ဝန်းမှာ အာဏာသိမ်းစစ်ကောင်စီကို တော်လှန်ကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG က ပြီးခဲ့တဲ့ စက်တင်ဘာလ ၇ ရက်နေ့က ကြေညာခဲ့ပြီးနောက် စစ်ကောင်စီတပ်တွေဟာ ဒေသအချို့မှာ ပြည်သူတွေအပေါ် အင်အားသုံးဖိနှိပ်မှုတွေ ပိုမိုလုပ်ဆောင်နေတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အချို့က RFA ကို ပြောပါတယ်။

စစ်ကောင်စီကို တော်လှန်ဖို့အတွက် လက်နက်အင်အား မပြည့်စုံသေးဘဲ NUG အစိုးရက ကြေညာလိုက်တာဟာ အောင်မြင်မှုတွေရမယ့်အစား ကျရှုံးမှုများနေတယ်လို့ ကရင်နီအမျိုးသားကာကွယ် ရေးတပ်ဖွဲ့ KNDF ရဲ့အမည်မဖော်လိုတဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ထောက်ပြပါတယ်။

“ ဒီဒေး ခေါ်လိုက်လို့ ကျွန်တော်တို့အတွက် ကောင်းကျိုးနဲ့ဆိုးကျိုးမှာ ဆိုးကျိုးကများနေသလား ဆိုပြီး ပြန်ပြီးသုံးသပ်မိတာရှိတယ်။ ဒီဒေးခေါ်လိုက်တာမှန်တယ်။ တကယ်က ကရင်နီပြည်နယ်မှာ ကရင်နီလိုမျိုး သူတို့ဟာ သူတို့ဖြစ်တာပဲ ဖြစ်တယ်။ ပြည်မတို့ဘက်တွေ ဘယ်အဖွဲ့တွေက ထကြွပြီးတော့ တိုက်နေလဲ။ တကယ်လုပ်နေတာ ဘယ်အဖွဲ့ရှိလဲ။ လက်ညှိုးချိုးကြည့်မယ်ဆိုရင် ဘယ်အဖွဲ့မှ ရှိမနေဘူးလေနော်။ ပြင်ဆင်မှု တစ်စုံတစ်ရာအားကောင်းတဲ့အနေအထားထိ မရောက်ဘဲနဲ့ ဒီဒေးခေါ် လိုက်တာကတော့ မဖြစ်သင့်ဘူးလို့ မြင်တယ်။ စောတယ်လို့ ပြောလို့ရသလို ပြင်ဆင်မှုတွေ ရှိမနေတော့ အောင်မြငမှုတွေ ရမယ့်အစား ကျရှုံးမှုတွေများတယ်လို့ ကျွန်တော်တို့မြင်မိတယ်“

NUG အစိုးရအနေနဲ့ တိုင်းရင်းသားအရေးတွေကို အာမခံချက်ရှိရှိ ထုတ်ဖော်ပြောဆိုသင့်တဲ့အချိန် ဖြစ်နေပေမယ့် တိုင်းရင်းသားအရေး၊ ဖက်ဒရယ်အရေးနဲ့ ပတ်သက်ပြီး ဒီနေ့အချိန်ထိ မပြောဆိုသေးတဲ့အပေါ် စိုးရိမ်မိတယ်လို့လည်း သူကဆိုပါတယ်။

စစ်ကောင်စီနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ကြား တိုက်ပွဲပြင်းထန်နေတဲ့ စစ်ကိုင်းတိုင်းထဲက မင်းကင်း၊ ကနီ၊ ယင်းမာပင်၊ မြိုင် စတဲ့ ဒေသတွေမှာလည်း စစ်ကောင်စီဘက်က အင်အားတိုးချဲ့တာတွေ လုပ်လာတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်တွေက ပြောပါတယ်။

မင်းကင်းဘက်မှာရှိတဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေအနေနဲ့ NUG ရဲ့ ထောက်ပံံ့မှုတွေမရသေးသလို ပြည်သူတွေ ပိုပြီး နှိပ်စက်ခံရတာ၊ အသတ်ခံရတာတွေ ပိုပြီးကြုံတွေ့လာရတယ်လို့ မင်းကင်း PDF ရဲ့ လုံခြုံရေးအရအမည်မဖော်လိုတဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

“သူတို့က ဘာဆိုဘာမှ အကူညီမပေးနိုင်ဘဲနဲ့ ဒါမျိုးကြေညာလိုက်တာဟာ တအားဆိုးဝါးတယ်။ လက်နက် လမ်းကြောင်းတွေလည်း အားလုံးပျောက်တယ်။ ပြည်သူတွေ မလိုအပ်ဘဲနဲ့ ပိုပြီးနှိပ်စက်ခံ ရတယ်။ ပိုပြီး အသတ်ခံရတယ်။ ပိုပြီး ပျက်ဆီးဆုံးရှုံးတာတွေများတယ်။ သူတို့ တာဝန်ယူမှု တာဝန်ခံ မှု ဘာတစ်ခုမှမရှိဘူး။ NUG က ဒီဒေးကြေညာပြီးနောက်မှာ ကျွန်တော်တို့ ဘာမှလုပ်လို့မရတော့ဘူး။ ကျွန်တော်တို့ လက်နက်ဝင်ဖို့ လမ်းကြောင်းလည်း မရှိတော့ဘူး။ တူမီးနဲ့ ပစ်တဲ့ ယမ်းကိစ္စတွေတောင် အကုန်ပြတ်သွားတယ်။ အရင်တုန်းက နည်းနည်းချောင်တယ်။ ဒါပေမယ့် ဒီဒေးကြေညာပြီးတဲ့နောက် ပိုင်း လမ်းကြောင်းတွေ ကြပ်သွားတယ်။ ကျွန်တော်တို့ အဆင်သင့်မဖြစ်သေးခင် ခေါ်လိုက်တာက ကျွန်တော်တို့ အစိုးရရဲ့ အမှားပဲ"

အာဏာသိမ်းစစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေးတပ်တွေက ရရာလက်နက်စွဲကိုင်ပြီး ပြန်ခုခံနေကြပေမယ့် လက်နက်အင်အား မမျှတတာကြောင့် ထိခိုက်သေဆုံးမှုတွေ ရှိလာနေတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။

minkin-pdf
(မင်းကင်း PDF တပ်ဖွဲ့ဝင်အချို့ကို တွေ့ရစဉ်) Photo: CJ

စစ်ကောင်စီကို တိုက်နိုင်ဖို့အတွက် NUG က အထောက်အပံ့တွေ လုပ်ပေးဖို့ လိုအပ်တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မကွေး ဂန့်ဂေါ PDF အဖွဲ့ဝင် တစ်ဦးက ထောက်ပြပါတယ်။

“NUG က PDF တွေကို လက်နက်ထောက်ပံ့မှု ပေးစေချင်တယ်။ လက်နက်ထောက်ပံ့မှုပေးရင် သူတို့ကို နိုင်တယ်။ လက်နက်အင်အား မမျှလို့သာ ပြည်သူတွေက အလျှော့ပေးနေရတာလေ။ အဓိကတော့ လက်နက်ပဲ။ လက်နက်အင်အားမျှရင်သူတို့ကို နိုင်အောင်တိုက်နိုင်တယ်။ ကျွန်တော် တို့က အခုအချိန်မှာ ပျောက်ကြားပဲ လုပ်နေရတာ။ မိုးရွာရင် ကျွန်တော်တို့ တူမီးတွေက အဆင်မပြေ ဘူး။ မိုးရွာရင် ကျွန်တော်တို့မှာ ရှောင်နေရ တယ်။ တကယ်လို့သာ ကျွန်တော်တို့ လက်နက်ကောင်းကောင်းရရင် သူတို့ကို ခဏအတွင်းမှာပဲ တိုက်လို့ နိုင်တယ် “

အနယ်နယ်အရပ်ရပ်က PDF အဖွဲ့တွေက NUG အစိုးရရဲ့လုပ်ရပ်နဲ့ပတ်သက်လို့အခုလိုဝေဖန်ပြောဆို တာနဲ့ ပတ်သက်ပြီး NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ကို RFA က မက်ဆင်ဂျာကနေစာနဲ့ ဆက်သွယ်မေးမြန်းပေမယ့် အကြောင်းမပြန်ပါဘူး။

"NUG က PDF တွေကို လက်နက်ထောက်ပံ့မှု ပေးစေချင်တယ်။ လက်နက် ထောက်ပံ့မှုပေးရင် သူတို့ကို နိုင်တယ်။"

NUG အစိုးရအဖွဲ့ဝင်တယောက်ဖြစ်တဲ့ ဝန်ကြီးဒေါက်တာတူးခေါင်ကတော့ NUG/CRPH မှ ာလှူထားတဲ့ ဒေါ်လာ ၁၇ သန်းကျော် ဘယ်ရောက်သွားလဲဆိုရင်၊ လက်နက်ဝယ်တယ်၊ သင်တန်းစရိတ်အတွက် သုံးတယ်။ လိုအပ်တဲ့ CDM တွေကို ကူညီထောက်ပံ့တယ်။ ဘဏ္ဍာရေးဌာနမှာ စာရင်းပြုစုပေးတဲ့ နိုင်ငံတကာအဆင့် လက်မှတ်ရထားတဲ့ ပညာရှင်တွေအများကြီး လုပ်အားပေးနေပါတယ်။ စာရင်းစစ်လဲ ရှိတယ်။ တကယ်တော့ ဒေါ်လာ ၁၇ သန်း ကျော်ဆိုတာ NUG အတွက် ဆင့်ပါးစပ် နှမ်းပက်ပါ။ NUG တခုလုံးရဲ့ ဘက်ဂျက်လို အပ်ချက်က ဒေါ်လာ သန်း ၈၀၀ ပါ။ ရအောင်လဲ လုပ်နေပါတယ်။ မကြာခင်ရတော့မှာပါ” လို့ သူ့ရဲ့ကိုယ်ပိုင် ဖေ့စ်ဘွတ်စာမျက်နှာမှာ စက်တင်ဘာလ ၂၀ ရက်နေ့က ရေးသားထားတာတွေ့ရပါတယ်။

အဲဒီအပြင် ဒေသခံ PDF တွေကို လက်နက် တပ်ဆင်ပေးပါဆိုတာနဲ့ပတ်သက်လို့လည်း “လုပ်နေပါ တယ်။ မြို့နယ် ၃၃၀ အားလုံး နှံ့အောင်တော့ စောင့်ရမှာပေါ့။ တနိုင်ငံလုံးမှာရှိတဲ့ သိန်းချီသော PDF တွေအတွက် လိုအပ်ချက်တွေ တော့ အများကြီးပါ။ တစ်မြို့နယ် အလက် ၁၀၀ ပေးဖို့ ဆိုရင်တောင် အလက် ၃၃၀၀၀ လိုအပ်တယ်။ လက်ရှိ အလှူခံထားတဲ့ ဒေါ်လာ ၁၇ သန်းဖိုး ဝယ်ရင်တောင်အလက် ၅၀၀၀ လောက်ပဲရမယ်” လို့ NUG ဝန်ကြီးဒေါက်တာတူးခေါင်က ရေးသားထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။