မကွေးတိုင်း ယောဒေသမှာ စစ်ကောင်စီတပ် စစ်ရေးပြင်
မင်းတပ်၊ ကန်ပက်လက်၊ မတူပီမြို့တွေနဲ့ ထိစပ်နေတဲ့ မကွေးတိုင်း ဂန့်ဂေါခရိုင်က ဂန့်ဂေါ၊ ထီးလင်း၊ ဆော၊ ကျောက်ထု စတဲ့ မြို့နယ်တွေမှာ အခုရက်ပိုင်း စစ်ကောင်စီတပ်က ရာနဲ့ချီတဲ့ စစ်အင်အားဖြည့်တင်းနေပါတယ်။
-
RFA Burmese
2024-12-28 -
-
-
ချင်းညီနောင်အဖွဲ့ သိမ်းပိုက်ထားတဲ့ မင်းတပ်၊ ကန်ပက်လက်၊ မတူပီမြို့တွေနဲ့ ထိစပ်နေတဲ့ မကွေးတိုင်း ဂန့်ဂေါခရိုင်က ဂန့်ဂေါ၊ ထီးလင်း၊ ဆော၊ ကျောက်ထု စတဲ့ မြို့နယ်တွေမှာ အခုရက်ပိုင်း စစ်ကောင်စီတပ်က ရာနဲ့ချီတဲ့ စစ်အင်အားဖြည့်တင်းနေသလို လေကြောင်းနဲ့ လက်နက်ကြီးနဲ့ပါ တိုက်ခိုက်တယ်လို့ ဒေသခံတွေက RFA ကို ဒီဇင်ဘာလ ၂၈ ရက်က ပြောပါတယ်။
ဂန့်ဂေါခရိုင်လည်းဖြစ် ယောဒေသလို့လည်း သတ်မှတ်ထားတဲ့ အဲဒီမြို့နယ်တွေမှာ စစ်ရှိန်မြှင့်မယ်လို့ ယောတော်လှန်ရေးတပ်ဖွဲ့တွေက ပြောပြီးနောက် စစ်ကောင်စီတပ်က စစ်ရေးပြင်ဆင်လာတာပါ။
"ယောဒေသ ကောင်းကောင်းလွတ်မြောက်ခြင်းအားဖြင့် ကျွန်တော်တို့မှာ ကုန်စည်စီးဆင်းမှုတွေ ဖြစ်လာမယ်"
ဂန့်ဂေါမြို့အခြေစိုက် စစ်ကောင်စီ ခြေလျင်တပ်ရင်း ခလရ (၅၀) က ဒီဇင်ဘာလ ၂၇ ရက်က လက်နက်ကြီးနဲ့ပစ်လို့ ဇာဟောရွာက အမျိုးသမီး နှစ်ယောက် သေဆုံးသွားတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဂန့်ဂေါဒေသခံ တစ်ယောက်က RFA ကို ပြောပါတယ်။
"ကျတာတော့ လက်နက်ကြီးက ရွာပြင်ကို နှစ်လုံးနဲ့ ရွာထဲကို ကျတာ တစ်လုံးကျတာပေါ့နော်။ ရွာထဲကျတဲ့အလုံးက အမျိုးသမီး နှစ်ယောက်စလုံးပွဲချင်းပြီးလို့ ပြောတယ်။ အမျိုးသမီး နှစ်ယောက်က တစ်ယောက်က အသက်နှစ်ဆယ်အရွယ်၊ တစ်ယောက်က နည်းနည်း အသက်ကြီးပြီ၊ ခြောက်ဆယ်လောက် ရှိပြီပေါ့နော်"
ဒီဇင်ဘာ ၂ရ ရက် ညနေပိုင်းမှာ ကျောက်ထုမြို့ အနီးတစ်ဝိုက်ကို စစ်ကောင်စီတပ်က ပေါင်ငါးရာရှိတဲ့ ဗုံးတွေသုံးပြီး ရှစ်ကြိမ်ထက်မနည်း ဂျက်တိုက်လေယာဉ် နှစ်စီးနဲ့ ဗုံးကြဲတိုက်ခိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဆက်နွှယ်သော သတင်းများ
စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် ယောဒေသခံ ဆယ်ဦးသေဆုံး
ထီးလင်းမြို့နယ်မှာ အရပ်သားငါးဦး အသတ်ခံရ
ပခုက္ကူလေယာဉ်ကွင်းကို စစ်ကောင်စီပြင်ဆင်နေ
ကျောက်ထုမှာ စစ်ကောင်စီတပ်က လေယာဉ်နှစ်စီးနဲ့ အင်အားအများအပြား ဖြည့်တင်းနေတယ်လို့ ယောတော်လှန်ရေးတပ်မတော် (YRA) တာဝန်ရှိသူ တစ်ယောက်က RFA ကို ပြောပါတယ်။
"မနေ့ကတော့ ကျောက်ထုမှာ သူတို့အင်အား ရာနဲ့ချီ ထပ်တိုးတယ်ပေါ့နော်။ လေကြောင်းနဲ့ အင်အားတိုးဖို့ကို ပုဇဉ်း နှစ်စင်း ဆင်းနိုင်ဖို့အရေးကို ဂျက်ဖိုက်တာ နှစ်စင်းနဲ့ ပစ်ရှင်းပြီးမှ အဲဒါ ပုဇဉ်း နှစ်စင်း ဆင်းတယ်။ စကစ (စစ်ကောင်စီတပ်) အင်အား ရာနဲ့ချီ ချသွားတယ်လို့ သိရတယ်။ ပြီးတော့ စစ်တပ်မိသားစုဝင်တွေ အပြန်မှာ ခေါ်သွားတယ်၊ ကပစ ၂၁ ကိုလည်း ပို့တယ်၊ ပခုက္ကူတပ်ရင်းတွေကိုလည်း ပို့တယ်လို့ ကြားထားတာ ရှိတယ်ဗျ။ သူတို့ ခံစစ်ပြင်နေတယ်ပေါ့"
စစ်ကောင်စီတပ်က စစ်ရေးပြင်ဆင်နေသလို ယော ကာကွယ်ရေးတပ်ဖွဲ့တွေကလည်း စစ်ရေးပြင်ဆင်နေပါတယ်။
ယောဒေသအတွင်းက စစ်ကောင်စီတပ်စခန်းတွေကို ယော တော်လှန်ရေးတပ်ဖွဲ့တွေ အပါအဝင် မဟာမိတ်အဖွဲ့တွေ ပူးပေါင်းတိုက်ခိုက်သွားမယ်လို့ ယော တပ်တော် (YA) ရဲ့ ပြောခွင့်ရသူ ဒေါက်တာ လိုကရီရန် က RFA ကို ပြောပါတယ်။
"ယောဒေသအတွင်းမှာရှိတဲ့ စစ်ကောင်စီ ခြေကုပ်ယူရယူထားတဲ့ စစ်စခန်းတွေ၊ သူတို့ရဲ့ ဒီတပ်တွေပေါ့၊ သူတို့ရဲ့ စစ်ဖက်နဲ့ဆိုင်တဲ့ ယန္တရားတွေပေါ့နော်။ ဒါတွေကို ဖယ်ရှားသုတ်သင်နိုင်ဖို့ပေါ့နော်။ ကျွန်တော်တို့က စစ်ရေးပစ်မှတ် မူဝါဒရှိတယ်၊ အဲဒီအတိုင်းပဲ တစ်ဆင့်ချင်း အကောင်အထည် ဖော်သွားမယ်"
ချင်းညီနောင်စစ်ဆင်ရေးမှာ အကူအညီပေးခဲ့တဲ့ မကွေးတိုင်းက ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေကို ပြန်လည်ကူညီမှာဖြစ်ပြီး ယောဒေသကို သိမ်းပိုက်နိုင်ရင် ပြည်သူတွေအတွက် ပိုပြီးအကျိုးရှိလာလိမ့်မယ်လို့ ချင်းညီနောင် ပြောခွင့်ရသူ ကိုယောမန်က RFA ကို ပြောပါတယ်။
"ယောဆိုတာက ကျင်ဒွေးတုန်းကရော၊ မတူပီ၊ ကန်ပက်လက်မှာကရော တောက်လျှောက်လာပါဝင်တဲ့ အဖွဲ့တွေဖြစ်တယ်ပေါ့။ ဆိုတော့ ကျွန်တော်တို့နဲ့ မထိစပ်ရင်တောင် ပြန်လည်ကူညီရမဲ့အဖွဲ့ဖြစ်တယ်။ တကယ့် ဘယ်လောက်အထိ၊ ဘယ်လို ပူးပေါင်းပါဝင်မယ်ဆိုတာကတော့ အနီးကပ်၊ အသေးစိတ်တော့ ပြောဖို့မရှိပါဘူး။ ယောဒေသ ကောင်းကောင်းလွတ်မြောက်ခြင်းအားဖြင့် ကျွန်တော်တို့မှာ ကုန်စည်စီးဆင်းမှုတွေ ဖြစ်လာမယ်"
မကွေးတိုင်း ဂန့်ဂေါခရိုင်က စစ်ရေးအခြေအနေနဲ့ ပတ်သက်လို့ တုံ့ပြန်ချက်ရဖို့ မကွေးတိုင်း စစ်ကောင်စီ ပြောခွင့်ရသူ တိုင်းလူမှုရေးဝန်ကြီး ဦးမျိုးမြင့်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေကြားတာ မရှိပါဘူ
ယောဒေသနဲ့ ထိစပ်နေတဲ့ ချင်းပြည်နယ် တောင်ပိုင်းက မင်းတပ်၊ မတူပီ၊ ကန်ပက်လက်နဲ့ ပလက်ဝမြို့နယ်တွေကို အာရက္ခတပ်တော် (AA )နဲ့ ချင်းတော်လှန်ရေးတပ်တွေက သိမ်းပိုက်ထားပါတယ်။