NLD ပါတီပိုင်ပစ္စည်းတွေ စစ်ကောင်စီသိမ်းယူတော့မလား

ဝေမာထွန်း (ဝါရှင်တန်ဒီစီ)
2023.03.21
NLD ပါတီပိုင်ပစ္စည်းတွေ စစ်ကောင်စီသိမ်းယူတော့မလား ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ်က ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်က NLD ရုံးဖွင့်ပွဲမှာ ဟောပြောခဲ့သည့် NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ရစဉ်။
AFP

စစ်ကောင်စီက အခုနှစ်ဇန်နဝါရီလကုန်မှာ ပြဋ္ဌာန်းခဲ့တဲ့ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း နည်းဥပဒေ၊ ပုဒ်မ ၂၀ (က) မှာ ပါတီတစ်ခုကမိမိဆန္ဒအရဖျက်သိမ်းတာနဲ့ ပါတီမှတ်ပုံတင်ခဲ့ပေမယ့် ရွေးကောက်ပွဲကော်မရှင်က မှတ်ပုံတင်တာကို ပယ်ဖျက်မယ်ဆိုရင် ပါတီပိုင်ပစ္စည်းတွေ နိုင်ငံတော်ကို အပ်နှံရမယ်လို့ ရေးသားထားပါတယ်။

ဒါကြောင့် ဒီလကုန်နောက်ဆုံး မှတ်ပုံပြန်မတင်တဲ့ပါတီတွေရဲ့ ပိုင်ဆိုင်မှုတွေကိုစစ်ကောင်စီက သိမ်းယူနိုင်တယ်လို့ နိုင်ငံရေးအကဲခတ်တွေက သုံးသပ်နေကြပါတယ်။

စစ်ကောင်စီက အခုနှစ် ဇန်နဝါရီလ ၂၆ ရက်နေ့က ပြဋ္ဌာန်းခဲ့တဲ့ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေအရ ဥပဒေပြဋ္ဌာန်းပြီး ရက်ပေါင်း ၆၀ အတွင်း နိုင်ငံရေးပါတီတွေက ပါတီမှတ်ပုံတင်ပြန်လည်လျှောက်ထား ရမှာဖြစ်ပါတယ်။

အခုမတ်လကုန်အထိ ပါတီမှတ်ပုံတင် ပြန်မလျှောက်ဘူးဆိုရင် နိုင်ငံရေးပါတီအဖြစ်ကနေ အလိုအလျောက် ပယ်ဖျက်ပြီး ဖြစ်သွားမှာပါ။

မှတ်ပုံတင်ပယ်ဖျက်ခံရတဲ့ ပါတီတွေရဲ့ပိုင်ဆိုင်မှုတွေကို နိုင်ငံတော်ပိုင်အဖြစ် စစ်ကောင်စီက သိမ်းယူမယ်လို့ ပြဋ္ဌာန်းထားတာကြောင့် ပိုင်ဆိုင်မှုတွေများတဲ့ NLD ပါတီက ဆုံးရှုံးမှုတွေများနိုင်တယ်လို့ နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးရဲထွန်း ကပြောပါတယ်။

“ ပါတီမှတ်ပုံတင်ဥပဒေအရ သတ်မှတ်ထားတဲ့ နှစ်လအတွင်း ပြန်မှတ်ပုံမတင်ရင် အလိုအလျှောက် ပြန်ပျက်ပြယ်သွားပြီးတော့ ပါတီနာမည်နဲ့ ပိုင်ဆိုင်ထားတဲ့အရာတွေကို နိုင်ငံတော်ကို အပ်ရမယ်လို့ အဲ့လိုပါတယ်။ဆိုတော့ အခုအချိန်ပြန်မှတ်ပုံမတင်ရင် ပါတီပိုင်ဆိုင်မှုတွေ အများကြီး ရှိတဲ့ NLD တို့လိုပါတီတွေအတွက်ကတော့ နစ်နာတာပေါ့။ ပါတီပိုင်ပစ္စည်းတွေသာ အပ်ရမယ်ဆိုတော့ NLD တို့ဘာတို့ဆို ရန်ကုန်မှာ ရုံးချုပ်တွေ အထပ်မြင့် အဆောက်အဦတွေ ဆောက်ထားတာတွေ့တယ်လေ။ အဲ့ဒါတွေဆိုရင် ပါတီပိုင်ထင်တယ်။ နောက်မန္တလေးတို့ဘာတို့ပါ။ ငွေကြေးတွေဘာတွေပါ အပ်ရမယ့်သဘောရှိတယ်။”

မတ်လ ၂၀ ရက်နေ့အထိ ရွေးကောက်ပွဲကော်မရှင်ထံ ပါတီမှတ်ပုံတင် ပြန်လျှောက်ပြီး ပါတီက ၃၂ ပါတီရှိပြီလို့ စစ်ကောင်စီက ကြေညာပါတယ်။ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဝင်ပြိုင်မယ့်ပါတီ ရှစ်ပါတီနဲ့ တိုင်းနဲ့ ပြည်နယ် အဆင့်မှာ ဝင်ပြိုင်မယ့်ပါတီက ၂၄ ပါတီရှိတယ်လို့ ဆိုပါတယ်။

NLDOffice.jpeg
စစ်တပ်က အာဏာသိမ်းလိုက်သည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ မြင်တွေ့ခဲ့ရသည့် ရန်ကုန်မြို့က NLD ပါတီဌာနချုပ်။ (Photo:Reuters)

မှတ်ပုံတင်ပြန်လျှောက်ထားတဲ့ ပါတီ၃၀ ကျော်ကို ရွေးကောက်ပွဲကော်မရှင်က စိစစ်နေဆဲပဲလို့ စစ်ကောင်စီက ကြေညာပါတယ်။ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီအပါအဝင် ဘယ်ပါတီကိုမျှမှတ်ပုံတင်လျှောက်ထားမှုကို ခွင့်ပြုလိုက် ကြောင်း ပြောထားတာမရှိသေးပါဘူး။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီက မတ်လ ၂၁ ရက်နေ့က ပြုလုပ်တဲ့ ဒုတိယအကြိမ် ဗဟိုကော်မတီ ကြားကာလ ပုံမှန်အစည်းအဝေးကနေ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင်ထံ မှတ်ပုံပြန်မတင်ဖို့ ဆုံးဖြတ်ချက်ကို အတည်ပြုလိုက်ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီရဲ့ ဗဟိုအလုပ်ကော်မတီဝင် ဦးကျော်ထွေးက NLD ပါတီအနေနဲ့ မှတ်ပုံတင်လျှောက်ထားမှာမဟုတ်သလို ပါတီပိုင်ပစ္စည်းတွေကို စစ်ကောင်စီက တရားမဝင် ကျူးကျော် ဖျက်ဆီးထားပြီး ဖြစ်တယ်လို့ ပြောပါတယ်။

ukyawhtwe.jpg“ အခုလည်းပါတီရုံးတွေကို တရားမဝင်ကျူးကျော်ဝင်ရောက်ဖျက်ဆီးတာတွေ၊ ဖောက်ခွဲဖျက်ဆီးတာတွေက လုပ်ခဲ့တာပဲ။ ပါတီရုံးတွေလည်း ဘာမှလည်ပတ်လို့မရဘူး။ အကုန်လုံးရုံးပိတ်ထားရတာ။ ပါတီဝင်တွေလည်း လိုက်လံဖမ်းဆီးနေတာလည်း သိတဲ့အတိုင်းပဲ။ စကစက အသိအမှတ်ပြုသည်ဖြစ်စေ၊ မပြုသည်ဖြစ်စေ၊ ပြည်သူရှိနေသမျှတော့ ကျွန်တော်တို့ကတော့ ရှင်သန်ရပ်တည်နေမှာဖြစ်ပါတယ်။ ကျွန်တော်တို့ က ထုတ်ပြန်ကြေညာထားတဲ့အတိုင်း ပါတီအနေနဲ့ သဘောထားမပြောင်းလဲပါဘူး။ စကစ ကလည်း တရားမဝင် အာဏာလုယူထားတဲ့ အဖွဲ့အစည်းဖြစ်တယ်။ သူကိုယ်တိုင်ပင် ရှိထားတဲ့ဥပဒေတွေ ချိုးဖောက်ထားတဲ့ အဖွဲ့အစည်းဖြစ်တဲ့အတွက် သူဖွဲ့စည်းလိုက်တဲ့အဖွဲ့အစည်းတို့ ထုတ်ပြန်လိုက်တဲ့ ဥပဒေဆိုတာမျိုးတွေကို ကျွန်တော်တို့ အသိအမှတ်ပြုမှာမဟုတ်ပါဘူး။ ပူးပေါင်းဆောင်ရွက်မှာလည်း မဟုတ်ပါဘူး။”

ပါတီတစ်ခုဟာ မိမိသဘောဆန္ဒအလျှောက်ဖျက်သိမ်းတာဖြစ်ဖြစ်၊ မှတ်ပုံတင်ထားတာကို ဖျက်သိမ်းခံရတာဖြစ်ဖြစ် ပါတီပိုင်ပစ္စည်းတွေကို အစိုးရက သတ်မှတ်ထားတဲ့ ဌာနနဲ့အဖွဲ့အစည်းတွေကို အပ်နှံရမယ်လို့ စစ်ကောင်စီရဲ့ နိုင်ငံရေးပါတီများ မှတ်ပုံတင်နည်းဥပဒေ ပုဒ်မ ၂၀ (က)မှာ ပြဋ္ဌာန်းထားပါတယ်။

ပုဒ်မ ၂၇ မှာတော့ ကော်မရှင်ဟာ မှတ်ပုံတင်ခွင့်ပြုတဲ့ နိုင်ငံရေးပါတီတွေရဲ့ အမည်စာရင်းနဲ့ မှတ်ပုံတင်စာရင်းကနေ ပယ်ဖျက်ပြီး နိုင်ငံရေးပါတီအဖြစ်မှ ဖျက်သိမ်းသည့် ပါတီတွေရဲ့စာရင်းကို ထုတ်ပြန်ပြီး နိုင်ငံတော်ပြန်တမ်းတွင် ထည့်သွင်းဖော်ပြရမယ်လို့ ပြောထားပါတယ်။

"ကျွန်တော်တို့ ၂၀၁၀ တုန်းကလည်း ဒါမျိုးတစ်ခါကြုံခဲ့ဖူးတာပေါ့နော်။ UEC ရဲ့ ဆင်ခြင်တုံတရားပေါ်မှာ အများကြီးမူတည်ပါတယ်ခင်ဗျ။ ဥပဒေပြဋ္ဌာန်းထားပေမယ့်လို့ သိမ်းသင့် သိမ်းထိုက်မှသိမ်းတဲ့အနေအထားမျိုးတော့ တစ်ခေါက်ကြုံခဲ့ဖူးတယ်။ အခုတစ်ခါတော့လည်း ဘယ်လိုလာမယ်တော့မသိဘူး။"

ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ အထွေထွေအတွင်းရေးမှူး ဦးစိုင်းလိတ်က ပါတီမှတ်ပုံပြန် မတင်တာနဲ့ ပါတီဖျက်သိမ်းခံရပြီး ပိုင်ဆိုင်မှုတွေကို သိမ်းမယ်ဆိုရင် UEC ရဲ့ သမာသမတ်ရှိမှုဟာ မေးခွန်း ထုတ်စရာဖြစ်လာမယ်လို့ ပြောပါတယ်။

“ကျွန်တော်တို့ ၂၀၁၀ တုန်းကလည်း ဒါမျိုးတစ်ခါကြုံခဲ့ဖူးတာပေါ့နော်။ UEC ရဲ့ ဆင်ခြင်တုံတရားပေါ်မှာ အများကြီးမူတည်ပါတယ်ခင်ဗျ။ ဥပဒေပြဋ္ဌာန်းထားပေမယ့်လို့ သိမ်းသင့် သိမ်းထိုက်မှသိမ်းတဲ့အနေအထားမျိုးတော့ တစ်ခေါက်ကြုံခဲ့ဖူးတယ်။ အခုတစ်ခါတော့လည်း ဘယ်လိုလာမယ်တော့မသိဘူး။ ကျွန်တော်တို့ SNLD ပါတီအနေနဲ့ မှတ်ပုံမတင်ဘူးဆိုတာ မှတ်ပုံတင်ဖို့ရာ အတွက် အခြေအနေအချိန်အခါတွေက ပေးမနေဘူး။ ရေးထားတဲ့အတိုင်းသာ ဆက်လက်အရေးယူ မယ်ဆိုရင်တော့ဒါ UEC ရဲ့ သမာသမတ်ရှိမှုနဲ့ ဆင်ခြင်တုံတရားပေါ်မှာ မေးခွန်းထုတ်စရာတွေ အများကြီးရှိမှာပေါ့ဗျာ။ ကျွန်တော်တို့ဘက်ကတော့ ဒီလောက်ပဲပြောစရာရှိပါတယ်။ ”

SNLD ပါတီက စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင်ထံ မှတ်ပုံပြန်မတင်ဖို့ ဆုံးဖြတ်ထားပြီး ဖြစ်ပါတယ်။

ပိုင်ဆိုင်မှုတွေကို သိမ်းဆည်းမယ်ဆိုရင်လည်း ကြီးမားတဲ့ ဆုံးရှုံးမှုတွေမရှိနိုင်ဘူးလို့ ဦးစိုင်းလိတ် ကပြောပါတယ်။

SNLD.jpg“အများကြီးတော့ မရှိပါဘူး။ ပါတီရုံးချုပ်က အစ၊ တော်တော်များများက ငှားထားပြုထားတာပဲရှိပါတယ်။ ကျွန်တော်တို့က စီးပွားရေးလည်းတစ်ခါမှ လုပ်ခဲ့ဖူးတာမဟုတ်ဘူး။ ရှင်းရှင်းပြောရရင် လွှတ်တော်ထဲမှာ ဝင်ပါတာလောက်ပဲ။ အုပ်ချုပ်ရေးပိုင်းမှာဆိုရင်လည်း ဘယ်သောအခါမှ ပါခဲ့တာမဟုတ်ဘူး။ ကျွန်တော်တို့ကို လှူမယ့် တန်းမယ့်သူကလည်း ပိုးစိုးပက်စက်ကြီးလှူထား၊ ပြုထားတာလည်း မရှိတဲ့အတွက် ကြီးမားလှတဲ့ ဆုံးရှုံးမှုတွေတော့ မရှိပါဘူးခင်ဗျ။ ရှိစရာအကြောင်းလည်း မမြင်ပါဘူး။”

မိမိသဘောဆန္ဒအလျောက်ဖျက်သိမ်းမယ့်ပါတီတွေရဲ့ ပိုင်ဆိုင်မှုတွေကို အပ်နှံရမယ်ဆိုတဲ့ ပြဋ္ဌာန်းချက်ဟာ မတရားဘူးလို့ နိုင်ငံရေးလေ့လာ သုံးသပ်သူ ဦးဖေသန်းက မှတ်ချက်ပြုပါတယ်။

“မတရားအသင်းဆက်သွယ်လို့ ဖြစ်ဖြစ် ဥပဒေတစ်ခုနဲ့ ငြိစွန်းလို့ဖြစ်ဖြစ်၊ ဒီပါတီကို ဖျက်သိမ်းမယ်ဆိုရင်တော့ အစိုးရက ဖျက်သိမ်းလိုက်တာတစ်မျိုး၊ သူ့အလိုအလျှောက် ပါတီမှတ်ပုံမတင်လို့ဖြစ်ဖြစ်၊ မှတ်ပုံတင်တဲ့အခါ မပြည့်စုံလို့ ဖြစ်ဖြစ် ပါတီရက်အကန့်အသတ်လွန်သွားတယ်ဆိုရင် ပါတီပိုင်ပစ္စည်းတွေကို သိမ်းမယ်ဆိုတာကတော့ ဒါကတော့ မတရားဘူးထင်တယ်။ ပါတီမှတ်ပုံမတင်တဲ့အတွက် သူတို့ပိုင်ပစ္စည်းက သူတို့ပိုင်ပစ္စည်းပဲ။ သူတို့ပါတီဝင်တွေ လုပ်အားနဲ့ရထားတဲ့ ငွေကြေးနဲ့ တည်ထောင်ထားတဲ့ပစ္စည်းတွေက ဥပဒေအရ ပါတီမဖွဲ့ဖြစ်သည့်တိုင်အောင်၊ ဥပဒေနဲ့ ငြိစွန်းတဲ့ငွေတွေမဟုတ်ဘူး။”

နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း နည်းဥပဒေအရ နိုင်ငံခြားတိုင်းပြည်တစ်ခုခုရဲ့အစိုးရ၊ အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်တစ်ဦးဦးဆီကနေ ငွေကြေး၊ ပစ္စည်းအထောက်အပံ့တွေကို တိုက်ရိုက် ဒါမှမဟုတ် သွယ်ဝိုက် ရယူထားမယ်ဆိုရင် နိုင်ငံရေးပါတီအဖြစ်ကနေ ပယ်ဖျက်ခံရမယ်လို့ ပြောထားပါတယ်။

image (13).jpg
၂၀၂၀ ပြည့်နှစ် ဇူလိုင်လ ၅ ရက်နေ့ နေပြည်တော်တွင် ကျင်းပသည့် NLD ယာယီဌာနချုပ် ရုံးခွဲ ဖွင့်ပွဲတက်ရောက်လာကြသော ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်နှင့် NLD ခေါင်းဆောင်များ။ (Photo: RFA)

ဒါ့အပြင် မှတ်ပုံတင်လျှောက်ထားပြီးပါတီတစ်ခုခုဟာ စစ်ကောင်စီကို လက်နက်ကိုင်ဆန့်ကျင်တဲ့အဖွဲ့အစည်း၊ ဒါမှမဟုတ် အကြမ်းဖက်လုပ်ရပ်တွေ ကျူးလွန်နေတယ်လို့ သတ်မှတ်ခံထားရတဲ့ အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်တွေနဲ့ ပတ်သက်နေတယ်၊ မတရားအသင်းအဖြစ် ကြေညာခံထားရတဲ့ အဖွဲ့အစည်းတွေနဲ့ ဆက်သွယ်နေတယ် ဆိုရင်လည်း ပါတီအဖြစ်ကနေ ဖျက်သိမ်းခံရမယ်လို့ ပြောထားပါတယ်။

နိုင်ငံရေးပါတီတွေအနေနဲ့ ဘာသာရေးကို နိုင်ငံရေးအဖြစ် အလွဲသုံးစားလုပ်တာကိုလည်း ခွင့်မပြုဘူးလို့ စစ်ကောင်စီ ဥပဒေက ညွှန်းဆိုထားပါတယ်။

ပါတီတွေပြန်လည်မှတ်ပုံတင်ထားမှုကို စစ်ဆေးနေတဲ့အခြေအနေနဲ့ မှတ်ပုံပြန်မတင်တဲ့ပါတီတွေရဲ့ ပိုင်ဆိုင်မှုတွေနဲ့ ပတ်သက်လို့ နောက်ဆက်တွဲ အခြေအနေတွေကို သိနိုင်အောင် စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင်ရုံးချုပ်ကို RFA က ဖုန်း၊ အီးမေးလ်တို့ကတစ်ဆင့် ဆက်သွယ်ထားပေမယ့် တစ်စုံတစ်ရာဖြေကြားတာမရှိပါဘူး။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးခင်မောင်ဦးကို ဆက်သွယ်ရာမှာလည်း လက်တလော ဘယ်အကြောင်းအရာမှ ဖြေကြားနိုင်ခြင်း မရှိသေးကြောင်း ပြောပါတယ်။

ဖတ်ရှုသူအများဆုံး သတင်းများ။
သတင်းဆောင်းပါးများ
ငလျင်ဒဏ်သင့် ပြည်သူအချို့ နိုင်ငံတကာအထောက်အပံ့နဲ့ အလှမ်းဝေးနေ
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။