ရခိုင်ပြည်နယ် အငူမော် - မောင်တော ကားလမ်းပိတ်ထားတာကြောင့် နယ်စပ်ကုန်သွယ်ရေးထိခိုက်

2022.08.25
ရခိုင်ပြည်နယ် အငူမော် - မောင်တော ကားလမ်းပိတ်ထားတာကြောင့် နယ်စပ်ကုန်သွယ်ရေးထိခိုက် ရခိုင်ပြည်နယ်၊ မောင်တောမြို့အဝင်ကို တွေ့ရစဉ်
Photo: RFA

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ပွဲဖြစ်ပွားပြီးနောက်  အငူမော် - မောင်တော ကားလမ်းကို  ပြီးခဲ့တဲ့ ဩဂုတ်လ ၁၃ ရက်နေ့ကစလို့ ရက်အကန့်အသတ်မရှိ ပိတ်ထားပါတယ်။

အဲဒီကားလမ်းဟာ မြန်မာ - ဘင်္ဂလားဒေ့ရှ် နယ်စပ်ကုန်သွယ်ရေးအတွက် အရေးပါပြီး ရခိုင်ပြည်နယ် မြောက်ဖျား မောင်တောမြို့နယ်က ကညင်ချောင်း နယ်စပ်ကုန်သွယ်ရေး စခန်းထိ အဓိက သွားလာနိုင်တဲ့ လမ်းဖြစ်ပါတယ်။ ကားလမ်းပိတ်ထားတာ အချိန်ကြာလာ တာနဲ့အမျှ နယ်စပ်ကုန်သွယ်ရေးကို ထိခိုက်နေတယ်လို့ ကုန်သည်တွေက ပြောပါတယ်။ အရင်လတွေက တစ်လကို အမေရိကန်ဒေါ်လာ သိန်း ၂၀ ကျော်လောက်အထိ ကုန်သွယ် နိုင်ခဲ့ပေမယ့် အခု ဩဂုတ်အတွင်းမှာတော့ ၂၀ ရာခိုင်နှုန်းအထိ ကျဆင်းလာတယ်လို့ ကုန်သည်တွေက ဆိုပါတယ်။

 ဒီအတိုင်းဆက်ပိတ်ထားမယ်ဆိုရင် နယ်စပ်ကုန်သွယ်ရေး ရပ်တန့်သွားနိုင်တယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ ကုန်သွယ်နေတဲ့ မေယုတော်ဝင်ကုမ္ပဏီပိုင်ရှင် ဦးသန်းနိုင် က RFA ကို ပြောပါတယ်။

“နယ်စပ်ကုန်သွယ်ရေးအပိုင်းမှာ မောင်တောကတော့ တော်တော်လေး ထိခိုက်သွားတာပေါ့။ အဓိကလမ်းကြောင်းက ပိတ်သွားတော့ ကျနော်တို့တောင် တစ်ပတ်ကို နှစ်ရက်၊ သုံးရက် လောက်ပဲ ကုန်သွယ်မှုပြုနိုင်တော့တယ်။ အရင်တုန်းကဆိုရင် တစ်ရက်ကို ကား လေး၊ ငါးစီးတောင် ဝင်တယ်။ အခုတော့ တစ်ပတ်နေလို့ လေး၊ ငါးစီးတောင် မသွားနိုင်တော့ဘူး။ ကုန်သွယ်မှုက တော်တော်လေးကို ကျသွားတယ်။ ကုန်ဈေးနှုန်းတွေကလည်း အစစအရာရာ တက်လာတယ်လေ။ ဆီဈေးတွေရော၊ ဆီက လိုသလောက် ဝယ်လို့မရတာရော။ ဒီပုံစံအတိုင်း ဆိုရင်တော့ ကုန်သွယ်မှုတောင် ရပ်သွားနိုင်တဲ့ အခြေအနေရှိတယ်”

မေယုတော်ဝင်ကုမ္ပဏီဟာ မောင်တောမြို့နယ် ကညင်ချောင်းနယ်စပ်ကုန်သွယ်ရေး စခန်းကနေ ငါးမြစ်ချင်းငါးတွေကို ဘင်္ဂလားဒေ့ရှ်နိုင်ငံဆီ တင်ပို့နေတာဖြစ်ပါတယ်။

အရင်ကဆိုရင် ရန်ကုန်ကတင်လာတဲ့ ပို့ကုန်တွေဟာ ငါးရက်အတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကို တိုက်ရိုက်တင်ပို့နိုင်ခဲ့ပေမယ့် အခုတော့ လမ်းပိတ်မှုနဲ့ စစ်ဆေးမှု များလာတာကြောင့်  ၁၀ ရက်နီးပါးအထိ ကြန့်ကြာနေတယ်လို့လည်း ကုန်သည်တွေက ပြောပါတယ်။

ဒါကြောင့် တစ်ဖက်နိုင်ငံကိုတင်ပို့မယ့် ငါးတွေဟာ အရည်အသွေးကျလာပြီး  ရတဲ့ဈေးနဲ့ပဲ ရောင်းနေရတယ်လို့ အမည်မဖော်လိုတဲ့ ကုန်သည်တစ်ဦးက RFA ကို ပြောပါတယ်။

“ဟိုဘက်နိုင်ငံကို ရောက်သွားပြီဆိုတာနဲ့ ကျနော်တို့မှာ ရှုံးရင်လည်း ရောင်းရတာပဲ။ သယ်ယူခဲ့လို့လည်း မဖြစ်နိုင်တော့ဘူးလေ။ ငါးတွေဆိုတာကလည်း ဘယ်လောက်ပဲ ထိန်းသိမ်းထားပါစေ ကြာသွားရင် တစ်နေ့ထက်တစ်နေ့ အရည်အသွေးကျလာတော့ အခြေအနေကိုကြည့်ပြီး ရတဲ့ဈေးနဲ့ ရောင်းခဲ့ရတာပဲ။ အဓိကတော့ ဟိုဘက်နိုင်ငံကို သူတို့လိုတဲ့ အချိန်မီ မရောက်ရှိရင် အားနည်းချက်က ဒီဘက်နိုင်ငံက ကုန်ပို့တဲ့သူ တွေမှာ တာဝန်ရှိသွားတဲ့ သဘောပါ။ သူတို့ကတော့ ဘယ်လိုအကြောင်းတွေဖြစ်ဖြစ် ဘယ်နှရက်ထဲမှာ ဘယ်ဈေးကွက်ကို ရောက်ရမယ် အဲဒီလိုရှိပါတယ်”

ရခိုင်ပြည်နယ်မှာ မောင်တောမြို့နယ် ကညင်ချောင်းနယ်စပ်ကုန်သွယ်ရေးစခန်းနဲ့ စစ်တွေမြို့နယ် ရွှေမင်းဂံ နယ်စပ်ကုန်သွယ်ရေးစခန်း ဆိုပြီး စခန်းနှစ်ခု ရှိပါတယ်။ ရွှေမင်းဂံ နယ်စပ်ကုန်သွယ်ရေးစခန်းကတော့ ရေကြောင်းကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို တိုက်ရိုက်သွားလာတာဖြစ်ပြီး လက်ရှိမှာ ပုံမှန်အတိုင်း ကုန်သွယ်နေတယ်လို့ ဆိုပါတယ်။

"နယ်စပ်ကုန်သွယ်ရေးက ရာခိုင်နှုန်းနဲ့ ပြောမယ်ဆိုရင် ပုံမှန်ထက် ၂၀ ရာခိုင်နှုန်းလောက် အနုတ်ပြသွားတဲ့အခြေအနေရှိပါတယ်”

ဒါပေမဲ့ အငူမော် - မောင်တော ကားလမ်းကို အသုံးပြုပြီး ကုန်းလမ်းကနေ နယ်စပ် ကုန်သွယ်မှု ပြုလုပ်ရတဲ့ ကုန်သည်တွေအတွက်ကတော့ လမ်းပိတ်ထားတာကြောင့် ဒီလအတွင်းမှာ ကုန်သွယ်မှု ၂၀ ရာခိုင်နှုန်းအထိ ကျဆင်းသွားတယ်လို့ မောင်တောနယ်စပ် ကုန်သွယ်ရေးအသင်း ဥက္ကဋ္ဌ ဦးအောင်မြင့်သိန်း က RFA ကို ပြောပါတယ်။

“အခုအချိန်ကတော့ တိုက်ပွဲကာလလို့လည်း ပြောလို့ရတာပေါ့ဗျာ။ ငြိမ်းငြိမ်းချမ်းချမ်း တော့ မဖြစ်သေးဘူးပေါ့။ တကယ်လို့ ဖြစ်ကြပြီဆိုရင် ကြားမှာ ညှပ်သွားမှာ စိုးရိမ် တာလည်း ပါမှာပေါ့နော်။ အဲဒီလိုပိတ်ထားတော့ ဟိုဘက်က လာတဲ့အခါမှာ စရိတ်တွေ လည်း ပိုကုန်ကျတယ်။ ပြီးတော့ နယ်စပ်ကုန်သွယ်ရေးကလည်း ရာခိုင်နှုန်းနဲ့ ပြောမယ် ဆိုရင် ပုံမှန်ထက် ၂၀ ရာခိုင်နှုန်းလောက် အနုတ်ပြသွားတဲ့အခြေအနေရှိပါတယ်”

ဒီကိစ္စနဲ့ပတ်သက်ပြီး သက်ဆိုင်ရာ ဌာနတွေကို တင်ပြထားပေမယ့် တစ်စုံတစ်ရာ တုံ့ပြန် ခြင်း မရှိသေးဘူးလို့ သူက ဆိုပါတယ်။

မောင်တောမြို့နယ်က ကညင်ချောင်း စီးပွားရေးဇုန်ကို တွေ့ရစဥ် (Photo: RFA)
မောင်တောမြို့နယ်က ကညင်ချောင်း စီးပွားရေးဇုန်ကို တွေ့ရစဥ် (Photo: RFA)

ရခိုင်ပြည်နယ် စစ်ကောင်စီပြောခွင့်ရ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကတော့ ဒီလမ်းဟာ တိုက်ပွဲတွေကြောင့် စစ်တပ်က ပိတ်ထားတာဖြစ်တဲ့အတွက် ဘယ်နေ့ဘယ်ရက် ပြန်ဖွင့် ပေးမယ်ဆိုတာကို အတိအကျ မသိရဘူးလို့ RFA ကို ပြောပါတယ်။

“ကျနော်တို့ပိတ်တာ မဟုတ်ဘူး။ တိုက်ပွဲတွေဖြစ်တဲ့အတွက် အဲဒီအနေအထားမှာ ပိတ်ထားတာဖြစ်တဲ့အတွက် ဘယ်တော့ဖွင့်မယ် ပိတ်မယ်ဆိုတဲ့ အသေးစိတ် အချက် အလက်တွေကိုတော့ ကျနော်လည်း မသိဘူး။ ကျနော်တို့ သိရသလောက်ကတော့ အခုနယ်စပ်ကုန်သွယ်ရေးလမ်းက ဘူးသီးတောင်၊ မောင်တောလမ်းက သွားနေတယ်လို့ သိရတယ်။ အဲဒီလို နယ်စပ်ကုန်သွယ်ရေးလမ်းက ဒီဘက်က လုံခြုံရေးအရ ပိတ်ထား ပေမယ့် ဘူးသီးတောင် မောင်တောလမ်းက သွားပြီး အလုပ်ဖြစ်နေတယ်လို့ သိရ ပါတယ်”

 မြန်မာနိုင်ငံကထွက်တဲ့ ဆန်နဲ့ ကြက်သွန် အပါအဝင် လယ်ယာထုတ်ကုန်တွေ၊ ရေချိုငါး၊ ကဏန်း၊ ပုစွန် အပါအဝင် ရေထွက်ကုန်တွေကို စစ်တွေနဲ့ မောင်တော နယ်စပ်ကုန်သွယ် ရေးစခန်းနှစ်ခုကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို  အဓိကတင်ပို့ပါတယ်။ ဘင်္ဂလားဒေ့ရှ် နိုင်ငံကနေ သံနဲ့ သွပ်ထည်ပစ္စည်း၊  ပလတ်စတစ်ပစ္စည်းတွေကို မြန်မာပြည်ဘက်ကို ပြန်လည်တင်သွင်းတာပါ။

 ဒါကြောင့် မြန်မာ - ဘင်္ဂလားဒေ့ရှ် နယ်စပ်ကုန်သွယ်ရေးဟာ ရခိုင်ပြည်နယ်အတွက် သာမက ရန်ကုန်နဲ့ အခြားမြို့ကြီးတွေအတွက်ပါ အရေးပါတဲ့ ကုန်သွယ်ရေး ဖြစ်ပါတယ်။

 မောင်တောနယ်စပ်ကုန်သွယ်ရေးအသင်းရဲ့ စာရင်းတွေအရ ပြီးခဲ့တဲ့  ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာနှစ်မှာ မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ကုန်သွယ်မှုပမာဏဟာ အမေရိကန်ဒေါ်လာ ၆၂၃ သန်းနီးပါး ရှိခဲ့ပြီး၊ ၂၀၂၁ - ၂၀၂၂ ဘဏ္ဍာနှစ်မှာတော့ အမေရိကန်ဒေါ်လာ ၄၃ သန်းနီးပါးအထိ ရှိခဲ့ပါတယ်။ အခု ၂၀၂၂ - ၂၀၂၃ ဘဏ္ဍာနှစ် (Mini Budget) အတွင်း ကုန်သွယ်မှု ပမာဏကတော့ အမေရိကန်ဒေါ်လာ သန်း ၂၀ ကျော်အထိသာ ရှိပါတယ်။

ဖတ်ရှုသူအများဆုံး သတင်းများ။
သတင်းဆောင်းပါးများ
ငလျင်ဒဏ်သင့် ပြည်သူအချို့ နိုင်ငံတကာအထောက်အပံ့နဲ့ အလှမ်းဝေးနေ
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။