လောင်စာဆီနဲ့ လျှပ်စစ်ကဏ္ဍအတွက် ရုရှားထံ စစ်ကောင်စီချဉ်းကပ်

မြန်မာနိုင်ငံမှာ လက်ရှိကြုံတွေ့နေရတဲ့ လောင်စာဆီနဲ့ လျှပ်စစ်စွမ်းအင်လိုအပ်ချက်ကို ဖြေရှင်းဖို့ စစ်ကောင်စီက ရုရှားနိုင်ငံနဲ့ ဆွေးနွေးမှုတွေ ရှိနေပါတယ်။
ဒါဟာ လောင်စာဆီအကျပ်အတည်းအတွက် ရုရှားဆီက အကူအညီတစ်ခုခုရနိုင်ဖို့ လမ်းစရှာတာနေလို့ လေ့လာသူတွေက သုံးသပ်ပါတယ်။
အာဏာသိမ်းစစ်ကောင်စီရဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ ပြီးခဲ့တဲ့ ဇွန်လ ၁၅ ရက်နေ့ကနေ ၁၈ ရက်နေ့အထိ ရုရှားနိုင်ငံ စိန့်ပီတာစဘတ်မြို့မှာ ပြုလုပ်ခဲ့တဲ့ နိုင်ငံတကာစီးပွားရေးဖိုရမ်ကို တက်ရောက်ခဲ့ပါတယ်။
အဲဒီအဖွဲ့မှာ စစ်ကောင်စီရဲ့ လျှပ်စစ်နဲ့ စွမ်းအင်ဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်၊ စီမံကိန်းနဲ့ ဘဏ္ဍာရေးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်၊ ရင်းနှီးမြှုပ်နှံမှုနဲ့ နိုင်ငံခြား စီးပွားဆက်သွယ်ရေးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး၊ စီးပွားရေးနဲ့ ကူးသန်း ရောင်းဝယ်ရေးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ပွင့်ဆန်းနဲ့ ဗဟိုဘဏ် ဒုဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေတို့ ပါဝင်ပါတယ်။
ဒီအဖွဲ့ဟာ ရုရှားနိုင်ငံ စွမ်းအင်ဝန်ကြီး H.E. Mr. SHULGINOV Nikolay ဦးဆောင်တဲ့အဖွဲ့နဲ့ တွေ့ဆုံခဲ့ပြီး စွမ်းအင်ကိစ္စတွေ ပူးပေါင်းဆောင်ရွက်ဖို့၊ ရေနံတူးဖော်တဲ့လုပ်ငန်းတွေမှာ ရုရှားကုမ္ပဏီတွေ ပါဝင်ဖို့နဲ့ ရေနံနဲ့ ရေနံထွက်ပစ္စည်းတွေ တင်ပို့ရေးကိစ္စတွေအပြင် လျှပ်စစ်ဓာတ်အားပေး စက်ရုံတည်ဆောက်ရေးကိစ္စတွေပါ ဆွေးနွေးခဲ့ကြတယ်လို့ ဇွန်လ ၂၀ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာမှာ ဖော်ပြထားပါတယ်။ ဒါ့အပြင် နှစ်နိုင်ငံ ဗဟိုဘဏ်ချင်း ချိတ်ဆက်ပြီး ငွေကြေးတိုက်ရိုက်လဲလှယ်ရေးကိစ္စနဲ့ ရုရှားဆီက စက်သုံးဆီ ဝယ်ယူနိုင်ရေးအပြင် လျှပ်စစ်ကဏ္ဍမှာ နျူကလီးယားစွမ်းအင်သုံး စက်ရုံတည်ဆောက်ရေး နဲ့ ပတ်သက်တဲ့ အကြောင်းတွေကိုပါ ထည့်သွင်းဆွေးနွေးခဲ့ကြပါတယ်။
လောင်စာဆီကို စျေးသက်သက်သာသာနဲ့ တင်သွင်းနိုင်ရင်တော့ ကုန်စျေးနှုန်းကြီးတဲ့ဒဏ် ကို သက်သာစေနိုင်မယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ စီးပွားရေးလုပ်ငန်းရှင်တစ်ဦး က RFA ကို ပြောပါတယ်။
"ရေနံနဲ့ သဘာ၀ဓာတ်ငွေ့အများကြီးထွက်တဲ့ နိုင်ငံကနေ ကျနော်တို့ စျေးသက်သက် သာသာနဲ့ ဝယ်ယူတင်သွင်းနိုင်မယ်ဆိုရင်တော့ ကျနော်တို့ နိုင်ငံရဲ့ Energy ကဏ္ဍရော နောက်တစ်ခုက Energy Safety ပေါ့။ နောက်တစ်ခုက စားသောက်ကုန်၊ လူသုံးကုန် တွေ ကုန်စျေးနှုန်းကြီးတဲ့ ဒဏ်ကိုလည်း သက်သောင့်သက်သာ ဖြစ်နိုင်မယ်လို့ ထင်ပါတယ်။ နျူကလီးယားတော့ ကျနော်သိပ်မထင်ဘူးပေါ့နော်။ ဒါပေမဲ့ နျူကလီးယား ထက် စာရင်တော့ လျှပ်စစ် Energy ဘက်က သဘာ၀ဓာတ်ငွေ့ကို ရည်ရွယ်လို့ အဲဒါကို မဟာဗျူဟာမြောက် တင်သွင်းဖို့တော့ စီစဉ်နေတယ်လို့တော့ ကျနော် ကြားသိရတယ်"
နိုင်ငံရေးလေ့သာသုံးသပ်သူ ဦးသန်းစိုးနိုင်ကတော့ လက်ရှိကြုံတွေ့နေရတဲ့ လောင်စာဆီ အကျပ်အတည်းအတွက် ရုရှားဆီက အကူအညီတစ်ခုခုရနိုင်ဖို့ လမ်းစရှာတာသာ ဖြစ်တယ်လို့ ပြောပါတယ်။
"ဗမာပြည်က နျူကလီးယားအစီအစဉ်ကို ရုရှားနဲ့ ပူးပေါင်းဆောင်ရွက်မယ်ဆိုတဲ့ကိစ္စက တရုတ်ပြည်ရဲ့ ထောက်ခံတဲ့ သဘောထားမပါဘဲနဲ့ သိပ်ပြီးတော့ ဖြစ်နိုင်ခြေမရှိပါဘူး။ နောက်ပြီးတော့ နိုင်ငံခြားသုံးငွေ ကပ်ဆိုက်နေတဲ့ စစ်ကောင်စီအစိုးရအနေနဲ့လည်း နျူကလီးယားစွမ်းအင်နဲ့ သုံးစွဲနိုင်လောက်အောင် ငွေကြေး အကုန်အကျခံနိုင်တဲ့ အခြေအနေမရှိပါဘူး။ ဒီစီးပွားရေးဖိုရမ်မှာ အဓိကအားဖြင့် သွားရောက်ပြီး အကူအညီ တောင်းတာ အခုဗမာပြည်မှာဖြစ်နေတဲ့ လောင်စာဆီအကျပ်အတည်းကို ဖြေရှင်းရေး အတွက် နည်းလမ်းအနေနဲ့ သွားရောက်ပြီးတော့ လမ်းစရှာဖွေတဲ့သဘောပဲ ဖြစ်ပါတယ်။ ရုရှားကနေပြီးတော့ အင်ဂျင်ဝိုင်နဲ့ လောင်စာစွမ်းအင်ဆီကို ရရှိနိုင်ဖို့အတွက် လမ်းကြောင်းရှာတယ်လို့ပဲ ယူဆပါတယ်။ အဲဒီထက်ပိုပြီးတော့ ကြီးကြီးမားမား မဖြစ်ထွန်းနိုင်ပါဘူး"
ယူကရိန်းအရေးကြောင့် စီးပွားရေးပိတ်ဆို့မှုတွေအပြင် ငွေကြေးပြဿနာနဲ့ပါ ရင်ဆိုင် နေရတဲ့ ရုရှားအနေနဲ့ မြန်မာနိုင်ငံကို ကူညီဖို့ ခက်ခဲလိမ့်မယ်လို့ ဦးသန်းစိုးနိုင်က ဆိုပါတယ်။
"လျှပ်စစ်ကားတွေ၊ လျှပ်စစ်ရထားတွေ အဲဒါတွေကို အမြန်ဆုံး သူတို့ဆောင်ရွက်ပေးမယ်ပေါ့။ သူတို့အာဏာသိမ်းထားတဲ့နောက်ပိုင်းမှာတော့ ဘာတစ်ခုမှ အကောင်အထည်ဖြစ်လာခြင်းမရှိဘူးပေါ့နော်"
လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရန်ကုန်မြို့ခံတစ်ဦးကလည်း ရုရှားနဲ့ ပူးပေါင်း ဆောင်ရွက်ရေး ကိစ္စဟာ အောင်မြင်မယ်လို့ မထင်မိကြောင်း ပြောပါတယ်။
"စစ်ကောင်စီအနေနဲ့ကတော့ သူတို့အဲလိုပြောခဲ့တဲ့အရာတွေက အများကြီးပေါ့လေ။ ရှေ့မှာဆို လျှပ်စစ်ကားတွေ၊ လျှပ်စစ်ရထားတွေ အဲဒါတွေကို အမြန်ဆုံး သူတို့ ဆောင်ရွက်ပေးမယ်ပေါ့။ သူတို့အာဏာသိမ်းထားတဲ့ နောက်ပိုင်းမှာတော့ ဘာတစ်ခုမှ အကောင်အထည်ဖြစ်လာခြင်း မရှိဘူးပေါ့နော်။ တကယ်တမ်းကျတော့လည်း ရှင်းရှင်းပြောရရင် အဲလိုတွေလုပ်ခဲ့လို့လည်း သူတို့အခု ဒီလိုတွေ လုပ်မယ်ဆိုတာ အိပ်မက်ကြီးတစ်ခုလိုပဲလို့ ကျနော်တို့ ပြည်သူတွေအနေနဲ့ မြင်တယ်ဗျ"
ရုရှားနိုင်ငံဟာ ယူကရိန်းနိုင်ငံအပေါ် ကျူးကျော်တိုက်ခိုက်နေတာကြောင့် အနောက်နိုင်ငံ တွေရဲ့ ပိတ်ဆို့ အရေးယူမှုတွေနဲ့ ရင်ဆိုင်နေရချိန် ကမ္ဘာ့အင်အားကြီး တရုတ်နဲ့ အိန္ဒိယ အပါအဝင် အရှေ့ဘက်ခြမ်းနိုင်ငံတွေနဲ့ ဆက်ဆံရေးပိုကောင်းအောင် လုပ်နေတာပါ။
ဒါ့အပြင် ရေနံနဲ့ သဘာ၀ဓာတ်ငွေ့ တင်သွင်းမှုကိုပါ အနောက်နိုင်ငံတွေက ပိတ်လိုက်တာ ကြောင့် အရှေ့ဘက်ခြမ်းက နိုင်ငံတွေဆီ ရေနံတင်ပို့ရောင်းချနိုင်ရေး ကြိုးပမ်းနေသလို စက်သုံးဆီစျေးနှုန်း အဆမတန်မြင့်တက်နေတဲ့ မြန်မာနိုင်ငံကလည်း ရုရှားဆီက တိုက်ရိုက် ဝယ်နိုင်ရေး ကြိုးပမ်းနေတာလည်း ဖြစ်ပါတယ်။
နိုင်ငံရေးမတည်ငြိမ်ပေမယ့် စွမ်းအင်နဲ့ အစားအသောက်လိုကိစ္စတွေက ရပ်နေလို့ မရတာကြောင့် ရုရှားဘက်က ဝယ်ယူတာမျိုး ထွက်ပေါက်တစ်ခု ရှာထားသင့်တယ်လို့ အမည်မဖော်လိုတဲ့ စီးပွားရေးလုပ်ငန်းရှင်တစ်ဦး က RFA ကို ပြောပါတယ်။
"မတည်ငြိမ်မှုတွေရှိနေတာတော့ အမှန်ပါပဲ။ ကမ္ဘာ့နိုင်ငံရေးလည်း မတည်ငြိမ်ဘူး။ မြန်မာ့နိုင်ငံရေးလည်း မတည်ငြိမ်ဘူး။ မတည်ငြိမ်တဲ့အနေအထားတွေရှိသလို ကျန်တဲ့ နေရာဒေသတွေမှာလည်း လူတွေက ရပ်နေလို့မရဘူး။ စားနေတယ်၊ သွားနေတယ်။ အသက်ရှင်ဖို့အတွက် သွားလာရုန်းကန်နေကြရတာဆိုတော့ Food Safety တို့၊ Energy Security တို့၊ Energy Safety တို့ဆိုတာ ကျနော်တို့ နိုင်ငံအတွက်ရော၊ ကမ္ဘာ့နိုင်ငံတွေ အတွက်ရော မရှိမဖြစ် အခြေခံ လိုအပ်ချက်ဖြစ်တာကိုး။ ဒီအခြေအနေမှာ ကျနော်တို့က တစ်လနဲ့လည်း ပြီးသွားတာ မဟုတ်ဘူး။ အခု ယူကရိန်းပြဿနာဆိုလည်း လေး၊ ငါးလ ရှိနေပြီ။ ကျနော်တို့ မြန်မာနိုင်ငံ အနေအထားဆိုလည်း တစ်နှစ်ကျော်လာပြီ၊ ဆိုတဲ့အခါ ကျတော့ ကျနော်တို့က ဒီတိုင်းကြီး အကုန်လုံးကို ရပ်ပြီးတော့ အူပိတ်နေလို့ မရဘူးလေ၊ အဲတော့ ကျနော်တို့က ဒီအတွက် ထွက်ပေါက်လေးတော့ ရှာရမှာတော့ အမှန်ပဲဗျ"

တည်ငြိမ်အေးချမ်းတဲ့ နိုင်ငံရေးနဲ့ စီးပွားရေးတွေ ပြန်လည်ကောင်းမွန်လာဖို့ မျှော်လင့် ပေမယ့် လက်ရှိ အခြေအနေတွေကြားကနေပဲ ပြည်တွေဘ၀ ရှင်သန်ဖို့ရတဲ့နည်းလမ်းနဲ့ ရှေ့ဆက်သွားနေဖို့တော့ လိုအပ်တယ်လို့ သူက ဆိုပါတယ်။
ရုရှားဆီက လောင်စာဆီဝယ်ယူမယ့်ကိစ္စနဲ့ ပတ်သက်ပြီး တိတိကျကျသိရဖို့ မြန်မာနိုင်ငံ စက်သုံးဆီ တင်သွင်းရောင်းချဖြန့်ဖြူးရေးအသင်း အတွင်းရေးမှူး ဒေါက်တာ ဝင်းမြင့်ကို RFA က ဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဖြေဖို့ ငြင်းဆိုခဲ့ပါတယ်။
လက်ရှိမှာတော့ ရုရှားထံကနေ စက်သုံးဆီတင်သွင်းနိုင်ရေးအတွက် စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ သမီးဖြစ်သူ ဒေါ်ခင်သီရိသက်မွန် ရှယ်ယာတွေပါဝင်တဲ့ ရွှေဗျိုင်းဖြူကုမ္ပဏီအပါအဝင် သားဖြစ်သူ ဦးအောင်ပြည့်စုံနဲ့ စစ်ကောင်စီနဲ့ ပတ်သက်တဲ့ ကုမ္ပဏီအချို့က ကြိုးစားနေတယ်လို့ စက်သုံးဆီလုပ်ငန်းရှင်အချို့က ပြောကြပါတယ်။ ဒါပေမဲ့ ဒီကိစ္စအပေါ် RFA က သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
စင်္ကာပူကနေတစ်ဆင့် လောင်စာဆီတင်သွင်းနေရတဲ့ မြန်မာနိုင်ငံအနေနဲ့ ရုရှားနိုင်ငံကနေ လောင်စာဆီ ပြန်ဝယ်ယူမယ်ဆိုရင် စင်္ကာပူထက် စျေးနှုန်းသက်သာမှာဖြစ်ပေမယ့် ခရီး ဝေးလွန်းတာကြောင့် သယ်သူပို့ဆောင်ရေးစရိတ်တွေ ကြီးနိုင်တယ်လို့ ဆီလုပ်ငန်းရှင်တွေ က ပြောကြပါတယ်။