ဆရာမ နုနုရည် (အင်းဝ) ပြောပြတဲ့ ဆရာ မောင်သာနိုး

ခက်မာ (ဝါရှင်တန်ဒီစီ)
2022.07.13
ဆရာမ နုနုရည် (အင်းဝ) ပြောပြတဲ့ ဆရာ မောင်သာနိုး စာရေးဆရာ၊ ကဗျာဆရာနဲ့ ဘာသာဗေဒပညာရှင် ဆရာကြီး မောင်သာနိုး။
Photo: Citizen Journalsit

စာရေးဆရာ၊ ကဗျာဆရာနဲ့ ဘာသာဗေဒပညာရှင် ဆရာကြီး မောင်သာနိုးဟာ ရန်ကုန်မြို့ SCC ဆေးရုံမှာ ဇူလိုင်လ ၁၂ ရက်၊ ဝါဆိုလ ပြည့်နေ့ ညနေ ၆နာရီ ၄၅ မိနစ်မှာ ကွယ်လွန်သွားပါတယ်။

ဆရာမောင်သာနိုးဟာ ရှင်သန်စဉ်မှာ မြန်မာစာပေလောကအတွက် အလုပ်တွေ အများကြီးလုပ်ခဲ့သူဖြစ်ပြီး ကွယ်လွန်ချိန်မှာ အသက် ၉၁ နှစ်ရှိပါပြီ။

သက်တမ်းစေ့နေသွားခဲ့တယ်လို့ ပြောလို့ရပေမယ့် ဆရာနဲ့ နီးနီးကပ်ကပ်နေခဲ့သူ အမျိုးသားစာပေဆုရ စာရေးဆရာမ နုနုရည် (အင်းဝ) ကတော့ နှမြောဝမ်းနည်းမဆုံးဖြစ်ရတယ်လို့ ပြောပါတယ်။

"၉၁ နှစ်ရှိပြီ၊ အသက်ရပြီလို့ ဆိုနိုင်ပေမယ့် ချစ်ခင်ရင်းနှီးတဲ့သူ၊ နောက်ပြီးတော့ ကျမတို့ စာပေလောကအတွက် ကျေးဇူးအများကြီးရှိခဲ့ဖူးတဲ့သူတစ်ယောက်အနေနဲ့ ဆရာ့ကို နှမြောလည်း နှမြောတယ်၊ ဝမ်းလည်းလည်းတယ်။ စိတ်ထဲမှာ တော်တော်လေးခံစားရပါတယ်။ စာပေလောကအတွက် ခေတ်ပေါ်ကဗျာနဲ့ပတ်သက်ပြီးတော့၊ ခေတ်ပေါ်ကဗျာအတွက်၊ အဂ်လိပ်စာ၊ ဘာသာပြန်နဲ့ပတ်သက်ပြီးတော့ ဆရာ့ကျေးဇူးတွေ အများကြီးရှိပါတယ်"

mgthar noe.jpg
စာရေးဆရာ၊ ကဗျာဆရာနဲ့ ဘာသာဗေဒပညာရှင် ဆရာကြီး မောင်သာနိုး။ (Photo: Wikipedia)

ဆရာမောင်သာနိုးဟာ သက္ကရာဇ် ၁၂၁၄ ခုနှစ်မှာ နန်းတက်တဲ့ ပထမမြို့တည်နန်းတည် မင်းတုန်းမင်းတရား လက်ထက်ကစပြီး အမှုထမ်း‌ခဲ့တဲ့ မှူးမတ်ကြီး တိုင်တားမင်းကြီးရဲ့ မြစ်တော်စပ်ပါတယ်။ ဆရာ မောင်သာနိုး ရဲ့ ထူးခြားပြတ်သားတဲ့ နေထိုင်ပုံကိုလည်း အဲဒီလို မှူးမတ်သွေးပါတာနဲ့ တွဲပြီးမြင်ကြတယ်လို့ ဆရာမနုနုရည် က ပြောပါတယ်။

" ဆရာနိုးရဲ့ စကားပြောဟန်၊ လေယူလေသိမ်း၊ နေပုံထိုင်ပုံတွေက၊ ဆရာဦးတင်မိုး စကားနဲ့ပြောရရင် တိုင်တားမင်းကြီးဆိုတာ မတွေ့ဖူးပေမဲ့ ဒီလိုပဲနေမှာပဲ၊ စကားပြောတော့လည်း ပြတ်၊ မျက်နှာထားကြီးကလည်း တည်နဲ့ ဗျာ တဲ့။ ဆရာက အဲဒီလို ပြောခဲ့ပါတယ်။ ဆရာက သူ့မျက်နှာထားကတည်တယ်။ မချိုပေမယ့် ပြုံးလိုက်ရင်တော့ ဆရာ့စိတ်ထား ချိုတယ်ဆိုတာ သိသာပါတယ်။ အဲဒီ ပြောပုံဆိုပုံ၊ နေပုံ ထိုင်ပုံ၊ ဆရာ့စရိုက်သဘာဝတွေကို အနီးကပ်ကြည့်ပြီးတော့ ကျမက ကျမရဲ့ လုံးချင်းဝတ္တုတစ်ပုဒ်မှာ စာရေးဆရာပီပီ ဆရာ့ ကာရိုက်တာကို ထည့်ပြီး ဖွဲ့ခဲ့ဖူးပါတယ်။ အမျိုးသားစာပေဆုရတဲ့စာအုပ်၊ စာဖတ်ပရိသတ်တွေ သိပ်ကြိုက်တဲ့ “မြစိမ်းပြာ ကမာရွတ်” ထဲက ဆရာဦးသက်ဦးနဲ့ အစ်မ ဒေါ်ခင်လေးနွယ်တို့ပါပဲ"

ဆရာမ နုနုရည်က သူနဲ့ မောင်သာနိုး ပုဂ္ဂိုလ်ရေးအရ ဆက်နွယ်ပတ်သက်ပုံကိုလည်း ခုလို လွမ်းလွမ်းတတ ပြောပါသေးတယ်။

"ကျမနဲ့ ဆရာနဲ့ ပိုပြီးချစ်ခင်စေတဲ့အကြောင်းတစ်ခုကတော့ လူပျိုကြီး ဆရာနိုး၊ အသက် ၅၀ ကျော် ၆၀ နီးမှ လက်ထပ်တဲ့အခါ ကျမက သတို့သမီးဘက်က အသိသက်သေအဖြစ်နဲ့ တရားရုံးမှာ လက်မှတ်ထိုးပေးခဲ့ရပါတယ်။ ဆရာနိုးရဲ့ သတို့သမီးက တောင်းဆိုလို့ပါတဲ့။ အဲဒီထဲက ဆရာနိုးရဲ့ ပါရမီဖြည့်ဘက်၊ ဆရာနိုးက လေးနွယ် လယ်နွေးရေလို့ ချစ်စနိုးအော်ခေါ်တတ်တဲ့ အစ်မ ဒေါ်ခင်လေးနွယ်နဲ့ ကျမနဲ့ ဒီနေ့ထိ ညီအစ်မအရင်းလို ချစ်ခင်ခဲ့ရတာပေါ့။ အဲဒီတုန်းက ဆရာ့ဘက်က ဆရာတို့ လက်ထပ်တဲ့အချိန်မှာ လက်မှတ်ထိုးပေးခဲ့ရတဲ့သူက ဆရာမောင်ဝံသပါ"

maungtharnoe3.jpg
ဆရာကြီး မောင်သာနိုး ရေးသားခဲ့သော စာပဒေသာ- ၁။ (Photo: Citizen Journalsit)

မောင်သာနိုးဟာ မောင်သိင်္ဂါဆိုတဲ့ ကလောင်အမည်နဲ့ ကဗျာတွေ ရေးသားခဲ့ပြီး မောင်သာနိုးကလောင်နဲ့ကတော့ မြန်မာစာအရေးအသား၊ ကဗျာဆိုင်ရာ၊ အင်္ဂလိပ်စာနဲ့ ဘာသာဗေဒဆိုင်ရာဆောင်းပါးတွေ ရေးသား ထုတ်ဝေခဲ့ပါတယ်။ အဲဒီအထဲက ထင်းရှူးပင်ရိပ် စာအုပ်ဟာ မြန်မာမော်ဒန်ကဗျာလောကအတွက် အလွန်အကျိုးများတယ် လို့ သတ်မှတ်ကြပြီး ဗုဒ္ဓဝင်ဇာတ်ကြောင်းကို ကဗျာပုံစံနဲ့ရေးထားတာကို ဘာသာပြန်တဲ့ အာရှတိုက်ရဲ့ အလင်းရောင်ကတော့ အလွန်ထင်ရှားပါတယ်။ အဲဒီစာအုပ် ထင်ရှားရခြင်းရဲ့ အကြောင်းရင်းတစ်ခုကိုလည်း ဆရာမ နုနုရည်(အင်းဝ) က ပြောပြပါသေးတယ်။

"ဆရာ့လက်ရာတွေထဲမှာ ကျမအကြိုက်ဆုံးလို့ ပြောလို့ရတဲ့ “အာရှတိုက်ရဲ့ အလင်းရောင်”။ တကယ်က အဲ့ဒီစာအုပ်ဟာ ဗုဒ္ဓဝင်ပါ။ အဲဒီစာအုပ်ကို Sir Edwin Arnold က ကဗျာအဖြစ်နဲ့ ရေးဖွဲ့ခဲ့တာပါ။ အဲဒါကို ဆရာနိုးက ကဗျာအဖြစ် ဗမာလို၊ ဗမာတွေရဲ့နားထဲမှာ နားဝင်ချိုအောင် ဘာသာပြန်နိုင်တာ အင်မတန်ကို တော်ပါတယ်"

ဆရာမောင်သာနိုးကွယ်လွန်ခဲ့တာ ဝါဆိုလပြည့်နေ့ ဖြစ်ပါတယ်။ သန္ဓေ၊ တောထွက်၊ ဓမ္မစက်၊ တစ်ချက်ပြာဋိဟာ ဆိုတဲ့အတိုင်း ဂေါတမမြတ်စွာဘုရားရှင် ပဋိသန္ဓေ နေတော်မူခြင်း။ တောထွက်တော်မူခြင်း။ တရားဦး ဓမ္မစကြာကို ဟောကြားတော်မူခြင်း၊ ရေမီးအစုံ တန်ခိုးပြာဋိဟာကို ပြသတော်မူခြင်းဆိုတဲ့ ထူးခြားတဲ့ ဘာသာရေးမှတ်တိုင်ကြီးတွေ စိုက်ထူတဲ့နေ့မှာ ကွယ်လွန်ခဲ့တဲ့ ဆရာမောင်သာနိုးရဲ့ ဗုဒ္ဓအကြောင်းဖွဲ့ဆိုတဲ့စာအုပ်ကို ဘာသာပြန်ပေးပြီး စာပေအပေါ် ကျေးဇူးကြီးမားခဲ့မှုကိုလည်း ဆရာမ နုနုရည်က ဦးတိုက် ကန်တော့ခဲ့ပါ တယ်။

"တိုက်တိုက်ဆိုင်ဆိုင် ဒီနေ့က ဝါဆိုလပြည့်နေ့လည်းဖြစ်နေတော့ အာရှတိုက်ရဲ့ အလင်းရောင်ထဲမှာ ကျမတို့ အားလုံးသိကြတဲ့ သိဒ္ဓတ္ထမင်းသားတောထွက်ပြီးတော့ သတင်းမကြားရ၊ ဘာမကြားရဖြစ်နေတဲ့အချိန် ကုန်သည် တစ်စုက ယသော်ဓရာဒေဝီ ကိုသတင်းပေးတော့ သူက မေးတာ၊ ငါ့သခင် ဘယ်လမ်းကလာမလဲ လို့ မေးတဲ့အချိန်မှာ ဘုရင် သုဒ္ဓေါဒနက သူ့သားရှိတဲ့နေရာကို သံတမန် ၉ ဦးလွှတ်ပြီးတော့ ဘယ်လိုလေး မှာသလဲဆိုတော့ သိဒ္ဓတ္ထ သူနဲ့ခွဲသွားတာ၊ တောထွက်သွားတာ ၇ နှစ်ရှိတဲ့အချိန်ကို ဆရာနိုးရေးထားပုံလေးက သေဖို့ရာ ခွဲရက် ၇ နှစ်ပိုနီးလာသူ။ ဒီအတွင်း သင့်ကို အရှာမစဲခဲ့သူ သုဒ္ဓေါဒနမင်းကြီးက သင့်မျက်နှာမမြင်လိုက်ရဘဲ သေရမှာစိုးလို့ ထီးနန်းနဲ့ လွမ်းသူ့တိုင်းပြည်က ပြည်သူ့တွေဆီကို ရပ်လာဖို့ သားတော်ကို ပန်ရဲ့ တဲ့။ တကယ် ခံစားရတဲ့ စာစု လေးပါ။ ကျမကတော့ အဲဒီ အာရှတိုက်ရဲ့ အလင်းရောင်ကို ဆရာပြန်ပေးသွားတာတစ်ခုနဲ့တင် ဆရာအင်မတန် တာဝန်ကျေပြီးတော့ ဆရာ့ကို ကျမ အခု လွမ်းဆွတ်စွာ ရှိခိုးကန်တော့ပါတယ်"

maungtanoe1.jpg
စာရေးဆရာ၊ ကဗျာဆရာနဲ့ ဘာသာဗေဒပညာရှင် ဆရာကြီး မောင်သာနိုး။ (Photo: Citizen Journalist)

မောင်သာနိုးကို အဖ ဦးခင်မောင်ကလေး၊ အမိ ဒေါ်စံမြင့်တို့က ၁၉၃၂ ခုနှစ် မေလ ၆ ရက်နေ့မှာ စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့မှာ မွေးဖွားခဲ့ပါတယ်။ စစ်ကိုင်း အစိုးရအထက်တန်းကျောင်းနဲ့ မန္တလေးတက္ကသိုလ်တို့မှာ အင်္ဂလိပ် စာ၊ မြန်မာစာ၊ ပါဠိ၊ ခေတ်သစ်သမိုင်းပညာတို့ တက်ရောက်ခဲ့ပြီး ရန်ကုန်တက္ကသိုလ်ကနေ မြန်မာစာနဲ့ မဟာဝိဇ္ဇာ ဘွဲ့ ရရှိခဲ့ပါတယ်။ အထက်တန်းကျောင်းသားဘဝကတည်းကစပြီး စာရေးသားခဲ့ပြီး မန္တလေးတက္ကသိုလ် နှစ်လည်မဂ္ဂဇင်းမှာ အင်္ဂလိပ်စာအယ်ဒီတာအဖြစ်လည်း တာဝန်ယူခဲ့ပါတယ်။

မန္တလေးမြို့က လူထုသတင်းစာ၊ မန်းခေတ်သတင်းစာတွေမှာ အယ်ဒီတာအဖြစ် လုပ်ကိုင်ခဲ့ပြီး အထက်မြန်မာ နိုင်ငံ စာရေးဆရာအသင်းအမှုဆောင်အဖြစ်လည်း ထမ်းဆောင်ခဲ့ပါတယ်။

ဆရာမောင်သာနိုးဟာ အမေရိကန်ပြည်ထောင်စု အိုင်အိုဝါတက္ကသိုလ်မှာ နှစ်စဉ်ပြုလုပ်တဲ့ အပြည်ပြည်ဆိုင်ရာ စာပေအစီအစဉ်ကို ၂ဝဝ၄ ခုနှစ်မှာ တက်ရောက်ခဲ့ပါတယ်။ ၂၀၁၆ ခုနှစ် အမျိုးသားစာပေ တစ်သက်တာဆုကိုလည်း ဆရာကြီးမောင်သာနိုးကို ချီးမြှင့်ခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။