ကွယ်လွန်သူဆရာကြီးဒဂုန်တာရာ မွေးနေ့ရာပြည့်


2019.05.09
dagon-taryar-622 ဆရာကြီးဒဂုန်တာရာ။
Photo: RFA

ကွယ်လွန်သူ ကဗျာဆရာကြီး ဒဂုန်တာရာရဲ့ မွေးနေ့ရာပြည့် အထိမ်းအမှတ်အနေနဲ့ RFA ဝိုင်းတော်သား ကိုနေရိန်ကျော် တင်ပြထားပါတယ်။

~~~~~~~~~~~~~~~~~~~~~~

ကွယ်လွန်သူဆရာကြီးဒဂုန်တာရာ မွေးနေ့ရာပြည့်

( နေရိန်ကျော်)

■ မြန်မာ့ကဗျာနဲ့ စာပေလောကမှာ လူအများလေးစားကြည်ညိုခံရပြီး ဂုဏ်သိက္ခာရှိရှိနဲ့ ရှင်သန်နေထိုင်သွားခဲ့တဲ့ ကွယ်လွန်သူ ကဗျာဆရာကြီး ဒဂုန်တာရာကို မေလ ၁ဝ ရက်နေ့မှာ မွေးဖွားခဲ့တဲ့အတွက် ဒီနေ့ဟာ သူ့ရဲ့ မွေးနေ့ရာပြည့်ဖြစ်ပါတယ်။

အထက်အောက်မြန်မာပြည်တလွှားက ကဗျာဆရာ၊ စာရေးဆရာတွေကလဲ ဆရာကြီးဒဂုန်တာရာကို အောက်မေ့ တသတဲ့အနေနဲ့ သူ့အုတ်ဂူရှိရာ အောင်ပန်းမြို့မှာ ဒီနေ့ စုရုံးကြမှာ ဖြစ်ပါတယ်။

ဆရာကြီးဟာ အင်္ဂလိပ်ကိုလိုနီခေတ် လွတ်လပ်ရေး ကြိုးပမ်းမှုကာလမှာ ဗိုလ်ချုပ်အောင်ဆန်း၊ ကိုဗဟိန်း၊ သခင်သန်းထွန်း၊ ဗိုလ်လက်ျာ၊ ဦးဘဆွေ၊ ဦးကျော်ငြိမ်း စတဲ့ထင်ရှားတဲ့ ခေါင်းဆောင်တွေနဲ့ ခေတ်ပြိုင်ဖြစ်သလို၊ မြန်မာစာပေနဲ့ ကဗျာမှာ ကိုယ်ပိုင်ဟန်၊ ကိုယ်ပိုင် စကားလုံးတွေ တီထွင်သွားခဲ့တဲ့ အနုပညာရှင်လဲဖြစ်ပါတယ်။ သူဟာ ခေတ်ဟောင်း မြန်မာစာပေကနေ ခွဲထွက်ခဲ့ပြီး လေးလုံးစပ်ကဗျာရေးနည်းကို အောင်မြင်အောင် ဖန်တီးခဲ့သလို၊ ဝစ်လစ်စလစ် လမ်းမ၊ သူမ၊ ဝေါလ်ဒစ္စနေအပြာ စတဲ့ စကားလုံးအသစ်တွေလဲ ဖန်တီးခဲ့ပါတယ်။

အဲဒီအပြင် ပြည်တွင်းငြိမ်းချမ်းရေးလှုပ်ရှားမှုမှာပါခဲ့ပြီး၊ ပြည်တွင်းစစ်ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေးအတွက် ရေးသားပြောဆိုခဲ့သလို၊ ကျောင်းသားသမဂ္ဂတွေရဲ့ အခန်းကဏ္ဍ၊ တိုင်းရင်းသားပေါင်းစုံ အတူယှဉ်တွဲပြီး ချစ်ကြည်ငြိမ်းချမ်းနေထိုင်ရေးတို့ကို ကွယ်လွန်ချိန်အထိ ရပ်တည်ပြောဆိုသွားခဲ့ပြီး၊ မြန်မာ့အိမ်နီးချင်း တရုတ်နဲ့ ပတ်သက်လို့ သတိပေးခဲ့၊ ဧရာဝတီမြစ်ကိုလည်း ကာကွယ်ခဲ့ပါတယ်။

ဒါကြောင့် သူမကွယ်လွန်ခင် နှစ်ကာလတွေမှာ RFA နဲ့ သူပြောခဲ့တဲ့ စကားတချို့ကို အမှတ်တရပြန်ပြီး ထုတ်လွှင့်ပေးပါရစေ။ သူဟာ နယ်ချဲ့ဆန့်ကျင်ရေးနဲ့ မြန်မာပြည် လွတ်လပ်ရေးကြိုးပမ်းမှုကာလမှာ ကျောင်းသားဘဝနဲ့ ဖြတ်သန်းခဲ့ပြီး၊ လက်ဝဲဝါဒီ ခေါင်းဆောင်တွေနဲ့ အလွန်ရင်းနှီးသူ ဖြစ်တဲ့အတွက် သူ့ကိုလည်း လက်ဝဲယိမ်းသူတယောက်အဖြစ် ထင်မြင်ကြပါတယ်။

လက်ဝဲသမားတွေကို အနီလို့ ပြောကြတဲ့အတွက် သူ့ကို အနီလောက်လဲ မပြင်းထန်တဲ့သူလို့ သတ်မှတ်ပြီး ပန်းနုရောင်လို့ တင်စားခဲ့ကြတာ ရှိပါတယ်။ ဒီလိုတင်စားခံခဲ့ရတာနဲ့ပတ်သက်လို့ ဆရာ့ကိုမေးကြည့်တဲ့အခါ ...

“လူတွေကထင်နေတာ ကျနော့်ကို ကွန်မြူနစ်အောက်ဝင်တယ်။ မဟုတ်ဘူး။ ဘာမှမဟုတ်ဘူး။ အမှန်က ကျနော်က ပန်းနုရောင်ဆိုတာ နုတယ်လေ။ အနီတော့အနီပဲ။ ဒါကိုကျနော်က မရှင်းဘူး။ ဘယ်တော့မှမရှင်းဘူး”

ကျောင်းသားသမဂ္ဂတွေနဲ့ ပတ်သက်တဲ့ သူ့သဘောထားကိုလည်း အခုလို ပြောပြပါတယ်။

“ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂကို ပြန်ပြီး ဖွဲ့စည်းစေချင်တယ်။ အဲတာကောင်းတဲ့ဟာဗျ။ ကျောင်းသား သမဂ္ဂတွေ အသစ်ပြန်ဖွဲ့ဖို့တွေက တော်တော်အရေးကြီးတယ်ဗျ။ အဲဒါ ကျောင်းသားထုအတွက် အရေးကြီးတာပေါ့ဗျာ။ ဟိုတုန်းကတော့ ၁၉၃၆ လား။ ဖွဲ့ခဲ့တာ၊ ဂျူပလီဟောမှာ လုပ်တာလေ။”

လူတွေ စာဖတ်ကြဖို့၊ စာပေကို ချစ်မြတ်နိုးကြဖို့ကိုလည်း ဆရာကြီးဒဂုန်တာရာက အခုလိုပြောပါတယ်။

“စာချစ်တာ ကျနော်က ကြိုက်တယ်။ အဲတာကောင်းတဲ့ အလုပ်ပဲ။ ကောင်းတဲ့အလုပ်ကို ဆက်လုပ်ပါ။ လူငယ်တွေ လုပ်ရင် အောင်မြင်ရမယ်ဗျ။”

အိမ်နီးချင်း တရုတ်နိုင်ငံနဲ့ ပတ်သက်လို့လည်း ဆရာကြီး ဒဂုန်တာရာက အခုလိုပြောဆိုခဲ့ပါတယ်။

“တရုတ် ကြောက်ရတယ်ဗျ။ ရေကာတာ ၇ ခု တည်ဆောက်မယ်ဆိုတာ ကျနော်တို့ တိုင်းပြည်ထဲကဟာတွေ။ သူတို့ကတော့ ဝယ်နိုင်တာပေါ့ဗျာ။ ပိုက်ဆံရှိတယ်။ လူလည်းများတယ်။ ကမ္ဘာမှာ အများဆုံးလူဦးရေရှိတဲ့ တိုင်းပြည်ပဲ။ အခုကြည့် စစ်အစိုးရက သိပ်နားမလည်ဘူး။ တရုတ်ခိုင်းတာ လုပ်နေတာပဲ။ ကျနော်လည်း အတိအလင်း ပြောချင်တယ်။ ခင်ဗျားတို့က သတင်းထောက်ဆိုတော့ ပြောရမယ်လေ။ တရုတ်လုပ်တာကို စောင့်ကြည့်။ တရုတ်က လူညံ့မဟုတ်ဘူး။ အစိုးရနဲ့ စာချုပ်တဲ့အခါ သေချာဖတ်ရမယ်။ ”

ဧရာဝတီမြစ်ဆုံစီမံကိန်းနဲ့ ပတ်သက်လို့ ဆရာကြီး ဒဂုန်တာရာရဲ့ သဘောထားကိုမေးကြည့်ပါတယ်။

“ ဧရာဝတီအရေးက ကျနော်တို့ရဲ့အရေးပဲ။ တရုတ်ဘာမှ နှောင့်ယှက်စရာလည်း မလိုဘူး။ ဧရာဝတီကို ပြောရင် ကျနော် မကြိုက်ဘူး။ ကျနော်က ဧရာဝတီကို ချစ်တယ်ဗျာ။ ရှင်းရှင်းပဲ။”

စစ်အာဏာသိမ်းတဲ့ လုပ်ရပ်နဲ့ ပတ်သက်လို့လည်း ဆရာကြီးက သူ့သဘောထားကို အခုလိုပြောပါတယ်။

“စစ်သားတွေကလည်း လက်နက်အားကိုးစိတ်က ရှိသင့်တာထက်ပိုများတယ်။ ကျနော်မကြိုက်ဘူး။ အာဏာသိမ်းတာလည်း ကျနော်မကြိုက်ဘူး။ အာဏာသိမ်းတာ လက်နက်အားကိုးပဲ။ လက်နက်သာတဲ့ သူကနိုင်တာများတယ်။”

ဆရာကြီးဟာ မကွယ်လွန်ခင်နှစ်တွေမှာတော့ “ နိုင်ငံရေးဆိုတာ ရန်သူကို မိတ်ဆွေလုပ်ရတာ။ ရန်သူမရှိ၊ မိတ်ဆွေသာရှိ။” ဆိုတဲ့ အယူအဆကို တစိုက်မတ်မတ် ပြောဆိုသွားခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။