ဗိုင်းရပ်စ်ဗီဇသစ်နဲ့ မြန်မာလူထု
2020.12.21
ကမ္ဘာအနှံ့ လက်ရှိဖြစ်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ်စ်ဟာ ဗီဇပြောင်းလဲမှုဖြစ်ပွားပြီး ပိုမိုလျှင်မြန်စွာ ကူးစက်နိုင်တဲ့အတွက် ပြည်သူလူထုအနေနဲ့ ကာကွယ်ရေး စည်းကမ်းတွေကို ပိုမိုလိုက်နာကြဖို့ မြန်မာအစိုးရ ကျန်းမာရေးဌာနက ဒီဇင်ဘာ ၂၁ ရက် မနေ့က ကြေညာချက်ထုတ်ပြန် တိုက်တွန်းခဲ့ပါတယ်။
ဗြိတိန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ဗီဇပြောင်းလဲမှုကြောင့် လူတွေကို ပိုမိုမြန်ဆန်စွာ ကူးစက်နေတဲ့အတွက် ကမ္ဘာတခုလုံးက ကာကွယ်မှုတွေကို တိုးမြှင့်နေရပါတယ်။ အဲဒီ ဗီဇပြောင်းဗိုင်းရပ်စ်နဲ့ ပတ်သက်ပြီး ရန်ကုန်မြို့ရှိ ဆရာဝန်ကြီး ဒေါက်တာ ရဲမရ ကို ရှင်းပြပေးဖို့ RFA က မေတ္တာရပ်ခံခဲ့ရာမှာ-
“ကျနော်တို့ ဒုတိယလှိုင်းဖြစ်တဲ့အခါ ကူးစက်တာ အရမ်းမြန်တယ်။ ၅ ဆ ကနေ ၁ဝ ဆ လောက် မြန်တယ်လို့ ပြောတယ်။ အဲဒါကတော့ D 614G လို့ခေါ်တယ်။ ဒါက ကျနော်တို့ဆီမှာရှိပြီးသား အခု UK မှာဖြစ်နေတာက B1117 mutation ဆိုတာ Strain ပေါ့နော် သူကတော့ ၇ဝ ရာခိုင်နှုန်း လောက် ကူးစက်တာပိုမြန်တယ်။ ဒါပေမဲ့ အဲဒီဗိုင်းရပ်စ်ထဲမှာ Mutation က တခုမကဘူး အများကြီးဘဲ ၁၇ နေရာလောက်မှာ Mutation ဖြစ်နေတယ်။ သူတို့က ဒီဟာက ပိုဆိုးတယ်လို့တော့ မပြောဘူး၊ ပိုပြီးကူးစက်တာမြန်တယ်လို့ ပြောတယ်ပေါ့နော်။ ဗိုင်းရပ်စ်ဆိုတာ အမြဲတမ်း Mutate လုပ်တယ် ဒါပေမဲ့ Mutation လုပ်တဲ့နှုန်းပေါ့နော် တကောင်နဲ့တကောင် မတူဘူး။ ကူးစက်မှုနှုန်းမြန်တယ်ဆိုတော့ ကိုယ်ခန္ဓာ ထဲ ဝင်တဲ့အခါကျရင် သဘောက အကောင် တရာ ဝင်မဲ့အစား ကောင် ၅ဝဝ လွယ်လွယ်ကူကူဝင်နိုင်သွားတယ်။ Original Virus နဲ့ ယှဉ်လိုက်ရင် တကောင်ချင်း တကောင်ချင်းက ပိုဆိုးတာမဟုတ်ဘူး။ ဒါပေမဲ့ သူက ကူးစက်မှုလွယ်တဲ့ အတွက်ကြောင့် လူတယောက်မှာ ကောင်ရေ အများကြီး ပိုဝင်လာနိုင်တယ်။ ကောင်ရေ များလေလေ ရောဂါ နည်းနည်းလေး ပိုပြင်းထန်တယ် အဲဒီသဘောရှိတယ်။”
လူထုအနေနဲ့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်တွေကို အလေးအနက်ထားဖို့ လိုတယ်လို့လည်း သူက ပြောပါတယ်။
“စကားပြောတဲ့အခါ နည်းနည်းကြီးတဲ့ အမှုန်တွေက စားပွဲပေါ်ကျသွားတယ် ကြမ်းပေါ်ကျသွားတယ်။ စကားပြောရင် ၃ ပေ ရှိတဲ့လူထဲ ဝင်သွားတယ်။ ဒါပေမဲ့ အသေးဆုံးအမှုန်လေးတွေက လေထဲမှာ ဥပမာ ၁ဝ မိနစ် ၁၅ မိနစ် ကျန်ခဲ့တယ်ပေါ့နော်။ အဲဒီဟာကို ကိုယ်က ရှုမိနိုင်တယ်။ Airborne ဆိုတာလေ အလုံပိတ်အခန်းတွေမှာ ကူးစက်တာပိုများတယ်။ ဒါကြောင့် ကျနော်တို့က Taxi စီးရင် မှန်ဖွင့်စီးတယ်။ Air Con Taxi ဆိုတော့ ကူးကြတယ်လေ။ Airborne ဆိုပေမဲ့ လက်ကနေကူးတာတို့ ပစ္စည်းတခုခု ကိုင်မိပြီး ကူးတာတို့။ အဓိကတော့ တိုက်ရိုက်ကူးနေတာ။ ၆ ပေအတွင်းမှာ ဟိုဘက်ကလူက စကားပြောတယ်၊ နှာချေတယ်၊ ချောင်းဆိုးတယ်၊ အသံကျယ်ကျယ် စကားပြောတယ် သူ့ပါးစပ်ထဲကထွက်တဲ့ အမှုန်တွေ ကိုယ့်ထဲလဲ ဝင်လာတယ်။ ဒါကြောင့် Mask ဝတ်ရင် ကိုယ်တယောက်ထဲ ဝတ်ရုံနဲ့ မလုံလောက်ဘူး။ လူတိုင်းဝတ်မှ လုံလောက်တာ ။ ကျနော်တို့ Mask က ၁ဝဝ ရာခိုင်နှုန်း ကာကွယ်နိုင်တာမဟုတ်ဘူး။ လျှော့ချနိုင်တဲ့ သဘောရှိတယ်။ အဲဒါလဲ သိပ်အရေးကြီးတယ်။ ဟိုဘက်ကလဲ လျှော့ချ ကိုယ်ကလဲ လျှော့ချမှ လုံမှာလေ။ ပြဿနာက ဈေးတွေထဲမှာ အရမ်းပြဿနာတက်တယ်။ ဈေးကနေရာကလဲ ကျဉ်းတယ်။ လူတယောက် နဲ့တယောက် Social distancing လုပ်ဖို့က မလွယ်ဘူးလေ။ မလွယ်တဲ့အပြင် ဈေးသည်ကလဲ ကြာလာတော့ Mask ကို မေးစေ့မှာ ချိတ်ပြီးပေါ့နော် အထူးသဖြင့် ကျနော်တို့တွေ့နေတာ အဖိုးကြီး အဖွားကြီး ဘယ်မှလဲ မသွားဘူး အသက် ၇ဝ ကျော် ၈ဝ တွေ အိမ်မှာနေတာလဲ အခုအကုန် ရောဂါဖြစ်ကြတယ်။ လူငယ်တွေ အပြင်ကနေ ပြန်လာရင် ပါလာတာတွေပေါ့နော်။”
ရန်ကုန်မြို့ရှိ အဘိဓမ္မရတနာဃရ ကိုဗစ်သံဃာ့ဆေးရုံက စေတနာ့ဝန်ထမ်းတဦးဖြစ်တဲ့ ၈၈ မျိုးဆက်ကျောင်းသူ ခေါင်းဆောင် မနီလာသိန်းကလည်း ကျန်းမာရေးဝန်ထမ်းတွေ အားလုံး နားရက်မရှိ လုပ်နေကြပေမယ့် လူထုရဲ့ ပူးပေါင်းမှု မရရင် လုပ်ငန်းတွေအားလုံး ပြိုလဲသွားနိုင်တယ်လို့ ပြောပါတယ်။
“ကျမတို့ မနက် ၅ နာရီကနေ ည ၆ နာရီ ၇ နာရီအထိပေါ့နော် ဒီကြားထဲမှာ အခါအားလျော်စွာ ဆေးရုံကို လွှဲပြောင်းရတဲ့ ဆရာတော်မျိုး၊ ဆေးရုံကြီး ဓာတ်မှန်ထွက်ရိုက်တဲ့ ဆရာတော်မျိုး ညဘက်မှရောက်လာတာ အဝေးကလာတဲ့ သံဃာဆိုရင် ကျမတို့ည ၉ နာရီ ၁ဝ နာရီအထိ လုပ်ဆောင်ပေးရတာတွေ ရှိပါတယ်။ ကျမတို့ Center မှာဆိုရင် အိမ်မပြန်ဘဲနဲ့ ဆရာဝန်တွေ ဆရာမတွေ ၂၄ နာရီပေါ့နော် စေတနာ့ဝန်ထမ်းတွေ အားလုံးကလဲ အတူလုပ်ဆောင်နေတယ်။ အပြင်ဘက်မှာရှိတဲ့ သူတွေကလဲ ဒီလူတွေရဲ့ လုပ်ဆောင်မှုကို ပြန်ငဲ့ညှာသင့်တယ်။ အဲလိုမှ မရှိဘူးဆိုရင် ဘယ်လောက်ဘဲ ရှေ့တန်းကို လူတွေ တိုးပြီးလုပ်ပေးလုပ်ပေး ဒီဟာက လဲပြိုသွားနိုင်တယ်”
လူထုအနေနဲ့ မလိုအပ်ပဲ အပြင်ထွက်မှုကို ရှောင်ကြဉ်ဖို့ ကျန်းမာရေးဝန်ထမ်းတွေက ထပ်တလဲလဲ သတိပေးနေပေမယ့် ရန်ကုန်မြို့အပါအဝင် နေရာဒေသတချို့က စားသောက်ဆိုင်တွေ အပန်းဖြေရာနေရာတွေမှာ စည်းကမ်းမဲ့ သွားလာစားသောက်မှုတွေ ရှိနေဆဲ ဖြစ်ပါတယ်။