မြန်မာမှာ သတင်းသမားတွေ ဖိနှိပ်ခံရမှု တရုတ်ပြည်ထက် ပိုမိုဆိုးရွား
2022.10.13

မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ စစ်တပ်အာဏာသိမ်းခဲ့ချိန်ကစပြီး နိုင်ငံတွင်းက စာနယ်ဇင်းသမားတွေကို ဖမ်းဆီးအကျဉ်းချနေရာမှာ အခြေအနေတွေဟာ တရုတ်ပြည်မှာထက် ပိုမိုဆိုးရွားလာနေကြောင်း ဒီပလိုမက် မဂ္ဂဇင်းက ဖော်ပြပါတယ်။
လက်ရှိဆိုးရွားနေတဲ့အခြေအနေမှာတောင် ပြီးခဲ့တဲ့သီတင်းပတ်က မြန်မာ့စာနယ်ဇင်းလွတ်လပ်ခွင့် အထူးဆိုးရွားတဲ့အခြေအနေနဲ့ ကြုံခဲ့ရပါတယ်။
ဗုဒ္ဓဟူးနေ့က ဂျပန်မှတ်တမ်းရုပ်ရှင်သမား တိုရူကူဘိုတာကို လူဝင်မှုဆိုင်ရာဥပဒေချိုးဖောက်မှုနဲ့ နောက်ထပ် ထောင်ဒဏ်သုံးနှစ် ထပ်မံချမှတ်ခဲ့ပါတယ်။ အသက် ၂၆ နှစ်အရွယ် တိုရူကူဘိုတာကို ဇူလိုင်လ ၃၀ ရက်နေ့က ဖမ်းဆီးခဲ့တာပါ။
ရန်ကုန်မြို့မှာ ၂၀၂၁ ခုနှစ် စစ်တပ် အာဏာသိမ်းမှု ဆန့်ကျင်တဲ့ ဆန္ဒပြပွဲ အသေးစားတခုကို ဓာတ်ပုံနဲ့ ဗီဒီယိုရိုက်ယူခဲ့ပြီးတဲ့နောက် ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်ကတော့ သူ့ကို နိုင်ငံတော်အကြည်ညိုပျက်အောင် ဆောင်ရွက်မှုနဲ့ ထောင်ဒဏ် သုံးနှစ်၊ ဆက်သွယ်ရေးဥပဒေ ချိုးဖောက်မှုနဲ့ ထောင်ဒဏ် ခုနစ်နှစ်၊ စုစုပေါင်း ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခဲ့ပါတယ်။
ဒါပေမဲ့ ဂျပန်မှတ်တမ်းရုပ်ရှင်သမား တိုရူကူဘိုတာအနေနဲ့ တခြားနိုင်ငံခြားသတင်းထောက်တွေလိုပဲ ဖမ်းဆီးထိန်းသိမ်းခံရတာကနေ လွတ်မြောက်နိုင်ခြေ နိုင်ငံကနေ နှင်ထုတ်ခံရနိုင်ခြေရှိနေပေမယ့် မြန်မာသတင်းသမားတွေအတွက်ကတော့ အဲဒီလို အခြေအနေမရှိပါဘူး။
အဲဒီထဲမှာ ထင်ရှားတဲ့ သတင်းထောက်လည်းဖြစ် ပြည်တွင်းပြည်ပ သတင်းဝေဖန်သူလည်းဖြစ်တဲ့ ဦးစည်သူအောင်မြင့်ကို အောက်တိုဘာလ ၇ ရက်က သတင်းမှားဖြန့်မှု ပုဒ်မ ၅ဝ၅ (ခ)နဲ့ ထောင်ဒဏ် သုံးနှစ် ချမှတ်ခံခဲ့ရပါတယ်။
ပြီးခဲ့တဲ့လကလည်း အလွတ်သတင်းထောက် ဒေါ်ထက်ထက်ခိုင်ကို ပုဒ်မ ၅ဝ၅ (က)နဲ့ တရားစွဲဆိုပြီး အလုပ်နဲ့ထောင်ဒဏ်သုံးနှစ်အပြင် မတရားသင်းဆက်သွယ်မှုနဲ့သီးသန့်ကြားနာပြီး နောက်ထပ် ထောင်ဒဏ်သုံးနှစ် ချမှတ်ခဲ့ပါတယ်။ ဒါတွေဟာ ပြည်တွင်းမှာ သတင်းလုပ်ငန်းအခြေအနေ ဘယ်လောက် ခက်ခဲကျပ်တည်းလာနေသလဲဆိုတာ ပြသနေပါတယ်။
မြန်မာနိုင်ငံမှာ ၂၀၁၀ ပြည့်နှစ်တွေအတွင်း နိုင်ငံရေး စီးပွားရေး အခြေအနေတွေ ပွင့်လင်းလာခဲ့ပေမယ့် စစ်တပ်အာဏာသိမ်းပြီးကတည်းက အသက်ဝင် လတ်ဆတ်တဲ့ သတင်းရပ်ဝန်းအခြေအနေကို စစ်တပ်က ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးခဲ့တာပါ။ ဒါ့ပြင် မြန်မာနိုင်ငံရဲ့လက်ရှိပကတိ အခြေအနေတွေကိုလည်း နိုင်ငံတကာသတင်းထောက်တွေ သတင်းမရယူနိုင်အောင် ပိတ်ပင်တားဆီးဖို့ ကြိုးစားနေတာပါ။
အဲဒီထဲမှာ ပြည်တွင်းသတင်းထောက်တွေကို ထိန်းချုပ်ဖို့ ဥပဒေ ပုဒ်မ ၅၀၅ (ခ) ကို ချမှတ်ထုတ်ပြန်ခဲ့တာလည်း ပါဝင်ပါတယ်။ အဲဒီပုဒ်မဟာ သားရေကြိုးလိုပဲ လိုသလိုဆွဲဆန့်နိုင်ပြီး၊ ကျုံ့နိုင် ရှုံ့နိုင်အောင် ဖန်တီးတာတာဖြစ်ပါတယ်။ မလိုရင် မလိုသလို သတင်းမှားတွေအဖြစ် သတ်မှတ်အရေးယူတာတွေလည်း ရှိနေတာပါ။
နိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးကတည်းက သတင်းသမား ၁၄၂ ဦးဖမ်းဆီး ထိန်းသိမ်းခံခဲ့ရပြီး သတင်းမီဒီယာဆိုင်ရာ ဝန်ထမ်း ၅၂ ဦး ဝန်းကျင် အကျဉ်းထောင်တွေထဲမှာ ရှိနေကြဆဲဖြစ်ပါတယ်။
ဒါ့ပြင် တရုတ်ပြည်တွင်းမှာ ထိန်းသိမ်းခံနေရတဲ့ သတင်းသမား ၆ ဦး ကျော်ရှိမယ်လို့လည်း ယုံကြည်ရတဲ့ သတင်းရင်းမြစ်တွေက ဆိုပါတယ်။ အနည်းဆုံး သတင်းမီဒီယာ ၁၂ ခု အဓမ္မပိတ်ပင်ခံခဲ့ရပြီး ရာနဲ့ချီတဲ့ မီဒီယာသမားတွေ နိုင်ငံပြင်ပရောက်သွားခဲ့ကြရပါတယ်။ ဒါပေမဲ့ ၂၀၁၁ ခုနှစ် မတိုင်ခင်အထိ ပြည်ပရောက်သတင်းသမားတွေ နိုင်ငံရဲ့အခြေအနေတွေကို သတင်းတွေနဲ့ ဆက်လက်တင်ပြနေခဲ့ကြဆဲဖြစ်ပါတယ်။

ဒါပေမဲ့ အခုအခါ မြန်မာပြည်တွင်းမှာ သတင်းအလုပ်လုပ်ရတဲ့အခြေအနေဟာ သတင်းထောက်ရှားပါးလာနေတဲ့ အနေအထားနဲ့ ရင်ဆိုင်နေရကြောင်း အသက် ၂၀ နဲ့ ၃၀ ကြား သတင်းသမားတွေ လိုအပ်နေကြောင်း နယူးယောက်တိုင်း သတင်းစာက ဖော်ပြပါတယ်။ ဒါ့ပြင် သတင်းလုပ်ငန်းကို စွန့်စားဆောင်ရွက်နေရပြီး၊ သတင်းထောက်တွေ နှိပ်စက်ညှဉ်းပန်းခံရတာ၊ စစ်တပ်က ထိန်းသိမ်းထားစဉ်အတွင်း လိင်ပိုင်းဆိုင်ရာအနိုင်ကျင့်ခံရတာတွေလည်း ပေါ်ပေါက်ခဲ့ကြောင်း ဒီပလိုမက်သတင်း က ဖော်ပြပါတယ်။
သတင်းသမားများကာကွယ်စောင့်ရှောက်ရေးကော်မတီ CPJ ကလည်း - မြန်မာစစ်တပ်ဟာ လွတ်လပ်တဲ့သတင်းမီဒီယာကို ထိထိရောက်ရောက် ဖိနှိပ်ပြီး မလှုပ်နိုင်အောင်ချုပ်ကိုင်ဖို့ အားထုတ်နေပြီး ၂၀၁၁ ခုနှစ်က အခြေအနေမျိုးဆီ ပြန်ရောက်အောင် နောက်ပြန် ဦးလှည့်ဖို့ ကြိုးပမ်းနေကြောင်း ပြောဆိုလိုက်ပါတယ်။