အိုးဘိုထောင်မှာ နိုင်ငံရေးအကျဉ်းသားတွေ နှိပ်စက်ခံနေရ

RFA Burmese
2024.01.17
အိုးဘိုထောင်မှာ နိုင်ငံရေးအကျဉ်းသားတွေ နှိပ်စက်ခံနေရ မန္တလေးမြို့၊ အိုးဘိုအကျဉ်းထောင်ကို ၂၀၂၀ ခုနှစ်၊ ဧပြီလ ၁၇ ရက်နေ့က တွေ့ရစဉ်။
Photo: RFA

မန္တလေး အိုးဘိုထောင်မှာ နိုင်ငံရေးအကျဉ်းသားတွေ သေလုမျောပါး ရိုက်နှက်ခံနေရပြီး၊ တချို့အကျဉ်းသားတွေ နှစ်နှစ်နီးပါး ကြာတဲ့အထိ သံခြေချင်းခတ် တိုက်ပိတ်ခံထားရတယ် လို့ မိသားစုဝင်တွေက ပြောပါတယ်။

ဇန်နဝါရီလ ၈ ရက်နေ့က အကျဉ်းသားချင်း စကားများတဲ့ကိစ္စနဲ့ ပတ်သက်ပြီး နိုင်ငံရေးအကျဉ်းသား ကိုခိုင်မြဲသူကို ထောင်ဝန်ထမ်းတွေနဲ့ နှစ်ကြီး ရာဇဝတ်အကျဉ်းသားတွေက ဝိုင်းရိုက်တာကြောင့် ထောင်ဆေးရုံမှာ အရေးပေါ် လူနာအဖြစ် တင်လိုက်ရတယ်လို့ အိုးဘိုထောင်နဲ့ နီးစပ်တဲ့ နိုင်ငံရေးအကျဉ်းသား မိသားစုဝင်တွေက ပြောပါ တယ်။

ကိုခိုင်မြဲသူဟာ ကချင်လွတ်လပ်ရေးတပ်မတော် KIA၊ တပ်ရင်း (၁၀)၊ တပ်မဟာ (၄) က တပ်သားတစ်ဦးဖြစ်ပြီး စကားများမှုကြောင့် နေရာမှာတင် ဝိုင်းဝန်းရိုက်နှက်တဲ့အပြင် သံခြေချင်းခတ်ပြီး အခန်းပြောင်းရာမှာလည်း ဦးခေါင်းနဲ့ ခန္ဓာကိုယ်တစ်ခုလုံးကို နာရီပေါင်းများစွာ ပြင်းပြင်းထန်ထန် ထပ်မံရိုက်နှက်ခဲ့တယ်လို့ ပြောပါတယ်။

အိုးဘိုထောင်က နောက်ထပ် နိုင်ငံရေးအကျဉ်းသားတွေဖြစ်တဲ့ ကိုအောင်မြင်ဝေ၊ ကိုမျိုးမြန်မာ၊ ကိုသူရ၊ ကိုမျိုးဇာခြည်၊ ကိုမျိုးမြတ်ထိုက်၊ ကိုကျော်ရဲအောင်နဲ့ ကိုပီလီတို့ ခုနစ်ဦးဟာလည်း ထောင်တွင်းရိုက်နှက်ခံရမှု ကြောင့် ထောင်ဆေးရုံကို တင်ထားရပေမဲ့ ဆေးရုံရဲ့ သီးသန့်တိုက်ခန်းတွေထဲမှာ သံခြေချင်းခတ်ပြီး နှိပ်စက်ခံထားရတာ နှစ်နှစ်နီးပါးရှိလာပြီလို့ ဆိုပါတယ်။

ဒီကိစ္စတွေနဲ့ ပတ်သက်ပြီး အကျဉ်းဦးစီးဌာန ပြောရေးဆိုခွင့်ရှိသူ ဦးနိုင်ဝင်းကို RFA က ဒီနေ့ တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် ဖုန်းမကိုင်ပါဘူး။

အိုးဘိုထောင်ကိုပြောင်းလာတဲ့ အကျဉ်းသားတွေကို ထောင်အာဏာပိုင်တွေက အကြောင်းပြချက်မရှိဘဲ ရောက်ရောက်ချင်းမှာပဲ ဆေးရုံတင်ရတဲ့အထိ ရိုက်နှက်လေ့ ရှိတယ်လို့ လုံခြုံရေးအရအမည်မဖော်လိုတဲ့ နိုင်ငံရေးအကျဉ်းသား မိသားစုဝင်တစ်ဦးက ပြောပါတယ်။

“ထောင်ပြောင်းပေါ့နော်၊ ရောက်လာတဲ့အချိန်မှာ သူတို့လည်း ပိုးဆိုးပက်စက်ကို အရိုက်ခံရလို့ ဆေးရုံရောက်တဲ့သူ ရောက်။ ဒါပေမဲ့ သူတို့မိဘတွေ စိုးရိမ်မှာစိုးလို့ မပြောတာ။ ကျွန်တော့်ကိုတော့ အကုန်ပြောပြပါတယ်။ သူတို့ထောင်ပြောင်းတွေ ရောက်လာပြီဆိုရင် ထောင်မကြီးမှာရိုက်တာ အဲဒီကလေးတွေဆို တအားခံရတာ ဆေးရုံတောင် ရောက်တယ်။ အကုန်ရိုက်တာ။ စည်းကမ်းထိန်းသိမ်းရေး (စကထ) ရော၊ နောက်နှစ်ကြီးကျတာတွေရော၊ နောက် ထောင်ဝန်ထမ်းတွေရော ဝိုင်းရိုက်တာ"

အခုလဆန်းပိုင်းကမှ အိုးဘိုထောင်ကနေ ပြန်လွတ်လာတဲ့ နိုင်ငံရေးအကျဉ်းသားတစ်ဦးကလည်း သူအကျဉ်းကျနေစဉ် နိုင်ငံရေးအကျဉ်းသားတွေကို ဆိုးဆိုးရွားရွား ရိုက်နှက်တာတွေကို ကိုယ်တိုင်မြင်တွေ့ခဲ့ရတယ်လို့ ပြောပါတယ်။

"ကျွန်တော်ကြုံတွေ့ခဲ့ရတာ တော်တော်ဆိုးဆိုးရွားရွား ၂၀၂၂ ခုနှစ်၊ ၉ လ ၉ ရက်မှာ အခန်းတွေမှာ ပြဿနာဖြစ်တယ်။ ဖြစ်တဲ့အခါကျတော့ နိုင်ငံရေးအကျဉ်းသားတွေကို အကုန်လုံး အရင်က နာမည်ပေါက်ထားတဲ့သူတွေရော ထုတ်လာပြီးတော့ အကုန်ရိုက်တာ။ သူတို့ နိုင်ငံရေးလုပ်နေတယ်လို့ သိတဲ့သူတွေ အကုန်ဆွဲထုတ်တယ်။ ကျွန်တော်တို့ အပေါက်ထွက်ပြီဆိုတာနဲ့ တစ်လျှောက်လုံးထိုးတယ်၊ ရိုက်တယ်၊ အကုန်လုံးသွေးတွေလည်း အပြင်မှာ ဖွာလန်ကြဲနေတာပဲ။ လက်ကျိုးတဲ့သူ ကျိုး၊ သွားကျိုးတဲ့သူ ကျိုး အကုန်လုံး အဲဒီတုန်းကတော့ တော်တော်စုတ်စုတ်ပြတ်ပြတ် ခံလိုက်ရတာပေါ့"

မန္တလေးမြို့၊ အိုးဘိုအကျဉ်းထောင်ဝန်ထမ်းအချို့အား ၂၀၂၀ ခုနှစ်၊ ဧပြီလ ၁၇ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)
မန္တလေးမြို့၊ အိုးဘိုအကျဉ်းထောင်ဝန်ထမ်းအချို့အား ၂၀၂၀ ခုနှစ်၊ ဧပြီလ ၁၇ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)

အိုးဘိုထောင်မှာသာမက ထောင်ဆေးရုံမှာလည်း ဆေးဝါးလုံလောက်မှု မရှိတာကြောင့် အကျဉ်းသားတွေရဲ့ ကျန်းမာရေးအတွက် စိုးရိမ်မိတယ်လို့ သူက ပြောပါတယ်။

ဒီလို ဥပဒေမဲ့ ရိုက်နှက်မှုတွေအတွက် တာဝန်ရှိသူတွေကို ထိထိရောက်ရောက် အရေးယူ အပြစ်ပေးစေချင်တယ်လို့ အိုးဘိုထောင်နဲ့နီးစပ်တဲ့ နိုင်ငံရေးအကျဉ်းသား မိသားစုဝင် တစ်ဦးက ပြောပါတယ်။

"ပထမတုန်းကလည်း အဲဒီလိုမျိုး (တိုင်စာ) ပို့ဖူးတယ်ပေါ့နော်။ အဲဒီတုန်းကလည်း အထဲကို လာစစ်တာတွေက မထိရောက်ဘူးပေါ့။ စစ်တော့စစ်တယ်။ ဒါပေမဲ့ သူတို့အချင်းချင်းတွေပဲ လုပ်သွားကြတယ်လို့ ပြောတယ်ရှင့်။ စိတ်မကောင်းဖြစ်တာပေါ့။ လူသားချင်း အရမ်းကြီး အဲဒီလောက်ကြီးထိ လုပ်တာတော့ လွန်လွန်းတယ်လို့ ခံစားရတယ်ပေါ့နော်။ အရေးယူပေးပါလို့"

အိုးဘိုထောင်တွင်း နှိပ်စက်ညှဉ်းပန်းမှုတွေအတွက် စစ်ကောင်စီရဲ့ ပြည်ထဲရေးဝန်ကြီးဌာန၊ နေပြည်တော် အကျဉ်းဦးစီးဌာနနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG အပါအဝင် နိုင်ငံရေးအကျဉ်းသားအရေး ကူညီဆောင်ရွက်ပေးနေတဲ့ အဖွဲ့အစည်းအားလုံးကို တိုင်စာပို့ထားတယ်လို့ သူက ပြောပါတယ်။

NUG လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်း က တိုင်ကြားစာကို လက်ခံရရှိထားပြီး ကျူးလွန်သူတွေကို ထိုက်တန်တဲ့ အရေးယူမှုဖြစ်လာ‌အောင် ကြိုးပမ်းသွားမယ်လို့ RFA က ပြောပါတယ်။

"ကျူးလွန်ခဲ့တဲ့ အမှုတွေအားလုံးက ကျူးလွန်ခဲ့တဲ့သူတွေ ဒါကို အားပေးအားမြှောက် ပြုလုပ်ခဲ့တဲ့သူတွေအားလုံး တစ်ချိန်ချိန်ကျရင် သူတို့ရဲ့လုပ်ဆောင်မှုတွေအားလုံး အတွက် ထိုက်တန်တဲ့ တရားစီရင်မှုရရှိဖို့အတွက် ဆက်လက်ကြိုးပမ်းပါမယ်။ အချက်အလက်တွေကလည်း အရေးကြီးပါတယ်။ ဒါတွေနဲ့ ပတ်သက်ပြီး တိုင်စာ ရရှိထားတဲ့အတွက် ပေးပို့တဲ့သူတွေကိုလည်း ကျွန်တော်တို့ ကျေးဇူးတင်ပါတယ်။ ပေးပို့ရုံတင်မကဘဲနဲ့ ဒီအချက်တွေကို ကျွန်တော်တို့ တရားဥပဒေအရ ဆက်လက် လုပ်ဆောာင်သွားပါ့မယ်"

အိုးဘိုထောင်မှာ ထောင်အာဏာပိုင်တွေက နိုင်ငံရေးအကျဉ်းသားတွေကို အကျဉ်းထောင်ဝန်ထမ်းတွေနဲ့ နှစ်ကြီးရာဇဝတ်သားတွေ နှိပ်စက်ညှဉ်းပန်းနိုင်အောင် ရည်ရွယ်ချက်ရှိရှိ ခွင့်ပြုပေးထားတာလို့ နိုင်ငံရေးအကျဉ်းသား မိသားစုဝင်တွေက ပြောပါတယ်။

"သူတို့ဖိနှိပ်ထားတာတွေ၊ သတင်းတွေ မရောက်အောင်လို့ ရှေ့နေတွေကြားထဲမှာလည်း ဝန်ထမ်းတွေ၊ စောင့်ကြပ်တာတွေ၊ သတင်းတွေကို အမှောင်ချထားတာမျိုးတွေ အိုးဘိုထောင်က လုပ်လေ့လုပ်ထရှိတယ်"

အိုးဘိုထောင်မှာ အကျဉ်းကျခဲ့ဖူးတဲ့ နိုင်ငံရေးအကျဉ်းသားများကွန်ရက် ဦးဆောင် ကော်မတီဝင် ကိုသိုက်ထွန်းဦး ကလည်း ထောင်အာဏာပိုင်တွေဟာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျူးလွန်လေ့ရှိပြီး သတင်းတွေကို အမှောင်ချလေ့ ရှိတယ်လို့ ပြောပါတယ်။

"ကျွန်တော်ကိုယ်တိုင်လည်း အကျဉ်းကျခဲ့ဖူးတဲ့ အကျဉ်းသား တစ်ယောက်အနေနဲ့ ပေါ့နော်၊ အိုးဘိုထောင် အာဏာပိုင်တွေက လူ့အခွင့်အရေးချိုးဖောက်မှုတွေကို အမြဲတစေ ပြုလုပ်လေ့ရှိပြီး သူတို့ပြုလုပ်တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကိုလည်း အပြင်ကို မရောက်အောင်ပေါ့နော်၊ သူတို့ထိန်းထားနိုင်တဲ့ အတိုင်းအတာတစ်ခု ရှိတယ်။ အပြင်ကို သတင်းတွေမထွက်ဖို့အတွက် သူတို့ဖိနှိပ်ထားတာတွေ၊ သတင်းတွေ မရောက်အောင်လို့ ရှေ့နေတွေကြားထဲမှာလည်း ဝန်ထမ်းတွေ စောင့်ကြပ်တာတွေ၊ သတင်းတွေကို အမှောင်ချထားတာမျိုးတွေ အိုးဘိုထောင်က လုပ်လေ့လုပ်ထရှိတယ်"

ထောင်တွင်းနှိပ်စက်ညှဉ်းပန်းခံရတာတွေကို မိသားစုဝင်တွေတဆင့် စစ်ကောင်စီရဲ့ ပြည်ထဲရေးဝန်ကြီးဌာနကို တိုင်ကြားထားပေမယ့် ဘာမှ ထူးခြားလာမှာမဟုတ်ဘူးလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

"တိုင်ကြားတာကတော့ သူတို့တော့ ပြည်ထဲရေးဝန်ကြီးကို လိပ်မူပြီးတော့ တိုင်တာပေါ့နော်။ ပြည်ထဲရေးဝန်ကြီးကို လိပ်မူပြီး တိုင်တယ်။ ပြီးတော့ အောက်မှာ မိတ္တူတွဲထားတာ တွေ့တယ်။ ဒါပေမဲ့ လက်ရှိအကျဉ်းထောင်တွေမှာ နိုင်ငံရေး အကျဉ်းသားတွေကို နှိပ်စက်နေတယ်ဆိုတဲ့ဟာက စစ်အုပ်စုကိုယ်တိုင်က ဒီလိုနှိပ်စက်ဖို့ ခွင့်ပြုထားတဲ့ကိစ္စ ဖြစ်တယ်။ အဲလိုခွင့်ပြုထားတဲ့ကိစ္စဖြစ်တော့ သေချာတယ်။ ဒီပြည်ထဲရေးဝန်ကြီးကို တိုင်ကြားတယ်ဆိုရုံလောက်နဲ့ ဘာမှ ထူးခြားလာမှာ မဟုတ်ဘူးပေါ့နော်"

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်မှာ ထောင်တွင်း သေဆုံးခဲ့ရတဲ့ နိုင်ငံရေးအကျဉ်းသား ၃၄ ဦး ရှိခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်က ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်နေ့က ထုတ်ပြန်ထားပါတယ်။

အဲဒီထဲက ၁၈ ဦးဟာ အကျဉ်းထောင်တွေအတွင်း သတ်ဖြတ်ခံရတာဖြစ်ပြီး၊ ကျန် ၁၆ ဦး ကတော့ မကျန်းမာတဲ့အခါ ဆေးကုခွင့် ကောင်းကောင်းမရလို့ သေဆုံးခဲ့ရတာလို့ ဆိုပါတယ်။

AAPP ရဲ့ထုတ်ပြန်ချက်အရ ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၁၆ ရက်နေ့အထိ နိုင်ငံတစ်ဝန်းက အကျဉ်းထောင်အသီးသီးမှာ နိုင်ငံရေးလှုပ်ရှားမှုနဲ့ ဆက်နွယ်ပြီး ဖမ်းဆီးခံထားရသူ နှစ်သောင်းနီးပါး ရှိပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။