မန္တလေးအစိုးရ ထောက်ပံ့ငွေပေးအပ်မှု မဲဆွယ်သလားဟု ဝေဖန်ခံရ

ခေမဏီဝင်း
2020.06.23

မန္တလေးတိုင်းအစိုးရအဖွဲ့က ငွေကျပ်သိန်းပေါင်း တစ်ထောင့် တစ်ရာ‌ကျော်ကို တိုင်းအတွင်းက စာရေးဆရာတွေ၊ ဘဘင်ပညာရှင်တွေနဲ့ ကာတွန်းဆရာတွေကို ထောက်ပံ့ငွေ ပေးအပ်ခဲ့တာဟာ လာမယ့် ရွေးကောက်ပွဲမှာ အကျိုးသက်ရောက်မှု ရှိနိုင်မလားဆိုတဲ့ ဝေဖန်မှုတွေ ရှိနေကြပါတယ်။

နိုင်ငံရေးပါတီတိုင်းရဲ့ လှုပ်ရှားမှုတိုင်းက နောက်ကွယ်မှာ ရည်ရွယ်ချက်တော့ ပါကြမှာပဲလို့ ပြည်သူ့ပါတီက မန္တလေးတိုင်း ဒုဥက္ကဋ္ဌ ဒေါက်တာ အောင်စိုးမြင့်က ပြောပါတယ်။

"ဘယ်လိုရည်ရွယ်ချက်နဲ့ လုပ်သလဲဆိုတာတော့ အတိအကျမသိဘူးပေါ့၊ သို့သော် ရွေးကောက်ပွဲအတွက် တစ်စိတ်တစ်ပိုင်း ရည်ရွယ်တာ ဖြစ်ကောင်းဖြစ်မှာပေါ့၊ သိပ်ပြီးတော့ ထိရောက်မယ်လို့မထင်ပါဘူး၊ အနည်းငယ်တော့ သက်ရောက်မှု ရှိနိုင်တာပေါ့။"

ထောက်ပံ့ငွေပေးအပ်ပွဲကို အခုလ ၂၀ ရက်နေ့က မန္တလေးတိုင်းအစိုးရအဖွဲ့ရုံးမှာ ကျင်းပခဲ့ပြီး တိုင်းအတွင်းက စာရေးဆရာတွေ၊ ဘဘင်ပညာရှင်တွေနဲ့ ကာတွန်းဆရာတွေ စုစုပေါင်း ၇၅၈၀ အတွက် တစ်ယောက်ကို ကျပ်တစ်သောင်းခွဲ ပေးခဲ့တာဖြစ်ပါတယ်။

ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက မန္တလေးတိုင်း ကော်မတီဝင် ဦးကျော်စန်းက အခုလို ထောက်ပံ့တာဟာ ရွေးကောက်ပွဲကာလမှာ မဲဆွယ်ပေးဖို့ ကြော်ငြာပေးဖို့ တစ်ခုခုရှိလာမလားဆိုတာ တွေးမိတယ်လို့ သူ့အမြင်ကို ပြောပါတယ်။

“အခက်အခဲရှိနေချိန်မှာ ရသွားတဲ့သူတွေအတွက်တော့ ဝမ်းသာပါတယ်။ အခုလိုပေးတာက ရွေးကောက်ပွဲအတွက် အတိုင်းအတာတစ်ခုတော့လည်း သက်ရောက်မှုရှိနိုင်တယ်လို့ မြင်တယ်။ တစ်ချိန်ချိန်ကျရင် နီးလာရင် သူတို့အဖွဲ့အစည်းအတွက် မဲဆွယ်ပေးတာမျိုး၊ ကြော်ငြာပေးတာမျိုး အကူညီတောင်းလာနိုင်လားပေါ့လို့ တွေးမိတယ်။"

ထောက်ပံ့ပွဲအခမ်းအနားမှာတော့ ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်က ရွေးကောက်ပွဲကြောင့် အခုလို လှူဒါန်းတာမဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။

“ဒီလိုထောက်ပံ့ပေးရတဲ့အတွက် တိုင်းဒေသကြီးအစိုးရ တော်တော် ပီတိဖြစ်ပါတယ်။ ထင်ကောင်းလည်း ထင်ကြမှာပေါ့၊ ပြောကောင်းလည်း ပြောနိုင်ပါတယ်။ စိတ်ရင်းစေတနာ သန့်သန့်နဲ့ပြောရရင် ရိုးရိုးသားသား လှူဒါန်းတာဖြစ်တယ်။ ရွေးကောက်ပွဲနီးလို့ ထောက်ပံ့တယ်ဆိုတာ ဖြစ်မှာစိုးလို့ ပွင့်ပွင့်လင်းပြောတာပါတယ်။ ကိုဗစ်က ဘယ်လောက်ကြာမယ် မသိဘူး၊ စေတနာရှင်တွေရဲ့လှူဒါန်းငွေကို စုပြီးတော့ ပြန်လှူတာဖြစ်ပါတယ်။ အနုပညာရှင်တွေပဲ မန္တလေးတိုင်းမှာ ဘာပဲဖြစ်ဖြစ် အားကိုးရတယ်။ ရှေ့တန်းကနေ အကူညီပေးကြတယ်။ တိုင်းအစိုးရကို ထောက့်ပံ့ပေးတဲ့ ပွဲတွေအများကြီးလုပ်ခဲ့တယ်။ သူတို့ အခုလိုခက်ခဲနေချိန် အတုံ့အလှည့်အနေနဲ့ ထောက်ပံ့ပေးနိုင်တာ အများကြီးဝမ်းသာတယ်။“

ဒီငွေသိန်းပေါင်း တစ်ထောင့်တစ်ရာကျော်ဟာ ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေးကာလမှာ မန္တလေးတိုင်းအစိုးရ လုပ်ငန်းဆောင်ရွက်မှုတွေမှာ ထည့်သွင်းအသုံးပြုဖို့ အလှူရှင်တွေ ပေးအပ်ထားတဲ့စာရင်းထဲကနေ သုံးစွဲခဲ့တာလို့ သိရပါတယ်။

အရင်နှစ်တွေမှာတော့ အစိုးရအနေနဲ့ အခုလိုထောက်ပံ့ပေးတာမျိုး မရှိခဲ့ဖူးပါဘူး။

ဒီလိုလှူဒါန်းမှုတွေထဲမှာ အညာသားဆိုတဲ့ ကလောင်နာမည်နဲ့ စာပေရေးသားနေတဲ့ မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်ကိုလည်း ထောက်ပံ့ခဲ့တဲ့အတွက် ဝေဖန်ခဲ့ကြပါတယ်။

ဒီကပ်ဘေးကို လူတန်းစားမရွေး ရင်ဆိုင်နေရတာဖြစ်လို့ ခေါင်းစဉ်မရွေးဘဲ လူတန်းစားအားလုံးကို လှူသင့်တယ်လို့ မန္တလေးမြို့က နိုင်ငံရေးစိတ်ဝင်စားသူ ကိုသိန်းအောင်မြင့်က ပြောပါတယ်။

“အားလုံးကို ကူညီထောက်ပံ့ပေးနိုင်ရင်တော့ ပိုကောင်းတာပေါ့၊ ကိုဗစ်ကာလတုန်ုးက အလှူခံတဲ့သတင်းတွေ ကြားရတယ်။ ဒီငွေတွေကို ဘယ်လိုဆောင်ရွက်နေတယ်ဆိုတာက အခုမှ ပေါ်လာတာကိုး၊ ရပ်ကွက်တွေမှာ ဆင်းရဲသားပြည်သူတွေလည်း ရှိတာပဲ၊ မတတ်နိုင်သူကို စုံစမ်းပြီးကူညီရင် ကောင်းတာပေါ့၊ ခွဲခြားပြီးပေးတာက ကိုဗစ်လို့သာပြောပေမယ့် ရွေးကောက်ပွဲအတွက်ကို တစ်နွယ်ငင် တစ်စင်ပါ လုပ်နေတဲ့ပုံစံ ဖြစ်တာပေါ့။"

စာပေ၊ သဘင်၊ ဂီတ စတဲ့ အနုပညာရှင် အတတ်ပညာရှင်တွေဟာ ပါတီကြီးတချို့အတွက် ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးကာလမှာ ပါဝင်လေ့ရှိပါတယ်။

အထွေထွေရွေးကောက်ပွဲကို လာမယ့် နိုဝင်ဘာလမှာ ကျင်းပမယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ကြေညာထားပြီး ဖြစ်ပါတယ်။

ဒါကြောင့် လက်ရှိ အာဏာရပါတီဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အခုလိုထောက်ပံ့တဲ့အပေါ်  မဲဆွယ်စည်းရုံးနည်း တစ်ခုများလားဆိုတဲ့ သံသယနဲ့ ဝေဖန်နေကြတာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။