လူ ၁၀ ဦးနဲ့အထက် အစုအပြုံလိုက် သတ်ဖြတ်မှုတွေကြောင့် ငါးရာကျော် သေဆုံး
2023.10.20

အာဏာသိမ်းပြီးနောက် လက်နက်ကိုင်ပဋိပက္ခတွေထဲ အရပ်သားတွေအပေါ် ကျူးလွန်ခဲ့တဲ့ အစုလိုက် အပြုံလိုက် သတ်ဖြတ်ခံရမှု ၂၂ ခုထက်မနည်း ဖြစ်ပွားခဲ့တယ်လို့ မြန်မာ့မဟာ ဗျူဟာနဲ့ မူဝါဒရေးရာ လေ့လာရေး အင်စတီကျု (ISP-Myanmar) က ထုတ်ပြန်ပါတယ်။
စစ်ကိုင်းတိုင်းမှာ ၁၃ ကြိမ်၊ ကချင်ပြည်နယ်မှာ သုံးကြိမ်နဲ့ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ကယား ပြည်နယ်၊ ရခိုင် ပြည်နယ်၊ ရှမ်းပြည်နယ်နဲ့ ချင်းပြည်နယ်တွေမှာ တစ်ကြိမ်စီဖြစ်ခဲ့တယ်လို့ ISP-Myanmar ရဲ့ အောက်တိုဘာလ ၁၅ ရက် ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒီသတ်ဖြတ်မှုတွေအတွင်း အရပ်သား ၅၀၂ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
အခုနောက်ဆုံးဖြစ်ပွားခဲ့တဲ့ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုက ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) ဌာနချုပ် လိုင်ဇာမြို့အနီး မုန်လိုင်ခက်ရွာ စစ်ဘေးဒုက္ခသည်စခန်း တိုက်ခိုက်ခံရတဲ့ဖြစ်စဉ်ပါ။
အောက်တိုဘာလ ၉ ရက်ညက ဖြစ်ပွားခဲ့တဲ့ ဒီတိုက်ခိုက်ခံရမှုမှာ ကလေး ၁၁ ဦးအပါအဝင် ၂၉ ဦး သေဆုံးခဲ့ပါတယ်။
“အခုချိန်ထိပဲ ဘာတရားမျှတမှုမှ ပြန်မရသေးဘူး။ အစုလိုက်အပြုံလိုက် သတ်ခံလိုက်ရတာရှိတာပဲ"
ဒုက္ခသည်တွေဟာ အခုချိန်အထိ စိုးရိမ်သောကရောက်နေတယ်လို့ မုန်လိုက်ခက် တိုက်ခိုက်ခံရမှုမှာ အသက်ရှင်ကျန်ရစ်သူ စစ်ဘေးဒုက္ခသည် အမျိုးသမီးက ပြောပါတယ်။
“ဘယ်အချိန်များ လက်နက်ကြီးတွေ ပြန်ကျလာမလဲ၊ ဘယ်အချိန်များ လေယာဉ်နဲ့ ပြန်ပြီးမှ ဗုံးတွေပြန်လာကြဲမလဲ ဆိုပြီး အမြဲတမ်း စိုးရိမ်ကြောင့်ကြစိတ်တွေ ရှိနေတယ်။ ဖြစ်ပြီးတဲ့ နောက်ညမှာတောင်မှ ကျွန်မတို့ ဝေကြိုင်စစ်ရှောင်စခန်းမှာ နေ နေရင်းနဲ့ လေယာဉ်သံတွေကြားရတယ်။ လက်နက်ကြီးသံတွေ ကြားရတဲ့အတွက်အကြောင့် ကျွန်မတို့ များစွာ စိုးရိမ်ဒုက္ခ၊ စိတ်ဆင်းရဲခဲ့ရတယ်”
အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေထဲ လူအသေအပျောက်အများဆုံးဖြစ်ရပ်က စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ပဇီကြီးရွာက ဗုံးကြဲတိုက်ခိုက်မှုပါ။ ၂၀၂၃ ခုနှစ် ဧပြီလ ၁၁ ရက်မှာ စစ်တပ်က လေကြောင်း ကနေ ဖျက်အားပြင်းဗုံးတွေနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ကလေးနဲ့ အမျိုးသမီးတွေအပါအဝင် လူ ၁၇၀ နီးပါး သေဆုံးခဲ့ပါတယ်။
ဒီဖြစ်ရပ်ဆိုးကို ကြုံတွေခဲ့သူတွေဟာ ဒီနေ့အထိ စိတ်ဒဏ်ရာတွေခံစားနေရတယ်လို့ ပဇီကြီးရွာခံတစ်ဦးက ပြောပါတယ်။
“အခက်အခဲတွေကတော့ အမျိုးမျိုးရှိတာပါပဲ။ ဒါကတွေက စကစရဲ့ ဝေဟင်ကလည်း Fighter ပျံလိုက်၊ 35 ပျံလိုက်နဲ့ အားလုံးက စိုးရိမ်ထိတ်လန့်မှုတွေနဲ့ နေ နေကြရတယ်။ ညတောင်မှ ကောင်းကောင်း မအိပ်ရဘူး။ တစ်ခါတလေ လေယာဉ်သံကြားရင် ကျွန်တော်တို့ နီးစပ်ရာ လွတ်လောက်မယ်ထင်တဲ့နေရာ ချောင်းထဲ၊ မြောင်းထဲ ဆင်းရတယ်၊ ခုန်ချရတယ်။ အဲဒါမျိုး တိမ်းနေရတာလည်းရှိတယ်။ တွေးကြောက်နေ ရတယ်။ တစ်ခါတလေ ဂျက်ပျံရင်ကို အဲဒီ “ဝေါ….ဝေါ”နဲ့ အသံကြီးကို လူတွေက စိတ်တွေဂနာမငြိမ်ဖြစ်ပြီး ကလေးတွေဆိုရင် ငိုတယ် ကြောက်လန့်ပြီးတော့လေ”
ပဇီကြီးရွာလေကြောင်းတိုက်ခိုက်မှုကို စစ်ကောင်စီက ဝန်ခံထားပေမယ့် လတ်တလောဖြစ်ပွားခဲ့တဲ့ မုန်လိုင်ခက် ဒုက္ခသည်စခန်း တိုက်ခိုက်မှုကိုတော့ သူတို့ လက်ချက်မဟုတ်ကြောင်း စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက အောက်တိုဘာလ ၁၁ ရက်မှာ ငြင်းဆိုခဲ့ပါတယ်။
အစုလိုက် အပြုံလိုက်သတ်ဖြတ်မှုတွေကို စစ်ကောင်စီက ကျူးလွန်ခဲ့ပြီး ဒီပြစ်မှုတွေ အတွက် နိုင်ငံတကာ ရာဇဝတ်ခုံရုံး (ICC) ကို လွှဲပေးဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်က ပြောဆိုပါတယ်။
“မြန်မာနိုင်ငံမှာ စစ်ရာဇဝတ်မှုတွေ လူသားမျိုးနွယ်စုအပေါ် ကျူးလွန်တဲ့ရာဇဝတ်မှုတွေ အမြောက်အမြား ဖြစ်နေတဲ့အတွက်ကြောင့် အပြည်ပြည်ဆိုင်ရာ တရားရုံးကို လွှဲပြောင်း ဖို့အချိန်ရောက်ပြီဆိုတာကို ကျွန်တော်တို့တွေ ဆက်လက်ပြီးတော့ တိုက်တွန်းပြောကြား မယ်၊ သံတမန်ရေးရာကနေ လုပ်နေတယ်။ ထို့နည်းတူစွာပဲ ဒီလိုမျိုး accountability ရှိဖို့ အရေးယူနိုင်ဖို့အတွက်ကို universal jurisdiction ဆိုတဲ့ အောက်ကနေပြီးတော့ နိုင်ငံတွေမှာ တရားစွဲ အရေးယူဖို့ဆိုတာလည်း ဆောင်ရွက်နေတာတွေရှိတယ်။ နိုင်ငံတကာတရားစီရင်ရေးက နည်းနည်းတော့ ကြာတတ်တယ်၊ ဒါပေမဲ့ ကျွန်တော်တို့ မနားမနေ လုပ်ဆောင်နေတယ်။ ပြည်တွင်းတရားစီရင်ရေးအပိုင်းက လုပ်နိုင်ဖို့ အတွက်လည်း ကျွန်တော်တို့ ကြိုးစားနေတယ်”
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လူ့အခွင့်အရေးဝန်ကြီးဌာနကတော့ အာဏာသိမ်းပြီးနောက် လူငါးဦးနဲ့အထက် အစုလိုက် အပြုံလိုက်သတ်ဖြတ်မှုတွေကို တွက်ချက်မယ်ဆိုရင် ဇူလိုင်လအထိ ၁၄၄ ကြိမ်အထိ ဖြစ်ပွားခဲ့တယ်လို့ ဇူလိုင် ၃၁ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။ အဲ့ဒီသတ်ဖြတ်မှုတွေအတွင်း အရပ်သား ၁၅၉၅ ဦး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
အစုလိုက် အပြုံလိုက်သတ်ဖြတ်မှုတွေ ကျူးလွန်နေတဲ့ မြန်မာစစ်တပ်ကို စစ်လက်နက် ပိတ်ဆို့အရေးယူရေး ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတွေ အမြန်ဆုံးပူးပေါင်းဖို့ အရှေ့တောင်အာရှ အခြေစိုက် လူ့အခွင့်အရေးအဖွဲ့ တစ်ခုဖြစ်တဲ့ Fortify Rights က အောက်တိုဘာလ ၁၁ ရက်မှာ တိုက်တွန်းခဲ့ပါတယ်။
မြန်မာစစ်တပ်ကို နိုင်ငံတကာက ပြတ်ပြတ်သားသားအရေးမယူဘူးဆိုရင် အစုအလိုက် အပြုံလိုက် သတ်ဖြတ်မှုတွေကို ဆက်လက်ကျူးလွန်နေလိမ့်မယ်လို့ Fortify Rights ရဲ့ လူ့အခွင့်အရေးကျွမ်းကျင်သူ ဦးဇော်ဝင်းက ပြောပါတယ်။
“နိုင်ငံတကာဥပဒေအောက်မှာ စစ်တပ်ကို တာဝန်ယူမှု တာဝန်ခံမှုရှိစေရမှာပေါ့။ ဒီလိုမျိုးမဟုတ်ဘူးဆိုရင် သူတို့က စစ်ရာဇဝတ်မှု၊ နောက်ပြီးတော့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ရာဇဝတ်မှုတွေကို သူတို့ဆက်လက်ပြီး ကျူးလွန်နေမှာပေါ့နော်။ အဲဒါကြောင့်မို့လို့ နိုင်ငံတကာအပါအဝင်၊ အာဆီယံအပါအဝင် နိုင်ငံတကာမိသားစု အနေနဲ့ မြန်မာစစ်တပ်ကို အချိန်မဆိုင်းဘဲနဲ့ ပြတ်ပြတ်သားသား အရေးယူဖို့ လိုပြီလို့ ကျွန်တော် ပြောချင်ပါတယ်”
အာဏာသိမ်းပြီးနောက် အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု ၂၂ ကြိမ်ဖြစ်ပွားခဲ့ပြီး ဒီဖြစ်စဉ် တွေကို စစ်တပ်က ကျူးလွန်ခဲ့တယ်ဆိုတာနဲ့ ပတ်သက်လို့ စစ်ကောင်စီပြောရေး ဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် အကြောင်းမပြန်ပါဘူး။
သတ်ဖြတ်မှုတွေအတွင်း မိသားစုဝင်တွေဆုံးရှုံးခဲ့တဲ့ အသက်ရှင်ကျန်ရစ်သူတွေဟာ စိတ်ဒဏ်ရာတွေ ခံစားနေရတယ်လို့ ပြောပါတယ်။
စစ်ကိုင်တိုင်း ရေဦးမြို့နယ် မုန်တိုင်ပင်ရွာက အရပ်သား ၂၉ ဦးသတ်ဖြတ်ခံရမှုမှာ ခင်ပွန်းနဲ့ အစ်ကိုဖြစ်သူကိုဆုံးရှုံးခဲ့ရတဲ့ အမျိုးသမီးတစ်ဦးကတော့ တရားမျှတမှုပြန်လိုချင်တယ်လို့ ပြောပါတယ်။
“အခုချိန်ထိပဲ ဘာတရားမျှတမှုမှ ပြန်မရသေးဘူး။ အစုလိုက်အပြုံလိုက် သတ်ခံ လိုက်ရတာရှိတာပဲ။ ကျန်တဲ့သူတွေက မုဆိုးမတွေဖြစ်၊ သားတွေ သုံးလေးယောက် ပါတဲ့သူတွေကျ ဒုက္ခတွေနဲ့ ဖောက်တောက်တောက် ကျန်ရစ်၊ အခုကတော့ အခုလို သတ်ခံရတဲ့ မိသားစုတွေအတွက် မျှတမှုလေးတွေတော့ ဖြစ်ချင်တာပေါ့လေ။ ဘာလို့ဆိုတော့ အကုန်လုံး ဒုက္ခတွေနဲ့ ကျန်ရစ်တာ။ ဖောက်တောက်တောက် ရူးတူးတူး သွပ်တွတ်တွတ်တွေ ကျန်ရစ်ကြတာဆိုတော့ သူတို့တစ်တွေလည်း ပိုနစ်နာတယ်။ ကိုယ်ကိုယ်တိုင်လည်း ရူးတယ်ဆိုတဲ့ နာမည်မရတာ တစ်ခုပဲ”
မုန်တိုင်ပင်ရွာကို၂၀၂၂ ခုနှစ်မေလမှာ စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းပြီး အရပ်သား ၂၉ ဦးကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့တာပါ။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီတော့ စစ်ကောင်စီကို အပြစ်ပေးအရေးယူ နိုင်ရေးနဲ့ ကျူးလွန်ခံ ရသူတွေအတွက် တရားမျှတမှုရရှိရေး ကြိုးပမ်း ဆောင်ရွက်နေပြီး ကုလသမဂ္ဂလုံခြုံရေးကောင်စီ အပါအဝင် နိုင်ငံတကာကလည်း ထိထိရောက်ရောက် ကူညီကြဖို့ အောက်တိုဘာလ ၁၁ ရက်မှာ ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။
ဒီ့အပြင် ပြည်တွင်းနဲ့ နိုင်ငံတကာ အရပ်ဘက် အဖွဲ့အစည်း ၄၄၀ ကလည်း စစ်တပ်ကို ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံတွေက နိုင်ငံတကာဥပဒေအရ ဖြစ်နိုင်တဲ့ လမ်းကြောင်းအားလုံး ကနေ အမြန်ဆုံးအရေးယူဖို့ အောက်တိုဘာလ ၁၇ ရက်မှာ အိတ်ဖွင့်ပေးစာပို့ပြီး တောင်းဆိုခဲ့ပါတယ်။