သုံးလအတွင်း သတင်းထောက်တစ်ဦးအပါအဝင် အရပ်သားတစ်ရာကျော် သတ်ဖြတ်ခံရ

RFA Burmese
2024.03.08
သုံးလအတွင်း သတင်းထောက်တစ်ဦးအပါအဝင် အရပ်သားတစ်ရာကျော် သတ်ဖြတ်ခံရ စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ စုန်းချောင်းရွာတွင် သတ်ဖြတ်ခံရသည့် ရုပ်အလောင်းများအား သင်္ဂြိုဟ်ရန် ပြင်ဆင်နေသည်ကို ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၂၁ ရက်နေ့က တွေ့ရစဥ်။
Citizen Journalist

လူလေးဦးနဲ့အထက် အစုလိုက်အပြုံလိုက် အသတ်ခံရတဲ့အခြေအနေတွေကို RFA က လက်လှမ်းမီသလောက် ပြုစုထားချက်အရ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလကနေ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက်နေ့အထိ ရှမ်းပြည်မြောက်ပိုင်း၊ ရှမ်းပြည်တောင်ပိုင်း၊ ရခိုင်ပြည်နယ်၊ ကယား(ကရင်နီ)ပြည်၊ စစ်ကိုင်း၊ မကွေးနဲ့ မန္တလေးတိုင်းတွေမှာ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရတဲ့ဖြစ်ရပ် ၁၆ ခု ရှိခဲ့တာပါ။

ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်မှာ ခုနစ်ဦး၊ စစ်ကိုင်းတိုင်း မုံရွာမြို့နယ်မှာ ၁၇ ဦး၊ ရွှေဘိုမြို့နယ်မှာ ခြောက်ဦး၊ ခင်ဦးမြို့နယ်မှာ လေးဦး၊ ဒီပဲယင်းမြို့နယ်မှာ ငါးဦး၊ တမူးမြို့နယ်မှာ လေးဦး၊ မန္တလေးတိုင်း မတ္တရာမြို့နယ်မှာ ၁၄ ဦး၊ မြင်းခြံမြို့နယ်မှာ ကိုးဦး အသတ်ခံခဲ့ရပါတယ်။ ဒါ့အပြင် ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ်မှာ ၁၂ ဦး၊ ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်မြို့နယ်မှာ ၁၁ ဦး၊ မကွေးတိုင်း ဂန့်ဂေါမြို့နယ်မှာ ၁၀ ဦး၊ ကယားပြည်နယ် ရှားတောမြို့နယ်မှာ ခြောက်ဦး အသတ်ခံခဲ့ရပါတယ်။

“သတ်ဖြတ်ခံရသူတွေဟာ တော်လှန်ရေးတပ်ဖွဲ့တွေ၊ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ မပတ်သက်တဲ့ သာမန်အရပ်သားတွေဖြစ်ပါတယ်”

ဖမ်းဆီးသတ်ဖြတ်ခံရတဲ့ အကြိမ်အရေအတွက်အနေနဲ့ ရခိုင်ပြည်နယ်မှာ တစ်ကြိမ်၊ စစ်ကိုင်းတိုင်း မုံရွာမြို့နယ်မှာ နှစ်ကြိမ်၊ ရွှေဘိုမြို့နယ်မှာ တစ်ကြိမ်၊ ခင်ဦးမြို့နယ်မှာ တစ်ကြိမ်၊ ဒီပဲယင်းမြို့နယ်မှာ တစ်ကြိမ်၊ တမူးမြို့နယ်မှာ တစ်ကြိမ်၊ မန္တလေးတိုင်း မတ္တရာမြို့နယ်မှာ နှစ်ကြိမ်၊ မြင်းခြံမြို့နယ်မှာ နှစ်ကြိမ်၊ ရှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့နယ်မှာ တစ်ကြိမ်၊ ရှမ်းပြည်မြောက်ပိုင်း မိုးမိတ်မြို့နယ်မှာ နှစ်ကြိမ်၊ မကွေးတိုင်း ဂန့်ဂေါမြို့နယ်မှာ တစ်ကြိမ်နဲ့ ကယားပြည်နယ် ရှားတောမြို့နယ်မှာ တစ်ကြိမ်စီဖြစ်ခဲ့တာကို တွေ့ရပါတယ်။

စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်၊ မဲအိုးရွာက ဒေသခံ အမျိုးသားလေးဦးနဲ့ အမျိုးသမီးတစ်ဦးကို စစ်ကောင်စီတပ်က ဖေဖော်ဝါရီလ ၁၈ ရက်နေ့မှာဖမ်းဆီးပြီး ရက်ရက်စက်စက် သတ်ဖြတ်ခဲ့တယ်လို့ ဒီပဲယင်းညီနောင်များအဖွဲ့ ပြန်ကြားရေးတာဝန်ခံ ကိုဖြိုးက RFA ကိုပြောပါတယ်။

“တော်တော်အခြေအနေ ဆိုးဆိုးရွားရွာရှိတယ်။ ခေါင်းဖြတ်ထားတယ်။ လက်တွေခြေတွေ ဖြတ်ထားတယ်။ ရိုးရိုးဖြတ်ရုံတင်မဟုတ်ဘဲနဲ့ လက်တွေ ခြေထောက်တွေဆိုရင် အပိုင်းပိုင်းတုံးပြီးတော့မှ ပြန့်ကျဲပြီး ပစ်ထားခဲ့တာ။ တစ်ယောက်ဆိုရင် မျက်နှာကို ဓားနဲ့မွှန်းထားတယ်။ လည်ပင်းကို ဓားဦးချွန်နဲ့ အကြိမ်ကြိမ်ထိုးသတ်ပြီးတော့မှ သတ်ထားတာတွေ့ရတယ်”

အဲဒီသတ်ဖြတ်မှုကို စစ်ကောင်စီတပ်ရဲ့ အောင်လံအခြေစိုက် ခြေလျင်တပ်ရင်း ခလရ- ၇၁ နဲ့ မှော်ဘီအခြေစိုက် ခြေမြန်တပ်ရင်း ခမရ - ၇၀၁ ပူးပေါင်းတပ်တွေ ကျူးလွန်ခဲ့တာလို့ သူကပြောပါတယ်။ ဒီပြောဆိုချက်နဲ့ပတ်သက်လို့ RFA အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

ပြီးခဲ့တဲ့ဖေဖော်ဝါရီလ ၁၉ ရက်နေ့ကလည်း မန္တလေးတိုင်း၊ မတ္တရာမြို့နယ် စကားပင်ရွာကို စစ်ကောင်စီတပ်သားတွေ ဝင်ရောက်စီးနင်းပြီး ကာကွယ်ရေးတပ်ဖွဲ့ဝင် သုံးဦး၊ အသက်မပြည့်သေးတဲ့ ကလေးသုံးဦးနဲ့ အရပ်သားနှစ်ဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့ပါတယ်။

စစ်ကောင်စီဘက်က PDF တွေကိုမတိုက်ခိုက်နိုင်တဲ့အခါ အရပ်သားတွေကိုဖမ်းဆီးသတ်ဖြတ်တာလို့ မတ္တရာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ သတင်းတာဝန်ခံ ကိုဘိုတောက်က RFA ကိုပြောပါတယ်။

“မတ္တရာမြို့နယ်ဆိုတာက ရှမ်းမြောက်နဲ့လည်း ထိစပ်နေတဲ့ မြို့နယ်တစ်ခုဖြစ်တယ်။ မန္တလေးကို အလွယ်တကူဝင်နိုင်တဲ့ မြို့နယ်တစ်ခုဖြစ်တာကြောင့် စကစအနေနဲ့ ဖိနှိပ်နေတာလို့ထင်တယ်။ တော်တော်များများ စကစဘက်က အထိနာပြီဆိုရင် ဖမ်းမိတဲ့ပြည်သူကို သတ်တာမျိုး။ PDF ကိုမနိုင်လို့ ပြည်သူကိုသတ်တာမျိုး ရှိနေတယ်”

ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်မှာတော့ ပြီးခဲ့တဲ့ဇန်နဝါရီလ ၂၃ရက်က သတင်းသမား ကိုဖိုးသီဟ (ခ) ကိုမြတ်သူထွန်းအပါအဝင် အရပ်သား ခုနစ်ဦးကို စစ်ကောင်စီရဲ့ မြောက်ဦးမြို့အခြေစိုက် ခြေမြန်တပ်ရင်း ၃၇၈ မှာ အစုလိုက်အပြုံလိုက် သေနတ်နဲ့ပစ်ခတ်သတ်ဖြတ်ခဲ့ပါတယ်။ အဲဒီသတ်ဖြတ်မှုမှာ ပါဝင်ခဲ့တဲ့ စစ်ကောင်စီ တပ်အရာရှိတွေရဲ့ ဝန်ခံထွက်ဆိုချက်ဆိုပြီး ရက္ခိုင့်တပ်တော် AA က ဖေဖော်ဝါရီလ ၂၉ ရက်နေ့မှာ ဗီဒီယိုတစ်ခုကို ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီသတ်ဖြတ်မှုမှာပါဝင်ခဲ့တဲ့ စစ်ကောင်စီတပ်အရာရှိနှစ်ဦးနဲ့ ခရိုင်ရဲတပ်ဖွဲ့မှူးတစ်ဦးရဲ့ ဝန်ခံထွက်ဆိုချက်ဆိုပြီး AA က ထုတ်ပြန်ခဲ့တာပါ။ အဲဒီဗီဒီယိုပါ ပြောဆိုချက်တွေနဲ့ပတ်သက်ပြီး RFA အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

ရှမ်းပြည်နယ် မြောက်ပိုင်း၊ မိုးမိတ်မြို့နယ်မှာလည်း ဖေဖော်ဝါရီလအတွင်း အရပ်သားတွေ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှု နှစ်ကြိမ်ရှိခဲ့ပြီး ၁၁ ဦး သေဆုံးခဲ့ပါတယ်။

သတ်ဖြတ်ခံရသူတွေဟာ တော်လှန်ရေးတပ်ဖွဲ့တွေ၊ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ မပတ်သက်တဲ့ သာမန်အရပ်သားတွေဖြစ်တယ်လို့ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်အဖွဲ့က ဖေဖော်ဝါရီလ ၂၇ ရက်နေ့မှာ ကြေညာချက်ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီရဲ့ တိုက်ခိုက်မှုကြောင့် အစုလိုက်အပြုံလိုက် သေဆုံးခဲ့ရသူတွေအတွက် ဆုတောင်းပွဲကို ထိုင်းနိုင်ငံ၊ မဲဆောက်မြို့တွင် ၂၀၂၃ အောက်တိုဘာ ၁၈ ရက်နေ့က ကျင်းပနေစဥ်။ (Photo: RFA)
စစ်ကောင်စီရဲ့ တိုက်ခိုက်မှုကြောင့် အစုလိုက်အပြုံလိုက် သေဆုံးခဲ့ရသူတွေအတွက် ဆုတောင်းပွဲကို ထိုင်းနိုင်ငံ၊ မဲဆောက်မြို့တွင် ၂၀၂၃ အောက်တိုဘာ ၁၈ ရက်နေ့က ကျင်းပနေစဥ်။ (Photo: RFA)

အရပ်သားတွေ ဖမ်းဆီးသတ်ဖြတ်ခံနေရတာ ရပ်တန့်နိုင်ဖို့ နိုင်ငံတကာ အဖွဲ့အစည်းတွေအနေနဲ့ စစ်ကောင်စီကို ပိတ်ဆို့အရေးယူမှုတွေ အခုထက်ပိုပြီး လုပ်သင့်တယ်လို့ ရှမ်းလူ့အခွင့်အရေး မဏ္ဍိုင်အဖွဲ့ ပြောခွင့်ရသူ ယိင်းလျန်းဟန်က RFA ကိုပြောပါတယ်။

“အဓိကတော့ စစ်ကောင်စီကို အရေးမယူနိုင်သမျှ စစ်ကောင်စီမပြုတ်သမျှတော့ ဒီဟာတွေက ဖြစ်နေဦးမှာပဲ။ အဲဒါကြောင့် နိုင်ငံတကာ ယန္တရားအနေနဲ့ စစ်ကောင်စီကိုအရေးယူတာ၊ ဖိအားပေးတာ၊ အခုထက်ပိုပြီး လုပ်ဆောင်သင့်တယ်”

အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM မှာပါဝင်ထားတဲ့ ဗိုလ်ကြီး ကောင်းသူဝင်းက စစ်ကောင်စီက ဒေသခံတွေနဲ့ PDF တွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်နေတာဟာ တော်လှန်ရေးထဲမပါအောင် အကြောက်တရားရိုက်သွင်းတာလို့ ပြောပါတယ်။

“ဖမ်းဆီးခံရတဲ့ ပြည်သူတွေပဲဖြစ်ဖြစ်၊ တော်လှန်ရေးရဲဘော်တွေပဲဖြစ်ဖြစ်၊ တော်လှန်ရေးဘက်ကို ထောက်ခံအားပေးနေတဲ့သူတွေပဲဖြစ်ဖြစ်၊ အကြောက်တရား ရိုက်သွင်းနိုင်ဖို့အတွက် ဖမ်းဆီးပြီးသတ်ဖြတ်တဲ့အခါမျိုးမှာ ပုံမှန်ထက် ပိုပြီးရက်စက်တယ်။ ကိုယ်လက် အင်္ဂါဖြတ်တောက်တာ၊ အရှင်လတ်လတ်မီးရှို့တာ လူသားချင်း မစာနာမှုနဲ့လုပ်တယ်”

စစ်ကောင်စီက ဒီလိုဖမ်းဆီးသတ်ဖြတ်ပြပြီး အကြောက်တရားရိုက်သွင်းနေပေမယ့်လည်း ဒေသခံတွေကတော့ စစ်ကောင်စီတပ်တွေအပေါ် ပိုပြီးမုန်းတီးစေတယ်လို့ ဆိုပါတယ်။

လူ့အခွင့်အရေးနဲ့ အလုပ်သမားအရေး လှုပ်ရှားသူ ရှေ့နေ ဦးဌေးကတော့ ဒီလိုလုပ်ရပ်တွေဟာ စစ်ရာဇဝတ်မှု ကျူးလွန်ရာရောက်တယ်လို့ ပြောပါတယ်။

“စစ်ရာဇဝတ်မှု ပြစ်မှုဆိုတာ တမင်ရည်ရွယ်ချက်ရှိရှိ သတ်ဖြတ်တာ။ ညှဥ်းပန်းနှိပ်စက်တာ၊ ဆိုးရွားစွာ ဆက်ဆံတာ။ တရားမဝင် ဖမ်းဆီးတာ၊ အရပ်သားတွေနဲ့ အရပ်သားပိုင်ပစ္စည်းတွေကို တိုက်ခိုက်တာ။ ကလေးသူငယ်တွေကို စစ်ပွဲမှာအသုံးပြုတာ အဲဒါတွေပါတယ်”

ဒီလိုအစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားတာမရှိသလို စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့်လည်း ဖုန်းလက်ခံဖြေကြားတာမရှိပါဘူး။

ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Volker Turk က စစ်တပ်အာဏာသိမ်းချိန်ကစလို့ အမျိုးသမီး ခြောက်ရာကျော်နဲ့ ကလေးသူငယ် ငါးရာနီးပါးအပါအဝင် အရပ်သားပြည်သူ ၄၆ဝဝ ကျော်ကို စစ်ကောင်စီတပ်ဖွဲ့တွေက သတ်ဖြတ်ခဲ့တယ်ဆိုတဲ့သတင်းတွေကို ခိုင်လုံစွာရရှိထားတယ်လို့ မတ်လ ၁ ရက်နေ့က ဂျနီဗာမြို့မှာကျင်းပတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ ညီလာခံမှာ ပြောခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။