လွိုင်ကော်တက္ကသိုလ်က လူနှစ်ရာကျော်ကို ထိန်းသိမ်းထားကြောင်း ကရင်နီ တာဝန်ရှိသူတွေပြော
2023.11.20

Updated 7:30 PM Nov 21, 2023
တိုက်ပွဲအတွင်းကနေ ကယ်ထုတ်ခဲ့ရတဲ့ လွိုင်ကော်တက္ကသိုလ် ပါမောက္ခချုပ်၊ ဒုပါမောက္ခချုပ်နဲ့ ဆရာ၊ ဆရာမ တွေ၊ မိသားစုဝင်တွေ အပါအဝင် စုစုပေါင်း လူ ၂၀၄ ဦးကို ဘေးကင်းလုံခြုံစွာ ထိန်းသိမ်းထားကြောင်း ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC) က နိုဝင်ဘာလ ၂၀ ရက်နေ့က ထုတ်ပြန်ပါတယ်။
အသက် ၅၉ နှစ်အရွယ် ပါမောက္ခချုပ် ဦးအောင်ခင်မြင့်နဲ့ အသက် ၅၄ နှစ်အရွယ် ဒုတိယပါမောက္ခချုပ် ဒေါ်သီတာ အပါအဝင် စုစုပေါင်း ၂၀၄ ဦးကို လူသားချင်း စာနာထောက်ထားမှု လူ့အခွင့်အရေး စံနှုန်းတွေနဲ့အညီ ထိန်းသိမ်းထားတယ်လို့ ဆိုပါတယ်။
(IEC) ရဲ့စာရင်းအရ အမျိုးသမီး ၁၄၉ ဦးနဲ့ အမျိုးသား ၅၅ ဦးဖြစ်ပြီး ၁၈ နှစ်အောက် ကလေး ၃၁ ဦး ပါဝင်ပါတယ်။
နိုဝင်ဘာလ ၁၃ ရက် တိုက်ပွဲ စဖြစ်တဲ့နေ့ကတည်းက သူတို့အားလုံးကို ဘေးလွတ်ရာ ခေါ်ဆောင်သွားပြီး နိုင်ငံတကာ စံနှုန်းတွေနဲ့အညီ စောင့်ရှောက်ထားတယ်လို့ IEC ရဲ့ အတွင်းရေးမှူး (၂) ကိုဗညား က RFA ကို ပြော ပါ တယ်။
“Non-CDM ဆရာ၊ ဆရာမတွေကို ခေါ်ပြီးတော့ စစ်ဆေးမှုတွေ လုပ်တယ်။ လိုအပ်တဲ့ ကျန်းမာရေး ဝန်ဆောင်မှုတွေ ပေးထားတယ်။ အခုလည်း EHO ပေါ့။ တိုင်းရင်းသား ကျန်းမာရေးအဖွဲ့နဲ့ ချိတ်ပြီးတော့မှ ကျန်းမာရေးဆိုင်ရာ လိုအပ်ချက်တွေကို ပံ့ပိုးနေတာ ရှိပါတယ်။ စိတ်ပိုင်းဆိုင်ရာကတော့ ကျွန်တော်တို့ကတော့ ပွင့်ပွင့်လင်းလင်း ပြောပါတယ်၊ ကျွန်တော်တို့အနေနဲ့ လုပ်ထုံးလုပ်နည်းအရ သွားမယ်၊ လုပ်ငန်းစဉ်အရသွားမှာ ဖြစ်ပါတယ်ပေါ့။ တစ်ချို့ကတော့ အဆင်ပြေပါတယ်။ တစ်ချို့ကတော့ နည်းနည်းလေး အမေကိုလွမ်းတာ၊ ညီအစ်ကို မောင်နှမကို လွမ်းတာတော့ ရှိပါတယ်ခင်ဗျ”
အခု ထိန်းသိမ်းထားတဲ့ လွိုင်ကော် တက္ကသိုလ်က Non-CDM ဝန်ထမ်းတွေကို တရားဥပဒေအညီ အရေးယူသွားမယ်လို့ ကိုဗညားက ပြောပါတယ်။ ဘယ်ဥပဒေနဲ့ ဘယ်လို အရေးယူမလဲဆိုတဲ့ အသေးစိတ် အချက်ကိုတော့ အတိအကျ မပြောပါဘူး။
နိုဝင်ဘာလ ၁၃ ရက်နေ့က ကရင်နီ အမျိုးသားများ ကာကွယ်ရေးတပ် (KNDF)၊ ပြည်သူ့ကာကွယ်ရေးတပ် (PDF) ပူးပေါင်းတပ်တွေနဲ့ လွိုင်ကော် တက္ကသိုလ်ဝင်းအတွင်း အခြေချထားတဲ့ စစ်ကောင်စီတပ်အကြား တိုက်ပွဲပြင်းထန်ခဲ့ပါတယ်။
နောက်တစ်ရက် နိုဝင်ဘာလ ၁၄ ရက်နေ့မှာ လွိုင်ကော် တက္ကသိုလ်က Non-CDM ဝန်ထမ်းတွေနဲ့ မိသားစုဝင်တွေကို ဘေးကင်းလုံခြုံစွာ စောင့်ရှောက်ထားကြောင်း (IEC) က ထုတ်ပြန်ပါတယ်။ သူတို့ကို အမျိုးသား ညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) က ပြုစုထားတဲ့ CDM- နိုင်ငံ့ဝန်ထမ်းဆိုင်ရာ မူဝါဒ စာတမ်းနဲ့အညီ စိစစ်ဆောင်ရွက်သွားမယ်လို့ ဖော်ပြပါတယ်။
နိုဝင်ဘာလ ၁၄ ရက်နေ့မှာပဲ စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကလည်း ဖမ်းဆီးခံရတဲ့ လွိုင်ကော် တက္ကသိုလ်ထဲက ဝန်ထမ်း ၂၇ ယောက်ကို ကယ်ထုတ်နိုင်ပြီးတော့ ပါမောက္ခချူပ် အပါအဝင် ဆရာ၊ ဆရာမ သုံးဦးနဲ့ ကလေး သုံးဦးကို ကရင်နီတပ်ဖွဲ့တွေက ဖမ်းဆီးသွားတယ်လို့ စစ်ကောင်စီ မီဒီယာတွေကတစ်ဆင့် ပြောပါတယ်။
“လွိုင်ကော် တက္ကသိုလ်ဝင်းထဲက ဆရာ၊ ဆရာမတွေကို ကယ်ထုတ်ဖို့ လုပ်ဆောင်ခဲ့တယ်။ ဒါဟာ မနေ့က ၂၇ ယောက်လောက် ပြန်လည် လွတ်မြောက်နိုင်ခဲ့တယ်၊ တက္ကသိုလ်ဝင်းထဲက ပါမောက္ခချုပ်အိမ်ထဲမှာ ပိတ်မိနေတဲ့ ပါမောက္ခ အပါအဝင် ဆရာ၊ ဆရာမ သုံးယောက်နဲ့ ကလေး သုံးယောက်ကိုတော့ ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။ ဒီ PDF အမည်ခံ အကြမ်းဖက်အဖွဲ့၊ KNPP အကြမ်းဖက်အဖွဲ့က ကိုယ့်ပြည်နယ်ရဲ့ အနာဂတ်နဲ့ ကိုယ့်ပြည်နယ်ရဲ့ ပညာတတ်များကို ပြန်လည် ဖျက်ဆီးနေတာပဲဖြစ်ပါတယ်”
အရပ်သားတွေရှိနေတဲ့ တက္ကသိုလ်ကို တိုက်ခိုက်တာဟာ စစ်ရာဇဝတ်မှုမြောက်တဲ့ ရိုင်းစိုင်းယုတ်မာတဲ့လုပ်ရပ်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက စွပ်စွဲပါတယ်။
စစ်ရေးနဲ့ မသက်ဆိုင်တဲ့ ပညာရေး အဆောက်အအုံကို တိုက်ခိုက်တာ၊ ဝန်ထမ်းနဲ့ ကျောင်းသားတွေကို ဖမ်းဆီးတာတွေဟာ စစ်ရာဇဝတ်မှု မြောက်ပြီးတော့ ဆရာ၊ ဆရာမအချို့ကိုလည်း သတ်ဖြတ်မှုရှိတယ်လို့ စစ်ကောင်စီက နိုဝင်ဘာလ ၁၇ ရက်နေ့မှာ ထပ်မံ ထုတ်ပြန်ပါတယ်။ သူတို့အားလုံးကို ပြန်လွှတ်ပေးဖို့လည်း တောင်းဆိုထားပါတယ်။ ဆရာ၊ ဆရာမ ဘယ်နှဦး အသတ်ခံသလဲဆိုတာကိုတော့ ထုတ်ပြန်ချက်မှာ အတိအကျ ဖော်ပြမထားပါဘူး။
ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ (KNPP) အတွင်းရေးမှူး (၂) ဦးအောင်ဆန်းမြင့်ကတော့ ဒီစွပ်စွဲချက်တွေ မမှန်ကန်ဘဲ စစ်ကောင်စီကသာ လွိုင်ကော် တက္ကသိုလ်မှာ တိုက်ပွဲဖြစ်စဉ်က ဝန်ထမ်းနဲ့ ကျောင်းသူ၊ ကျောင်းသားတွေကို လူသားဒိုင်းအဖြစ် အကာကွယ်ယူပြီး တိုက်ခိုက်ခဲ့တာလို့ RFA ကို ဒီနေ့ပြောပါတယ်။
“ကျွန်တော်တို့က ဝန်ထမ်းတွေကို ဖမ်းဆီးထားတာ မဟုတ်ပါဘူး။ လွိုင်ကော် တက္ကသိုလ်ထဲမှာ တိုက်ပွဲဖြစ်တယ်။ အဲဒါကို စစ်ကောင်စီက လူသားဒိုင်းအဖြစ်နဲ့နေပြီး နေရာယူထားတာအတွက်ကြောင့်မလို့ ကျွန်တော်တို့က သူတို့ကို ဘေးလွတ်ရာကို ရွှေ့ပေးတာဖြစ်တယ်။ အခုလည်း သူတို့ သွားချင်တဲ့ နေရာကိုသွားဖို့ စီစဉ်နေတာ ရှိပါတယ်။ ဖမ်းဆီး၊ နှိပ်စက်၊ သတ်ဖြတ်တာတွေ ဘာတစ်ခုမှ လုပ်ထားတာ မရှိပါဘူး။ ဖမ်းဆီးရင် သူတို့ (စစ်ကောင်စီ) လိုမျိုး တိုက်ပွဲဖြစ်တဲ့နေရာမှာ ဓားစာခံ ထားမှာပေါ့။ အခုဟာက ဘေးကင်းလွတ်ရာကို ခေါ်ထုတ်သွားပေးတာလေ။ အဲဒါက အသိသာကြီးပါ”
ဝန်ထမ်းတွေနဲ့ မိသားစုဝင်တွေကို ဘေးကင်းလုံခြုံစွာ စောင့်ရှောက်ထားပြီး မိသားစုတွေနဲ့ အမြန်ဆုံး ပြန်လည်တွေ့ဆုံနိုင်ဖို့ ဆက်လက် လုပ်ဆောင်ပေးနေတယ်လို့ ကရင်နီ အမျိုးသားများ ကာကွယ်ရေးတပ် (KNDF) ကလည်း လွိုင်ကော် တက္ကသိုလ် ပါမောက္ခချုပ် ဦးအောင်ခင်မြင့်နဲ့ ဆရာ၊ ဆရာမတွေ ကိုယ်တိုင် ပြောဆိုထားတဲ့ ဗီဒီယိုတွေကို နိုဝင်ဘာလ ၂၀ ရက်နေ့မှာ သူတို့ရဲ့ လူမှုကွန်ရက် စာမျက်နှာကတစ်ဆင့် ပြသလာပါတယ်။
လက်ရှိအချိန်မှာ ဝန်ထမ်းတွေနဲ့ မိသားစုဝင်တွေရဲ့ ဘေးကင်းလုံခြုံရေးက ဦးစားပေး လုပ်ဆောင်ရမယ့် အရာဖြစ်ပြီး အမျိုးသမီးတွေနဲ့ ကလေးတွေ ပါဝင်နေတဲ့အတွက် လူ့အခွင့်အရေး ရှုထောင့်အရ ပိုမိုသတိထားပြီး ကိုင်တွယ်ရမှာ ဖြစ်တယ်လို့ မြန်မာနိုင်ငံ လူ့အခွင့်အရေးကွန်ရက် (BHRN) ရဲ့ အမှုဆောင် ညွှန်ကြားရေးမှူး ဦးကျော်ဝင်းက ပြောပါတယ်။
“လူ့အခွင့်အရေး ရှုထောင့်က ပြောရမယ်ဆိုရင် ဒီလူတွေကို ကာကွယ်စောင့်ရှောက်ဖို့အတွက် တာဝန်အရ၊ ဒီလူတွေကို အကာအကွယ်ပေးမယ့် အုပ်ချုပ်တဲ့နယ်မြေမှာ ရောက်နေတဲ့ လူတွေရဲ့ တာဝန်ဖြစ်တယ်။ ဥပမာ ဒီလူတွေက တိုင်းရင်းသား လက်နက်ကိုင် နယ်မြေထဲမှာ ရှိနေတယ်ဆိုရင် ဒီလူတွေကို အကာအကွယ်ပေးဖို့ တာဝန်က တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေမှာ ရှိသွားပြီပေါ့။ လက်နက်ကိုင် အဖွဲ့အစည်းတွေမှာကျတော့ လုံခြုံရေးအရ စစ်ဖြစ်နေတဲ့အချိန်မှာ တချို့ကိစ္စတွေကို ကိုင်တွယ်လို့၊ ဖြေရှင်းလို့ မရတာကို နားလည်ပေးလို့ ရတယ်။ ဒါပေမဲ့ အမျိုးသမီးတွေ၊ ကလေးတွေ ပါနေတဲ့အပေါ်မှာတော့ သတိထားပြီး ကိုင်တွယ်စေချင်တယ်ပေါ့”
ရှမ်းမြောက်ဒေသက ၁၀၂၇ စစ်ဆင်ရေးနဲ့ ဟန်ချက်ညီ ကယားပြည်နယ်မှာ နိုဝင်ဘာလ ၁၁ ရက်နေ့ကစလို့ တစ်လေးလုံး (၁၁၁၁) စစ်ဆင်ရေးကို ကရင်နီ တော်လှန်ရေး တပ်ပေါင်းစုတွေက ဆင်နွှဲခဲ့ပါတယ်။ အဲဒီ စစ်ဆင်ရေးအရ နိုဝင်ဘာလ ၁၃ ရက်နေ့မှာ လွိုင်ကော်မြို့ကို စတင် တိုက်ခိုက်ခဲ့ပါတယ်။
အဲဒီနောက် စစ်ကောင်စီရဲ့ တပ်ရင်းနှစ်ရင်း တပ်စွဲထားတဲ့ လွိုင်ကော် တက္ကသိုလ်ကို သိမ်းယူနိုင်ခဲ့တယ်လို့ နိုဝင်ဘာလ ၁၅ ရက်နေ့မှာ KNDF က ထုတ်ပြန်ပါတယ်။
အဲဒီ စစ်ဆင်ရေးအတွင်းမှာ စစ်ကောင်စီတပ်ရဲ့ လေကြောင်းနဲ့ လက်နက်ကြီး တိုက်ခိုက်မှုကြောင့် နိုဝင်ဘာလ ၁၁ ရက်ကနေ ၁၉ ရက်အထိ ကိုးရက်အတွင်း လွိုင်ကော်မြို့မှာတင် အရပ်သား ၄၈ ဦး သေဆုံးခဲ့ပါတယ်။ ကယားပြည်နယ်နဲ့ ထိစပ်နေတဲ့ ရှမ်းပြည်တောင်ပိုင်း မိုးဗြဲမြို့နယ်ထဲမှာတော့ ခြောက်ဦးသေဆုံးခဲ့လို့ စုစုပေါင်း သေဆုံးသူ ၅၄ ဦးရှိလာကြောင်း ကရင်နီ လူ့အခွင့်အရေးအဖွဲ့ (KnHRG) က ပြောပါတယ်။