လွိုင်ကော်နဲ့ မိုးဗြဲမှာ ပြည်သူငါးဆယ်ကျော် သေဆုံးခဲ့၊ လွိုင်ကော်မှာ နှစ်သောင်းခန့် ပိတ်မိနေ

RFA Burmese
2023.11.19
လွိုင်ကော်နဲ့ မိုးဗြဲမှာ ပြည်သူငါးဆယ်ကျော် သေဆုံးခဲ့၊ လွိုင်ကော်မှာ နှစ်သောင်းခန့် ပိတ်မိနေ ကရင်နီပူးပေါင်းတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲကြောင့် လွိုင်ကော်မြို့တွင် ပိတ်မိနေသည့်ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေသည်ကို ၂၀၂၃ နိုဝင်ဘာလ ၁၇ ရက်နေ့က တွေ့ရစဉ်။
Karenni Humanitarian Aid Initiative

တိုက်ပွဲပြင်းထန်နေတဲ့ ကယားပြည်နယ်၊ လွိုင်ကော်မြို့နဲ့ ရှမ်းပြည်နယ် ဖယ်ခုံမြို့နယ်ထဲက မိုးဗြဲမြို့မှာ နိုဝင်ဘာ ၁၁ ရက်ကနေ ၁၈ ရက်အထိ ရှစ်ရက်အတွင်း အရပ်သား ၅၂ ဦးသေဆုံးပြီး လွိုင်ကော်မြို့ထဲမှာ ပြည်သူ နှစ်သောင်းလောက် ပိတ်မိနေသေးတယ်လို့ ဒေသခံတွေနဲ့ ကရင်နီ လူ့အခွင့်အရေးအဖွဲ့ (KnHRG) က ပြောပါ တယ်။

စစ်ကောင်စီတပ်ရဲ့ လေကြောင်းနဲ့ လက်နက်ကြီးတိုက်ခိုက်မှုကြောင့် လွိုင်ကော်မြို့မှာတင် ရှစ်ရက်အတွင်း အရပ်သား ၄၆ ဦးအထိ သေဆုံးခဲ့ပြီး မိုးဗြဲမြို့နယ်ထဲမှာတော့ ခြောက်ဦးသေဆုံးခဲ့တာလို့ ဆိုပါတယ်။

(KnHRG) ရဲ့စာရင်းအရ နိုဝင်ဘာ ၁၄ ရက် တစ်ရက်တည်းမှာတင် လွိုင်ကော်မြို့မှာ ကလေးငယ်သုံးဦးနဲ့ အမျိုးသမီး ခုနစ်ဦးအပါအဝင် ၁၉ ဦးအထိ သေဆုံးခဲ့ပါတယ်။

"ထိခိုက်တာကတော့ ခုနစ်ဆယ်ကျော်သွားပါပြီ။ မထွက်နိုင်သေးတာကတော့ လွိုင်ကော်မှာကတော့ ခန့်မှန်းသလောက် နှစ်သောင်းဝန်းကျင်လောက်ရှိဦးမယ်”

တိုက်ပွဲပြင်းထန်နေတဲ့ ရှစ်ရက်အတွင်း ဒဏ်ရာရထားတဲ့ဒေသခံ ခုနစ်ဆယ်ကျော်အထိ ရှိလာပြီလို့ ကရင်နီ လူ့အခွင့်အရေးအဖွဲ့ (KnHRG) တည်ထောင်သူ ကိုဗညားက RFA ကို ပြောပါတယ်။

“အခုချိန်ထိကတော့။ ၁၁ ရက်ကနေတော့ ၅၂ ဦးထိဖြစ်သွားပြီ။ ဒါကတော့ မနေ့ကထိပေါ့နော်။ ၅၂ ဦးထိတော့ ကျွန်တော်ကတော့ Confirm ပေးလို့ ရပါတယ်ခင်ဗျာ။ သေဆုံးပါ- ဟုတ်။ လွိုင်ကော်က အများဆုံးဖြစ်တယ်။ မိုးဗြဲက ခြောက်ဦးလို့ သိထားတာ ရှိပါတယ်ခင်ဗျာ။ ဖယ်ခုံအထိတော့ တိုက်ပွဲမရှိသေးဘူးလေနော်။ မိုးဗြဲအထိပဲ ရှိပါသေးတယ်။ ထိခိုက်တာကတော့ ခုနစ်ဆယ်ကျော်သွားပါပြီ။ မထွက်နိုင်သေးတာကတော့ လွိုင်ကော်မှာကတော့ ခန့်မှန်းသလောက် နှစ်သောင်းဝန်းကျင်လောက်ရှိဦးမယ်”

ဒေသခံ သုံးသောင်းခွဲကျော်ကတော့ တိုက်ပွဲစတင်ကတည်းက လွိုင်ကော်မြို့ထဲကနေ ထွက်သွားနိုင်ပြီး ကျန်တဲ့ သူတွေလည်း တဖြည်းဖြည်း ထွက်နေကြတယ်လို့ ကိုဗညားက ပြောပါတယ်။

မိုးဗြဲမြို့နယ်ထဲမှာတော့ တော်လှန်ရေး အင်အားစုတွေက ထိန်းချုပ်ထားနိုင်ပြီဖြစ်တဲ့အတွက် ပြည်သူတွေ ပိတ်မိတဲ့အခြေအနေ မရှိတော့ဘူးလို့ လည်း ဆိုပါတယ်။



လွိုင်ကော်မြို့မှာ တိုက်ပွဲပိုပြင်းထန်လာတာကြောင့် ပြည်သူကနေပြည်သူကို ကူညီတဲ့ပုံစံနဲ့ပဲ တစ်ရက်ကို ကားအစီးရေ တစ်ရာကျော်၊ နှစ်ရာနီးပါးနဲ့ ထွက်ခွာနေကြတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ လွိုင်ကော် ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“အခြေအနေက တော်တော်လေးဆိုးရွားနေတော့ ထွက်ကို ထွက်မှရတော့မှာ။ မြို့ထဲမှာ အများကြီးကျန်သေး တယ်။ တချို့လူတွေက ထွက်ဖို့ အခက်အခဲ ဖြစ်နေကြတာပေါ့နော်။ သူတို့မှာလောလောဆယ် ကားကလည်း ငှားလို့ မရဘူး။ မနက်ခင်းဆိုရင် တောင်ဈေး ညောင်ပင်အောက်ထဲမှာ စုပြီး သုံးခွဲ၊ လေးနာရီဆိုရင်စုပြီး စုရပ် လုပ်ပြီး အဲဒီကနေ ထွက်ကြတာ။ တချို့ဆိုလည်း ဆိုင်ကယ်လည်းမရှိဘူး၊ ကားလည်းမရှိဘူး။ ဒါပေမဲ့ လွတ်တဲ့ ကားတွေက ရအောင်၊ အဆင်ပြေအောင်ညှပ်ပြီး တင်သွားကြတာ”

လွိုင်ကော်ဒေသခံတွေဟာ အဓိက ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့ဘက်ကို ထွက်ခွာနေကြတာလို့ ဆိုပါတယ်။

နိုဝင်ဘာ ၁၉ ရက် ဒီနေ့မနက်ပိုင်း လွိုင်ကော်မြို့ထဲမှာ တိုက်ပွဲဆက်ဖြစ်နေ‌ပြီး စစ်ကောင်စီတပ်ကလည်း လေကြောင်းက ပစ်ခတ်နေတယ်လို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) သတင်းနဲ့ ပြန်ကြားရေး တာဝန်ရှိသူက RFA ကို ပြောပါတယ်။
“ဒီမနက်ပိုင်းကတော့ ကျွန်တော်တို့ ဒီလွိုင်ကော်မြို့ထဲမှာပဲ တိုက်ပွဲတွေ ဆက်ဖြစ်ပါတယ်။ စစ်ကောင်စီကတော့ လေယာဉ်နှစ်စင်းနဲ့ လာကြဲသွားတယ်ပေါ့နော်။ ခုနကပဲ ပြန်သွားတယ်။ သူတို့အထိုင်ချထားတဲ့ နေရာတွေကို သူတို့ ကာကွယ်နိုင်ဖို့အတွက်ပဲ လေယာဉ်နဲ့လိုက်ကြဲတာမျိုးတွေ၊ နောက်တစ်ခုက ရပ်ကွက်တွေထဲမှာ လေယာဉ်နဲ့ လိုက်ကြဲတာမျိုးတွေ လုပ်နေတာမျိုးရှိတာပေါ့နော်”

တိုက်ပွဲဖြစ်နေတဲ့ရပ်ကွက်အနီးက ပြည်သူတွေ ထွက်သွားကြပြီဖြစ်ပေမယ့် တိုက်ပွဲနဲ့ဝေးတဲ့ နေရာတွေက ပြည်သူ အများစု မြို့ထဲမှာပိတ်မိနေတာကြောင့် အမြန်ဆုံးထွက်နိုင်အောင် ကူညီပေးနေတယ်လို့ ဆိုပါတယ်။

ကရင်နီပူးပေါင်းတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲကြောင့် လွိုင်ကော်မြို့တွင် ပိတ်မိနေသည့်ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေသည်ကို ၂၀၂၃ နိုဝင်ဘာလ ၁၇ ရက်နေ့က တွေ့ရစဉ်။ (Photo: Karenni Humanitarian Aid Initiative)
ကရင်နီပူးပေါင်းတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲကြောင့် လွိုင်ကော်မြို့တွင် ပိတ်မိနေသည့်ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေသည်ကို ၂၀၂၃ နိုဝင်ဘာလ ၁၇ ရက်နေ့က တွေ့ရစဉ်။ (Photo: Karenni Humanitarian Aid Initiative)

(KNDF) ဥက္ကဋ္ဌ ခွန်းဘီထူးကလည်း မြို့သိမ်းတိုက်ပွဲမှာ ထိခိုက်ပျက်စီးမှု များနိုင်တာသိပေမယ့် စစ်အာဏာရှင် စနစ်ကို ဖြိုချရမှာဖြစ်တာကြောင့် ပြည်သူတွေအနေနဲ့ ဘေးလွတ်ရာကို ယာယီပြောင်းရွှေ့ကြဖို့ နိုဝင်ဘာလ ၁၃ ရက်နေ့ကတည်းက တိုက်တွန်းထားပါတယ်။

ကရင်နီပြည် စစ်ဘေးရှောင်ကူညီရေးအဖွဲ့ တာဝန်ခံကတော့ စစ်ဘေးဒုက္ခသည်တွေအတွက် နေစရာအပြင်၊ ဆေးဝါးနဲ့ စားနပ်ရိက္ခာပါ အရေးပေါ်လိုအပ်နေတယ်လို့ RFA ကို ပြောပါတယ်။

“အခုတော်တော်လေးကို အခက်အခဲရောက်မှာ။ ဘာလို့လဲဆိုတော့ လမ်းကြောင်းကလည်း ပိတ်ကုန်တဲ့အတွက် အရမ်းလည်းအေးတာကိုး ဒီးမော့ဆိုအနောက်ဘက်အခြမ်းဆိုရင်လေ၊ စောင်တွေဘာတွေဆိုလည်း သယ်ရပြုရ တာ အဆင်မပြေတော့ဘူးပေါ့နော်။ အစားအသောက်အတွက် ဆန်လည်းတော်တော်လေးကို ကုန်နေပြီ။ တစ်ခါတလေ ကိုယ်ပိုက်ဆံရှိမှ ကိုယ်ဝယ်ချင်တိုင်း ဝယ်လို့မရတဲ့အနေအထား ရောက်နေပြီဗျ”

ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ ကယားပြည်နယ်ပြောခွင့်ရ လူမှုရေးဝန်ကြီး ဦးမြင့်ကြည်ကို RFA က ဒီနေ့ တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် ဖုန်းနံပါတ် မှားယွင်းနေတယ်လို့သာ ပြန်လည်ဖြေဆိုပါတယ်။

စစ်ကောင်စီပြောခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ လွိုင်ကော်မြို့မှာ တိုက်ပွဲတွေရှိနေဆဲဖြစ်ပေမယ့် သူတို့ ပြန်တိုက်ခိုက်နိုင်ခဲ့တယ်လို့ နိုဝင်ဘာ ၁၈ ရက်နေ့က စစ်ကောင်စီပိုင် သတင်းစာတွေကနေ ပြောဆိုထား ပါတယ်။

ဒါပေမဲ့ တိုက်ပွဲအခြေအနေအသေးစိတ်နဲ့ တိုက်ပွဲကြားပိတ်မိနေတဲ့ အရပ်သားတွေနဲ့ ပတ်သက်လို့တော့ ထည့်သွင်း ပြောဆိုမထားပါဘူး။

နိုဝင်ဘာ ၁၁ ရက်နေ့ကစဖြစ်ခဲ့တဲ့ တိုက်ပွဲအတွင်း နှစ်ဖက်စလုံးရဲ့ ထိခိုက်သေဆုံးမှု အရေအတွက်ကိုလည်း စစ်ကောင်စီဘက်ကရော ကရင်နီကာကွယ်ရေးအဖွဲ့တွေ ဘက်ကရော ထုတ်ပြန်တာ မရှိသေးပါဘူး။

လွိုင်ကော်မှာရှိတဲ့ ကုလသမဂ္ဂ အဖွဲ့အစည်းတွေ၊ အစိုးရမဟုတ်တဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေက ဝန်ထမ်းတွေနဲ့ မိသားစုဝင် စုစုပေါင်း ၂၂၈ ဦးကို တောင်ကြီးမြို့ကို ပြောင်းရွှေ့ပေးခဲ့ပေမယ့် လွိုင်ကော်မြို့မှာ ပိတ်မိနေတဲ့ ဒေသခံတွေ ကျန်နေတယ်လို့ ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC) နဲ့ အမျိုးသားညီညွတ်ရေး အစိုးရ (NUG) က နိုဝင်ဘာ ၁၈ ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။