AFD ရဲ့ ချေးငွေနဲ့ အကောင်အထည်ဖော်မယ့် စီမံကိန်းတွေ တကယ်လိုအပ်သလား
2018.11.20
ရန်ကုန်တိုင်းဒေသကြီးအစိုးရက ပြင်သစ်ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ AFD ကနေ ယူရို သန်း ၇၀ ချေးငွေရယူဖို့ ကိစ္စနဲ့ ချေးယူမယ့် အစီအစဉ်ကို ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်တချို့က ကန့်ကွက်သလို တိုင်းဒေသ ကြီးလွှတ်တော် ကိုယ်စားလှယ်တွေကလည်း ထောက်ခံမှုမရှိကြဘူးလို့ သိရပါတယ်။
ဒီအကြောင်း RFA သတင်းထောက် မသီရိမင်းဇင် က စုစည်းတင်ပြထားပါတယ်။
~~~~~~~~~~
AFD ရဲ့ ချေးငွေနဲ့ အကောင်အထည်ဖော်မယ့် စီမံကိန်းတွေ တကယ်လိုအပ်သလား
(သီရိမင်းဇင်)
■ ရန်ကုန်တိုင်းဒေသကြီးအတွင်း သယ်ယူပို့ဆောင်ရေး၊ မြစ်ကမ်းတစ်လျှောက်ဖွံ့ဖြိုးရေးနဲ့ မြို့ပြယဉ်ကျေးမှု ထိန်းသိမ်းရေးအတွက် AFD ကနေ ချေးငွေရယူမယ့်ကိစ္စကို နိုင်ငံတော်သမ္မတက ပြည်ထောင်စုလွှတ်တော်ရဲ့ သဘောထားတောင်းခံရာမှာ ကိုယ်စားလှယ်တွေက ကန့်ကွက်ကြတာပါ။
အဲဒီစီမံကိန်းတွေအတွက် ပြည်ပချေးငွေရယူပြီး ဆောင်ရွက်ဖို့ လိုအပ်သလားဆိုပြီး ထောက်ပြဝေဖန်ကြတာဖြစ် ပါတယ်။
ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်တချို့ကို RFA က ဆက်သွယ်မေးမြန်းရာမှာလည်း ဒီကိစ္စအပေါ် အပြည့်အဝထောက်ခံမှု မရှိကြပါဘူး။
ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် စီမံကိန်းနဲ့ ဘဏ္ဍာရေးကော်မတီ အတွင်းရေးမှူး ဒဂုံမြို့နယ် လွှတ်တော် ကိုယ်စားလှယ် ဦးကျော်ဇေယျ က အဲဒီချေးငွေနဲ့ ဆောင်ရွက်မယ့် စီမံကိန်းတွေကိစ္စ တိုင်းလွှတ်တော် ရောက်လာရင် ကန့်ကွက်သွားမယ်လို့ ပြောပါတယ်။
"ပြည်ထောင်စုအဆင့်ကနေ ဆွေးနွေးနေကြတာပေါ့၊ အန်ကယ်တို့နဲ့တော့ မဆိုင်ဘူးပေါ့၊ သို့သော်လည်း ဒါကို အန်ကယ်တို့ စောင့်ကြည့်နေတယ်၊ ဒီနေ့တောင် အန်ကယ့် ဥက္ကဋ္ဌ ဒေါ်စန္ဒာမင်းနဲ့ အဲဒီ အကြောင်းကို ပြောဖြစ်သေးတယ်၊ အန်ကယ်တို့က ပိုသိတာပေါ့၊ မြစ်ထဲမှာ အန်ကယ်တို့က လှုပ်ရှားခဲ့တာကိုး၊ ရေစီးရေလာ အတွက်ကလည်း ဒေါ်လာ ၁၂၄ သန်းတောင် စည်ပင်အနေနဲ့ ချေးပြီးတော့ လုပ်မယ့်စီမံကိန်းကလည်း ရှိနေတယ်လေ၊ အခုလည်း ဒီမြစ်ကြောင်းဟာအတွက်တော့ ဒီငွေတွေဟာ မကုန်သင့်ဘူး၊ ဒါတွေဟာ မချေးသင့် ဘူးပေါ့၊ ချေးတဲ့ဟာကလည်း ပြန်ဆပ်ရမှာပဲလေ၊ အန်ကယ့်အနေနဲ့ မှတ်ချက်ပေးရရင် အန်ကယ်လည်း ကန့်ကွက်လို့ရရင် ကန့်ကွက်တဲ့ထဲမှာ အန်ကယ်လည်း ပါပါတယ်"
မနေ့က ပြည်ထောင်စုလွှတ်တော်မှာ ပြင်းပြင်းထန်ထန်ကန့်ကွက်ဆွေးနွေးခဲ့တဲ့ ရန်ကုန်တိုင်း ဒဂုံမြို့သစ်မြောက်ပိုင်း မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ခင်မောင်မောင် က သူကန့်ကွက်ရတဲ့အကြောင်းရင်းကို အခုလို ပြောပါတယ်။
"ဈေးအဆင့်မြှင့်တင်တာတို့၊ ပန်းခြံတိုးချဲ့တာတို့၊ ပြင်တာတို့၊ ကားရပ်နားစခန်းလုပ်တာတို့က နိုင်ငံခြား ငွေလို လား၊ နိုင်ငံခြားငွေမလိုဘဲနဲ့ နိုင်ငံခြားငွေချေးတယ်ဆိုတာမျိုးကို ကျနော်တို့က လက်မခံနိုင်ဘူး၊ ဒါကြွေးမြီလေ၊ ကြွေးမြီရဲ့နောက်မှာ အတိုးလည်းပါလာမယ်၊ အခုနိုင်ငံမှာ ကြွေးကအရမ်းများနေတယ်၊ အဲဒီတော ဒီဥစ္စာကို တစ်ယောက်တည်းသဘောကတော့ သဘောမတူဘူး၊ မထောက်ခံဘူး၊ စည်ပင်ရဲ့ ဘတ်ဂျတ်အနေအထားက မြန်မာငွေနဲ့ဆိုရင် စည်ပင်သူ့မှာငွေရှိတာပဲ၊ စည်ပင်က အခွန်တွေ ကောက်ထားတာမှ အများကြီးပဲ၊ လိုင်စင်နဲ့ ပတ်သက်ပြီး ဘီးခွန်ကိုလည်း လေး၊ ငါးဆ တိုးပြီးကောက်ထားတာတွေရှိတယ်၊ ဒီဥစ္စာတွေက ချက်ခြင်းနေ့ချင်း ညချင်း လုပ်ရမှာလား၊ အေးအေးဆေးဆေးလုပ်ရင်ရော မရဘူးလား၊ စီးပွားရေး အကြပ်အတည်းဖြစ်နေတဲ့ အချိန်မှာ ဒါတွေခဏလက်ရှောင်ထားဖို့လိုတယ်လို့ ယူဆတယ်၊ ကုန်းပေါ်က လူတွေနေ့စဉ်ထိတွေ့ခံစားနေရတဲ့ ကိစ္စတွေကို မလုပ်သေးဘဲနဲ့ ဘာမှ မဟုတ်တဲ့ Water Taxi ဆွဲဖို့ ရေထဲကကိစ္စ ဆင်းလုပ်တယ်ဆိုရင်တော့ ဒါအဓိပ္ပာယ်မရှိဘူးလို့ ပြောချင်တာပါ"
ဒါ့အပြင် ရန်ကုန်မြို့မှာ တခြားလိုအပ်တဲ့အရာတွေဖြစ်တဲ့ လမ်းတံတားနဲ့ လျှပ်စစ်မီးတွေ ပြည့်ပြည့်စုံစုံရှိရေး၊ မိုးရာသီမှာ ရေကြီးရေလျှံမဖြစ်အောင် မြောင်းတွေပြုပြင်တာ၊ လမ်းဘေးပလက်ဖောင်းတွေ ပြုပြင်တာ၊ ပျက်စီးနေတဲ့ လမ်းပိုင်းတွေ ပြုပြင်တာစတဲ့ ပြည်သူတွေ နေ့စဉ်ထိတွေ့ခံစားနေရတဲ့ ကုန်းပေါ်ကအရာတွေကို အရင်ပြုပြင်ဖို့ လိုအပ်ကြောင်းလည်း ဦးခင်မောင်မောင်က ပြောပါတယ်။
ဒီကိစ္စအပေါ်မှာပဲ တောင်ဥက္ကလာမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ စောနိုင် ကတော့ တကယ်လိုအပ်နေတာတွေရှိသလို မလိုတာတွေလည်းရှိနေကြောင်း အခုလို ပြောပါတယ်။
"တချို့ဟာတွေကျတော့လည်း လိုတော့လိုတယ်၊ ဥပမာ ငါးမိုးရိပ်ချောင်းလိုမျိုး သူတို့ဒီ Back Level ချဖို့ပေါ့လေ၊ ကြမ်းခင်း ကြမ်းခင်းတွေက မြင့်လာတာကိုး၊ ချောင်းကိုက ရေကောင်းကောင်း လက်မခံနိုင်တော့ဘူးလေ၊ အဲဒီအပိုင်းက လုပ်ရမှာ အဲဒါကျတော့ မြန်မာနဲ့ပဲလုပ်လို့မရဘူး၊ နိုင်ငံခြားချေးငွေနဲ့ လုပ်မှရမှာကိုး၊ ပန်းခြံတို့လိုမျိုး ဒေါက်တာ ခင်မောင်မောင် ပြောသွားတဲ့ ဈေးဆောက်ဖို့တွေ ဘာတွေကျတော့လည်း ချေးငွေက မလိုဘူးပေါ့လေ၊ ဟိုလိုမျိုးကတော့လည်း လိုတယ်ဗျ၊ ခေတ်အဆက်ဆက်က လုပ်မှမလုပ်တာကိုး၊ အဲတာတွေကတော့ လုပ်ဖို့လိုအပ်တာပေါ့နော်"
အဲဒီချေးငွေယူပြီး ရန်ကုန်တိုင်းအတွင်းက ငမိုးရိပ်ချောင်း(ပုဇွန်တောင်ချောင်း)ဖွံ့ဖြိုးတိုးတက်ရေး၊ ငမိုးရိပ်ချောင်းနဲ့ ရန်ကုန်မြစ်မျက်နှာစာ မြို့ပြဖွံ့ဖြိုးရေး၊ ရေကြောင်းထိန်းသိမ်းမှုတွေ၊ ကြည့်မြင်တိုင်ဈေးနဲ့ ပုဇွန်တောင်ဈေး အဆင့်မြှင့်တင်ရေးအပြင် ပန်းခြံတွေ အဆင့်မြှင့်တင့်ရေးတို့ကိုလည်း အကောင်အထည်ဖော်သွားမှာ ဖြစ်ပါတယ်။
ပုစွန်တောင်မြို့နယ်က တိုင်းလွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်ဝင်းကတော့ ဒီအပေါ်မှာ အခုလို သုံးသပ်ပါတယ်။
"တစ်ခုကတော့ ကိုယ့်နယ်မြေဒေသ ဖွံ့ဖြိုးတိုးတက်မှာဖြစ်တယ်၊ ပုစွန်တောင်မြို့နယ်က ပုစွန်တောင်ချောင်းကြီး တစ်ချောင်းလုံးရဲ့ ဘေးမှာကပ်နေတာကိုး၊ ဖွံ့ဖြိုးတိုးတက်မယ့်အပိုင်းကကြည့်မယ်ဆိုရင် ပုစွန်တောင်ဈေး ကိုလည်း အဆင့်မြှင့်တင်မယ်၊ ဈေးကလည်း နှစ်ပေါင်းကြာတော့ ဟောင်းနွမ်းနေပြီလေ၊ ချောင်းကလည်း ချောင်းဘေးမှာ ကမ်းမပြိုအောင်ထိန်းသိမ်းတဲ့အပိုင်းရယ်၊ မြစ်အတွင်းကနေပြီးတော့ မြို့တော်တစ်ခုရဲ့ အင်္ဂါနဲ့ညီအောင် လုပ်ချင်တဲ့အပိုင်းပေါ့နော်၊ နယ်မြေဒေသခံတွေအနေနဲ့ဆိုရင်တော့ ကြိုက်တာပေါ့ဗျာ၊ ဒါပေမဲ့ ခုပြောနေဆိုတာတော့ ငွေကြေးကချေးပြီးလုပ်ရမှာဆိုတော့လေ အစိုးရအတွက် ဝန်ထုတ်ဝန်ပိုးဖြစ်မှာလည်း စိုးရိမ်တာပေါ့နော်၊ ကိုယ်ပိုက်ဆံနဲ့ ကိုယ်လုပ်နိုင်ရင်တော့ ဒါတကယ်ကို ကောင်းတဲ့လုပ်ငန်းတစ်ခုပါ"
ပြင်သစ်ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ AFD ကနေ အခုချေးယူမယ့် ယူရိုသန်း ၇၀ ပါဆိုရင် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီအတွက် ပြည်ပကနေ ရယူထားတဲ့ ချေးငွေ ဒေါ်လာသန်း ၇၀၀ နီးပါးရှိသွားမှာဖြစ် တဲ့အတွက် ကြွေးမြီကြောင့် ဝန်ပိလာမှာကိုလည်း စိုးရိမ်နေသူတွေရှိနေပါတယ်။
တဆက်တည်းမှာပဲ အဲဒီစီမံကိန်းတွေကို တိုင်းအစိုးရအဖွဲ့နဲ့ နီးစပ်တဲ့ စီးပွားရေးလုပ်ငန်းရှင်တွေရရှိပြီး ပွင့်လင်းမြင် သာမှုမရှိမှာကိုလည်း ထောက်ပြသူတွေရှိပါတယ်။
ဒါ့အပြင် ချေးငွေတွေယူပြီး အကောင်အထည်ဖော်နေတဲ့ စီမံကိန်းတွေရဲ့ နောက်ဆက်တွဲ အခြေအနေတွေနဲ့ ပတ်သက်ပြီး ပြန်လည်တင်ပြမှု မရှိတာကိုလည်း မနေ့က ပြည်ထောင်စုလွှတ်တော်မှာ ကိုယ်စားလှယ်တွေက ထောက်ပြဆွေးနွေးခဲ့ကြပါတယ်။
အဲဒီချေးငွေကိစ္စနဲ့ပတ်သက်ပြီး ဘဏ္ဍာရေးဝန်ကြီးဌာန ဒုဝန်ကြီး ဦးမောင်မောင်ဝင်းက နိုဝင်ဘာလ ၁၂ ရက်နေ့က ပြည်ထောင်စုလွှတ်တော်မှာ တင်ပြခဲ့တာကို လွှတ်တော် ကိုယ်စားလှယ် ၉ ယောက်က မနေ့က ဆွေးနွေးသွားခဲ့ကြ တာဖြစ်ပါတယ်။
ဒီကိစ္စကို လာမယ့်နိုဝင်ဘာ ၂၆ ရက် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ အဆုံးအဖြတ်ပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်ရှင်။