စစ်ကြောရေးလုပ်စဉ် နှိပ်စက်ခဲ့တာကို စုံစမ်းပေးဖို့ တပ်မတော်ကို တောင်းဆို
2019.07.18

တပ်မတော်က စစ်ကြောရေးလုပ်ငန်းဆောင်ရွက်နေစဉ် လူ သုံးဦးသေဆုံးမှု ဖြစ်ပွားခဲ့တဲ့ မြောက်ဦးမြို့နယ် လက္ကာကျေးရွာက လူ ၂၃ ဦးကို ထောင်ဒဏ် ၁၀ နှစ်ကနေ ထောင်ဒဏ်တစ်သက်ချမှတ်နိုင်တဲ့ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေနဲ့ စစ်တွေခရိုင်တရားရုံးမှာ ဒီနေ့ ရုံးထုတ်ခဲ့တာဖြစ်ပါတယ်။
အဲဒီ လက္ကာကျေးရွာသားတွေကို ရက္ခိုင့်တပ်တော် AA အဖွဲ့ဝင်တွေလို့ သံသယနဲ့ ဧပြီလ ၁၀ ရက်နေ့က တပ်မတော်က ကနဦးထိန်းသိမ်းစစ်ဆေးခဲ့တာပါ။
သူတို့ကို စစ်တွေတပ်နယ်မှာ ထိန်းသိမ်းစစ်ဆေးစဉ် လူ သုံးဦးသေဆုံးခဲ့ပြီး ကျန်ရှိနေတဲ့ လူ ၂၄ ဦးထဲက ၂၃ ဦးကို စစ်တွေခရိုင်တရားရုံးမှာ စွဲဆိုထားတာဖြစ်သလို ကျန်တစ်ဦးကိုတော့ အသက်မပြည့်သေးလို့ဆိုပြီး မြောက်ဦးမြို့ ကလေးသူငယ်တရားရုံးမှာ စွဲဆိုထားတာဖြစ်ပါတယ်။
စစ်ကြောရေးဆောင်ရွက်စဉ်ရိုက်နှက်ခံရသလို ခန္ဓာကိုယ်ကို မီးနဲ့လည်းရှို့ကြောင်း၊ တကယ်ဆို သူတို့ဟာ ရွာသားတွေဖြစ်ကြောင်း၊ လူ့အခွင့်အရေးဆိုတာ ဒီနိုင်ငံမှာ ဒီလောက်ပဲရှိသလားဆိုတာကို မေးခွန်းထုတ်ချင်ကြောင်း စသဖြင့် ဖမ်းဆီးခံနေရတဲ့ကျေးရွာသားတွေက ဒီနေ့ရုံးထုတ်စဉ်မှာ ပြောဆိုခဲ့ကြပါတယ်။
ဖမ်းဆီးခံကျေးရွာသားတွေက သူတို့ဟာ တပ်မတော်က စစ်ကြောရေးဆောင်ရွက်စဉ် ပုံစံအမျိုးမျိုးနဲ့ ညှဉ်းပန်းနှိပ်စက် ခံခဲ့ရပြီး ဝန်မခံရင်သေဆုံးရမယ့် အခြေအနေဖြစ်လာလို့ သူတို့ဟာ AA အဖွဲ့ဝင်တွေပါလို့ ပြောဆိုခဲ့ရကြောင်း ဒီနေ့ရုံးထုတ်စဉ်မှာ သတင်းထောက်တွေကို ပြောဆိုခဲ့ကြပါတယ်။
တပ်မတော်ဘက်ကတော့ သံသယနဲ့ဖမ်းဆီးစစ်ဆေးသူတွေကို ညှဉ်းပန်းနှိပ်စက်တာမရှိဘူးလို့ တုံ့ပြန်ထားပါတယ်။
ဒီနေ့တရားရုံးထုတ်စဉ်မှာ လက္ကာကျေးရွာက မိသားစုဝင်တွေအများအပြား လာရောက်ခဲ့ကြပြီး အဲဒီအထဲမှာ ဖမ်းဆီးတရားစွဲဆိုခံနေရသူတစ်ဦးရဲ့မိခင် ဒေါ်စံသာနု လည်းတစ်ယောက်ပါဝင်ပါတယ်။
ဒေါ်စံသာနုက စစ်ကြောရေးကာလကရရှိခဲ့တဲ့ဒဏ်ရာဟာ ဒီကနေ့ဆိုရင် အချိန် ၃ လကျော် ကြာသွားခဲ့ပြီ ဖြစ်ပေမယ့် ဒဏ်ရာတွေကတော့ မပျောက်ကြသေးဘူးလို့ ပြောပါတယ်။
“ကျော်သန်းနိုင် ဆိုလို့ရှိရင် အဲဒီကလေးက ကျောတွေတအားအောင့်တယ်တဲ့။ သူ့အမေကဆေးဝယ်ပေးနေ ရပါတယ်။ သူကဓာတ်မှန်တွေ ဘာတွေရိုက်ချင်တယ်။ ဆေးခန်းတွေ ဘာတွေပြချင်တယ်လို့ပြောတယ်။ မပြရဘူး”
မင်းပြား၊ မြောက်ဦး၊ ကျောက်တော်၊ ရသေ့တောင် စတဲ့မြို့နယ်တွေမှာ ပြီးခဲ့တဲ့ ဒီဇင်ဘာလလောက်ကနေစပြီး တပ်မတော်က ဖမ်းဆီးစစ်ဆေးပြီးနောက် သေဆုံးသူဟာ ၁၅ ဦးလောက်ရှိနေပါတယ်။
လက္ကာကျေးရွာသား ၃ ဦးစစ်ကြောရေးမှာ သေဆုံးခဲ့ရတဲ့ဖြစ်စဉ်အပါအဝင် တပ်မတော်ထိန်းသိမ်းစစ်ဆေးစဉ် သေဆုံးခဲ့ရတဲ့ဖြစ်စဉ်တွေနဲ့ ပတ်သက်လို့ ဇူလိုင်လ ၁၂ ရက်နေ့ကစပြီး စုံစမ်းစစ်ဆေးရေးခုံရုံးဖွဲ့စည်းပြီး စုံစမ်းစစ်ဆေးသွားမယ်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။
ဒီနေ့ တရားရုံးကိုလာရောက်တဲ့ ဖမ်းဆီးခံထားရသူ ကိုနိုင်ဝင်းရဲ့ဖခင် မြောက်ဦးမြို့နယ် မောင်ရွှီကန်ကျေးရွာ ဦးကျန်မောင်က သူ့သားဟာ အပြစ်မရှိတာကြောင့် ပြန်လွှတ်ပေးမယ်လို့ ရခိုင်ပြည်နယ်အစိုးရတာဝန်ရှိသူတွေ က ပြောဆိုခဲ့ပေမယ့် အခုထိပြန်လွှတ်မပေးတာကို နားမလည်နိုင်ဖြစ်ရတယ်လို့ဆိုပါတယ်။
သူဟာ ပြည်နယ်အစိုးရတာဝန်ရှိသူတွေ ပြောဆိုထားတဲ့ကတိအတိုင်း သားဖြစ်သူ အမြန်ဆုံးပြန်လည် လွတ်မြောက်လာဖို့ကို မျှော်လင့်နေသူလည်းဖြစ်ပါတယ်။
တပ်မတော်စုံစမ်းစစ်ဆေးရေးအဖွဲ့နဲ့တွေ့ဆုံပြီး အောက်ခြေမှာ မတော်မတရားဖမ်းဆီးခံခဲ့ရတဲ့ ဖြစ်စဉ်တွေကို တင်ပြချင်တယ်လို့လည်း ဦးကျန်မောင် ကပြောပါတယ်။
“စုံစမ်းစစ်ဆေးရေးအဖွဲ့နဲ့တွေ့ရင် ကျွန်တော်တို့က ပွင့်ပွင့်လင်းလင်း သူတို့ကိုရှင်းပြချင်တယ်။ ပြောပြချင်တယ်။ အမှန်တကယ်ဖြစ်ရပ်တွေကို ကျွန်တော်တို့က ပွင့်ပွင့်လင်းလင်း၊ ကျေကျေနပ်နပ်နဲ့ ပြောပြချင်တယ်”
လက္ကာကျေးရွာက ဖမ်းဆီးခံရသူတွေရဲ့ မိသားစုဝင်တစ်ဦးဖြစ်သူ ဒေါ်ဦးဝင်းကြည် ကလည်း တပ်မတော် တာဝန်ရှိသူတွေအနေနဲ့ မှန်မှန်ကန်ကန်ဖြစ်အောင် ဆောင်ရွက်ပေးစေချင်တယ်လို့ ပြောပါတယ်။
“တပ်မ ၂၂ နဲ့ ၅၅ တပ်ရင်းမှူးက ပြောသွားတယ်။ ကျွန်မတို့ ရွာသူရွာသားတွေလည်း အကုန်လုံးကိုကြားတယ်။ ခင်ဗျားတို့လူတွေ ဘာမှမဖြစ်စေရဘူး။ ခင်ဗျားတို့လူတွေကို ပြန်လွှတ်ပေးမှာတဲ့။ ခင်ဗျားတို့ လူတွေကို ခေတ္တ ခဏပဲ ကျွန်တော်တို့ စီစစ်ဖို့အတွက်ခေါ်တာတဲ့ အဲလိုမျိုးပြောသွားတာ။ အခုဆိုရင် အချိန် ၃ လတောင်ကျော် သွားပြီ။ အပေါ်ကလူကြီးတွေကိုပေါ့နော် မှန်မှန်ကန်ကန်ဖြစ်အောင် ဆောင်ရွက်ပေးပါလို့ ကျွန်မတို့ မေတ္တာရပ်ခံပါတယ်”
ဒီနေ့ တရားရုံးချိန်းကို လာရောက်တဲ့မိသားစုတွေက ထိန်းသိမ်းစစ်ဆေးစဉ် သေဆုံးခဲ့ရတဲ့ဖြစ်စဉ်အပြင် စစ်ကြောရေးမှာ ညှဉ်းပန်းနှိပ်စက်ခံခဲ့ရတဲ့ဖြစ်ရပ်တွေကိုပါ တပ်မတော် စုံစမ်းစစ်ဆေးအဖွဲ့က စစ်ဆေးပေးဖို့ ပြောဆိုကြပါတယ်။
ဒီကိစ္စနဲ့ပတ်သက်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကို RFA က ဆက်သွယ်မေးမြန်းတဲ့အခါမှာ ရေရေရာရာဖြေကြားတာမတွေ့ရပါဘူး။
“ကျွန်တော်တို့ကတော့ သဘောထားပြောပြီးသားပါခင်ဗျ။ နိုင်ငံသားတိုင်းမှာ ဥပဒေအရ အကာအကွယ် ယူပိုင် ခွင့်ရှိတယ်။ ဥပဒေအရလုပ်ဆောင်ပိုင်ခွင့်ရှိတယ်။ အဲဒါတွေနဲ့ပတ်သက်လို့တော့ ဒါတွေဟာ ဥပဒေ အတိုင်းဆောင်ရွက်လို့ရပါတယ်ခင်ဗျ။ နစ်နာမှုရှိသူတိုင်း ဥပဒေအတိုင်းဆောင်ရွက်လို့ရပါတယ်။ တရားဝင် လုပ်ထုံးလုပ်နည်းတွေမှာရှိပြီးသားပါ။ နိုင်ငံသားတွေနစ်နာတယ်ဆိုလို့ရှိရင် သူရဲ့နစ်နာဆုံးရှုံးမှုတွေကို တရားဥပဒေအရ အဆုံးအဖြတ်ခံယူပိုင်ခွင့်ရှိပါတယ်ခင်ဗျ”
ဒီနေ့ ရုံးထုတ်ခဲ့တဲ့ လူ ၂၃ ဦးကို လာမယ့် ဇူလိုင်လ ၃၁ ရက်နေ့ကို ထပ်မံချိန်းဆိုလိုက်ပါတယ်။
ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့ ဒီဇင်ဘာလကနေ ဒီနေ့အထိ ရက္ခိုင့်တပ်တော် AA နဲ့ အစိုးရတပ်မတော်တို့အကြား တိုက်ပွဲကာလအတွင်း သေဆုံးသူအရပ်သား ၇၀ ကျော်အထိရှိနေပြီး ဆေးရုံတက်ကုသခဲ့ရတဲ့ ဒဏ်ရာရသူကတော့ ၁၀၀ ကျော်အထိရှိနေပါတယ်။
ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့ဇွန်လအထိ AA အဖွဲ့နဲ့ပတ်သက်လို့ လူ ၉၃ ဦးကိုစစ်ဆေးခဲ့ပြီး အဲဒီအထဲက လက်ရှိ အချိန်အထိ လူ ၃၉ ဦးကို စစ်ဆေးနေဆဲဖြစ်တယ်လို့ ပြန်လွှတ်ပေးတာ ရှစ်ဦး၊ အမှုဖွင့်အရေးယူထားတာ ၄၅ ဦးရှိတယ်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ်ဇော်မင်းထွန်း က ပြောပါတယ်။