လောက်ကိုင်က အွန်လိုင်း ငွေလိမ်ဂိုဏ်းတွေမှာ ဝန်ထမ်းတွေ ဖိအားပေးခိုင်းစေခံနေရ

RFA Burmese
2023.09.18
လောက်ကိုင်က အွန်လိုင်း ငွေလိမ်ဂိုဏ်းတွေမှာ ဝန်ထမ်းတွေ ဖိအားပေးခိုင်းစေခံနေရ 'ဝ'ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အွန်လိုင်းငွေလိမ်ဂိုဏ်းများတွင် ပါဝင်လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသားများအား UWSA 'ဝ' တပ်ဖွဲ့က ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၇ ရက်နေ့တွင် နယ်စပ်ကတစ်ဆင့် တရုတ်နိုင်ငံသို့ လွှဲပြောင်း ပေးနေစဉ်။
Citizen Journalist

ရှမ်းပြည်နယ်မြောက်ပိုင်း 'ဝ' ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသက တရုတ်နိုင်ငံသား အွန်လိုင်း ငွေလိမ်လုပ်ငန်း လုပ်ကိုင်သူတွေကို ဖမ်းဆီးပြန်ပို့နေပေမယ့် ကိုးကန့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့နဲ့ ကရင်ပြည်နယ်၊ မြဝတီမြို့နယ် ရွှေကုက္ကိုဒေသမှာ အဲဒီလိုလုပ်ငန်း အများအပြားရှိနေပြီး မြန်မာနိုင်ငံသား ဝန်ထမ်းတွေ နှိပ်စက်ညှဉ်းပန်းခံနေ ရတယ်လို့ ကိုယ်တွေ့ကြုံသူတွေက ပြောပါတယ်။

လောက်ကိုင်မြို့နယ်မှာ တရုတ်နိုင်ငံသားတွေ ဦးဆောင်တဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်း ၇၀ ခန့် ရှိနေပြီး တစ်မြို့လုံး နီးပါး လုပ်ကိုင်နေတာလို့ ဒေသခံတွေနဲ့ ကိုယ်တိုင်အလုပ်လုပ်ခဲ့သူတွေ က ပြောပါတယ်။ အပြင်ဘက်မှာ ဂိမ်းဆိုင်နဲ့ ဟိုတယ်တွေအဖြစ် အသွင်ပြထားပြီး ဒေသ အခြေစိုက် စစ်ကောင်စီလက်အောက်ခံ ပြည်သူ့ စစ်တွေက လုံခြုံရေးယူပေးထားတယ်လို့ ဆိုပါတယ်။

"တချို့က ရောင်းစားခံထားရတာ။ ရောင်းစားခံထားရတဲ့ သူတွေကျတော့ ထောင်လိုမျိုးပဲ အုတ်တံတိုင်း အမြင့်ကြီး နှစ်လွှာလောက် ဆောက်လိုက်တယ်ပေါ့၊ နှစ်ဆင့်လောက်။ တစ်နေ့ တစ်နေ့ တော်တော် ရိုက်တယ်"

တချို့လုပ်ငန်းရှင်တွေက အထပ်မြင့်အဆောက်အအုံတွေကို ငှားရမ်းလုပ်ကိုင်ပြီး ဝန်ထမ်း တွေကို ထောင်လို ပိတ်လှောင်၊ ရိုက်နှက် ခိုင်းစေနေတယ်လို့  လောက်ကိုင်မြို့ က အွန်လိုင်းငွေလိမ်ဂိုဏ်းတစ်ခုမှာ လက်ရှိ အလုပ်လုပ်ကိုင်နေတဲ့ ကိုကျော်နိုင်လို့ အမည်လွှဲ ပေးထားသူက  RFA ကို ပြောပါတယ်။

“ဟိုတယ်က ခြောက်လွှာရှိတယ်ဆိုရင် နှစ်လွှာလောက်က ကျားဖျန့်တွေချည်းပဲလေ။ သူက အဲဒီမှာ ဓာတ်လှေ ကား သွားလို့မရဘူး။ သူက အဲမှာ ပိတ်ပစ်လိုက်တာ၊ ထောင်ပုံစံ မျိုးပေါ့နော့်။ တံခါးပေါက်တွေဆိုလည်း ဝရိန်တွေနဲ့ တစ်ခါတည်း ဆော်တယ်။ လှေကားထစ် အပေါက်ကိုလည်း သံတံခါးနဲ့ လုပ်ပစ်လိုက်တယ်။ နောက် သူတို့ ပေးမထွက်ဘူး ဝင်ပြီးတာနဲ့။ တချို့က စာချုပ်ရှိတယ်လေ တချို့က ကိုယ့်ဘာသာ လုပ်တဲ့ လူတွေလည်းရှိတယ်။ တချို့က ရောင်းစားခံထားရတာ။ ရောင်းစားခံထားရတဲ့ သူတွေကျတော့ ထောင်လိုမျိုးပဲ အုတ်တံတိုင်း အမြင့်ကြီး နှစ်လွှာလောက် ဆောက်လိုက် တယ်ပေါ့၊ နှစ်ဆင့်လောက်။ တစ်နေ့ တစ်နေ့ တော်တော် ရိုက်တယ်။ ကြားနေရတယ်။ တွေ့ကို တွေ့နေရတယ်။ ကြားနေရတာတင် မဟုတ်ဘူး”

ရောင်းစားခံရတဲ့ သူတွေထဲမှာ တရုတ်နိုင်ငံသား အမျိုးသမီးငယ်တွေ ပါဝင်တာကို တွေ့ရပြီး လုံခြုံရေးအခြေ အနေအရ အရေအတွက် အတိအကျကိုတော့ မသိရဘူးလို့ ကိုကျော်နိုင် က ပြောပါတယ်။

လောက်ကိုင်မြို့ က အွန်လိုင်းငွေလိမ်ဂိုဏ်း သုံးခုမှာ တစ်နှစ်ကျော် အလုပ်လုပ်ခဲ့ဖူးသူ တစ်ဦးကတော့ လောက်ကိုင်မြို့က ငွေလိမ်ဂိုဏ်းတွေမှာ ဗမာစကားမတတ်တဲ့ တရုတ် နိုင်ငံသားတွေက အဓိက ဦးစီး လုပ်ကိုင်နေတာလို့  ပြောပါတယ်။

“ကျွန်တော် သုံးနေရာသွားခဲ့တယ်။ သုံးနေရာလုံးက သုံးမျိုး လုပ်ရတာပေါ့။ ကျွန်တော်ကတော့ မိန်းကလေး ပုံစံ ပရိုဖိုင်းတွေနဲ့ ဟိုဘက်ကနေ အင်ဖော်မေးရှင်း တောင်းရတာပေါ့။ အင်ဖော်မေးရှင်းတွေ သိသင့်သလောက် သိပြီဆိုရင် တရုတ်တွေကိုင်တဲ့ အကောင့်တစ်ခု ပေးလိုက်ရင် တရုတ်တွေက ဆက်ပြောတာပေါ့။ ဖမ်းရင်လည်း လောက်ကိုင်တစ်မြို့လုံး ဖမ်းရမှာပဲ၊ ဘာလို့လဲဆိုရင် တစ်မြို့လုံးက အဲအလုပ်တွေပဲ လုပ်တာကိုး။ တရုတ်ပြည်က တရုတ်တွေလည်း ပါတယ်။ တချို့ ဗမာစကားမတတ်တဲ့ တရုတ်တွေဆို အများကြီးပဲ။ အဓိက တရုတ်ပြည်ထဲက တရုတ်တွေပဲ။ သူတို့ကပဲ ဒီငွေရေး၊ ကြေးရေးပိုင်းတွေ ဆက်လိမ်တာပေါ့နော်”

ဒီကိစ္စနဲ့ပတ်သက်ပြီး ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ တာဝန်ရှိသူတွေကို RFA က ဖုန်းနဲ့ အကြိမ်ကြိမ် ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့ မရပါဘူး။

ကိုးကန့်ဒေသ ဦးစီးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်ဆွေ ကတော့ အွန်လိုင်းငွေလိမ်ဂိုဏ်းနဲ့  ဆက်စပ်ရာဇဝတ်မှုတွေကို နှိမ်နင်းဖို့  အိမ်နီးချင်းနိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်မယ်၊ ဖမ်းမိသူတွေကို နေရပ်ပြန်ပို့ရေးကိစ္စ ဆောင်ရွက်မယ်လို့ အခုလ ၈ ရက် ကိုးကန့်ဒေသ ဌာနဆိုင်ရာအစည်းအဝေးမှာ ပြောခဲ့ပါတယ်။

စက်တင်ဘာ ၁၆ ရက်နေ့က မြန်မာနိုင်ငံကနေ ဖမ်းမိတဲ့ အွန်လိုင်းလိမ်လည်မှုနဲ့ ပတ်သက်တဲ့ သံသယရှိသူ ၁၀၉ ဦးကို တရုတ်နိုင်ငံဘက် ပြန်လွှဲပြောင်းပေးခဲ့ကြောင်း တရုတ်ပြည်သူလုံခြုံရေးဝန်ကြီးဌာနကို ကိုးကားပြီး စက်တင်ဘာ ၁၇ ရက် ဆင်ဟွာ သတင်းမှာ ဖော်ပြထားပါတယ်။ အဲဒီအထဲမှာ တရုတ်နိုင်ငံမှာ ရာဇဝတ်မှုတွေလုပ်ပြီး ထွက်ပြေးတိမ်းရှောင်နေတဲ့ ဝရမ်းပြေး ၁၁ ဦး ပါဝင်တယ်လို့ ဆိုပါတယ်။

ဒါဟာ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေကို အဓိက ပစ်မှတ်ထားနှိမ်နင်းတဲ့ တရုတ်နဲ့ မြန်မာ နယ်စပ်ဖြတ်ကျော် ဥပဒေစိုးမိုးရေး ပူးပေါင်းဆောင်ရွက်မှုရဲ့ အစိတ်အပိုင်းဖြစ်ပြီး အရင်ကလည်း တရုတ်နိုင်ငံသား ၁၄၈၂ ဦးကို ပြန်ပို့ခဲ့ကြောင်း၊ အဲဒီအထဲမှာ ဝရမ်းပြေး ၅၈ ဦးပါဝင်ကြောင်း ဆင်ဟွာသတင်း မှာ ဖော်ပြထားပါတယ်။

ဖမ်းမိသူတွေဟာ သာမန်ဝန်ထမ်းနဲ့ မန်နေဂျာတွေသာဖြစ်ပြီး နောက်ကွယ်က အဓိကကြိုးကိုင်နေတဲ့ တရုတ် လုပ်ငန်းရှင်ကြီးတွေကတော့ သတင်းကြိုရတာကြောင့် ကြိုပြီးတိမ်းရှောင်သွားကြတာလို့ ဒေသခံတွေက  ပြော ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး လားရှိုးအခြေစိုက် 'ဝ'တပ်ဖွဲ့ ဆက်ဆံရေးတာဝန်ခံ ဦးညီရမ်းကို ဆက်သွယ်မေးမြန်းတဲ့အခါ  ငွေလိမ်ဂိုဏ်းတွေနဲ့ ပတ်သက်ပြီး ဖမ်းဆီးမှုတွေ ဆက်တိုက်လုပ်နေပါတယ်လို့သာ ပြန်လည်ဖြေဆိုပါတယ်။

“တော်တော်များများကတော့ တရုတ်နိုင်ငံသားတွေပါပဲနော်။ ၁၂၀၀ ကျော်ဗျ ၁၂ဝဝ ကျော်။ ကျွန်တော်တို့ 'ဝ' ပြည် တစ်ခုလုံးပါပဲ ခင်ဗျနော်။ အတတ်နိုင်ဆုံးတော့ ကျွန်တော်တို့ တစ်ပြည်နယ်လုံး အတိုင်းအတာနဲ့တော့ လိုက်ဖမ်းနေတာပဲနော့်”

ထိုင်း-မြန်မာနယ်စပ်အနီးက ကရင်ပြည်နယ်၊ မြဝတီမြို့နယ် ရွှေကုက္ကိုဒေသမှာလည်း  အခုချိန်ထိ တရုတ်ငွေလိမ် ဂိုဏ်း အများအပြား ရှိနေသေးတယ်လို့  ဒေသခံတွေက ပြောပါတယ်။

လောင်းကစားရုံများရှိရာ ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ရွှေကုက္ကိုမြို့သစ်တွင် အဆောက်အအုံများ ဆောက်လုပ်နေသည်ကို ၂၀၂၃ ခုနှစ် မတ်လအတွင်းက တွေ့ရစဉ်။ (Photo: RFA)
လောင်းကစားရုံများရှိရာ ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ရွှေကုက္ကိုမြို့သစ်တွင် အဆောက်အအုံများ ဆောက်လုပ်နေသည်ကို ၂၀၂၃ ခုနှစ် မတ်လအတွင်းက တွေ့ရစဉ်။ (Photo: RFA)

AA ဆိုဒ်လို့ အမည်ပေးထားတဲ့ မြဝတီမြို့နယ် မယ်ထော်သလေးရွာမှာဆိုရင် တရုတ် နိုင်ငံသားတွေနဲ့ တခြား နိုင်ငံခြားသားတချို့  ပါဝင်လုပ်ကိုင်နေတာ တွေ့ရတယ်လို့  မြဝတီမြို့ခံ မမိုးအေး က ပြောပါတယ်။

“ရွှေကုက္ကိုထက်ဆိုးတာ AA ဆိုဒ်ဆိုတာလေ၊  မြဝတီကနေသွားရင် မယ်ထော်သလေး အင်ကြင်းမြိုင်ပေါ့။ အပြင် လုံးဝပေး မထွက်ဘူး အထဲမှာပဲ နေရတယ်။ တရုတ်တွေ ဆိုရင် တခြားနိုင်ငံခြားသားတွေရော ပေါ့နော်။ မြို့ခံတွေဆိုရင် ဗမာတွေဆိုရင်တော့ သိပ်ပြီးတော့ မတင်းကျပ်ဘူး။ သူက ဗမာပြည်ထဲမှာဆိုတော့ကွာ ဒီဗမာပြည်ရဲ့ အစိုးရ ဥပဒေတွေ ဘာတွေ၊ သူတို့ အဲဒါမျိုးတွေလည်း ဖြစ်လို့နေမှာပေါ့။ ရှိတာကတော့ အများ ကြီးပဲ မြဝတီကနေသွားရင် ရွှေကုက္ကိုမရောက်ခင် ဝမ်ခမှာလည်း ရှိတယ်။ ရွှေကုက္ကို လည်း လုပ်နေတာပဲ ပုံမှန်ပဲ”

မမိုးအေးရဲ့ သမီးဖြစ်သူကိုယ်တိုင် 'ဝ' ဒေသ ငွေလိမ်ဂိုဏ်းကနေ ကယ်ထုတ်ခဲ့ရတာကြောင့် မြဝတီနဲ့ တခြားဒေသက ငွေလိမ်ဂိုဏ်းမှန်သမျှကို နှိမ်နင်းပေးစေချင်တယ်လို့ ပြောပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ မြဝတီအခြေစိုက် နယ်ခြားစောင့်တပ်ဖွဲ့ တာဝန်ရှိသူတွေကို RFA က မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် အခုအချိန်ထိ ဆက်သွယ်လို့ မရပါဘူး။

ကရင်ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA –PC) ပြောခွင့်ရ ဗိုလ်မှူးကြီး စောကျော်ညွန့် ကတော့ ကရင်ပြည်နယ်က အခြေအနေတွေဟာ ကရင်အမျိုးသားတစ်ခုလုံးရဲ့ ဂုဏ်သိက္ခာ နဲ့ သက်ဆိုင်နေတာကြောင့် ကရင် လက်နက်ကိုင်အဖွဲ့တွေနဲ့ စုပေါင်းဖွဲ့စည်းထားတဲ့ စည်းလုံးညီညွတ်ရေးကော်မတီအစည်းအဝေးမှာ တင်ပြ ဆွေးနွေးသွားမယ်လို့ ပြီးခဲ့တဲ့လက RFA ကို ဖြေဆိုခဲ့ဖူးပါတယ်။  ဒါပေမဲ့ လက်ရှိနိုင်ငံရေး အခြေအနေအရ ဒီအွန်လိုင်း ငွေလိမ် ဂိုဏ်းတွေကို ထိထိရောက်ရောက် ဖမ်းဆီးအရေးယူဖို့ဟာ လက်တွေ့ မဖြစ်နိုင်သေးဘူးလို့ ပြောပါတယ်။

မြဝတီမြို့နယ်နဲ့ ကိုးကန့်ဒေက အွန်လိုင်းငွေလိမ်ဂိုဏ်းတွေကို ဖမ်းဆီးအရေးယူရေးနဲ့ ပတ်သက်လို့ ရန်ကုန်ရှိ  မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးကို RFA က အီးမေးလ်ပို့ မေးမြန်းခဲ့ပေမယ့် အကြောင်းမပြန်ပါဘူး။

အလားတူ စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ ဆက်သွယ် မေးမြန်းခဲ့ပေမယ့်လည်း ဖုန်းလက်ခံ ဖြေဆိုတာမရှိပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။