လားရှိုးမြို့ထဲ ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်ခံရ
ကံသာ
2019.11.16
2019.11.16

ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့ထဲကို ဒီကနေ့မနက် ၁၀နာရီ မိနစ် ၂၀လောက်မှာ လက်နက်ကိုင်အဖွဲ့တစ်ခုက လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာကြောင့် လားရှိုးလေဆိပ်ပြေးလမ်းအပါအဝင် နေအိမ်အချို့ပျက်စီးပြီး အမျိုးသမီးတစ်ဦး အနည်းငယ်ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။
လားရှိုးမြို့အမှတ် ၁၁ ရပ်ကွက်နဲ့ အမှတ် ၉ရပ်ကွက် ကြားမှာရှိတဲ့ ဗြုံးတောင်ဘက်ကနေ ရှော့တိုက်ဒုံးလို့ ယူဆရတဲ့ လက်နက်ကြီးတွေနဲ့ အမှတ်၉ ရပ်ကွက် ဘူတာဘက်ကို ပစ်ခတ်တာပါ။ ပစ်ခတ်တဲ့အဖွဲ့ကိုတော့ မသိရှိရသေးပါဘူး။
ပစ်ခတ်မှုအပြီးမှာ အမှတ် ၉ ရပ်ကွက် နယ်မြေ ၁ ခေးနင်းလမ်းသွယ် ၄ နေအိမ်မှာ မပေါက်ကွဲတဲ့လက်နက်ကြီး တစ်လုံးကို တွေ့ရပါတယ်။
အမျိုးသမီးတစ်ဦးလက်မှာ အနည်းငယ် ထိခိုက်ခဲ့တာကတော့ ကျည်ဆံကျခဲ့တဲ့ နယ်မြေ ၁ ကြက်စာစက်ရုံ မှာဖြစ်ပါတယ်။
အဲဒီမှာတော့ ထမင်းစားဆောင် နေအိမ်အုတ် တံတိုင်းတွေ ပျက်စီးခဲ့ပါတယ်။
နယ်မြေ ၃ တံတားထိပ်မှာ ရပ်ထားတဲ့ မော်တော်ယာဉ်နဲ့ အုတ်တံတိုင်းအနည်းငယ်လည်း ပျက်စီးသွားပါတယ်။ မပေါက်ကွဲဘဲ ကျန်နေတဲ့ လက်နက်ကြီးကျည်တွေကို တပ်မတော်ဘက်က ရှင်းလင်းနေပါတယ်။
လက်နက်ကြီးပစ်ခတ်တဲ့ ဗြုံးတောင်ကုန်း နေရာမှာ သဲအိတ် ဆယ်အိတ်နဲ့ မပစ်ခတ်ရသေးတဲ့ လက်နက်ကြီးနှစ်လုံး ကျန်နေသလို အဖုံးခွံ ခုနှစ်ခုတွေ့ရတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ မြို့ဖက်ကို ခုနှစ်လုံးပစ်ခတ်တာမှာ သုံးလုံးကွဲခဲ့တယ်လို့ ရှမ်းပြည်နယ် ဒုတိယပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးဗညားဦးကပြောပါတယ်။ လက်နက်ကြီးကျည်တွေဟာ အမှတ် ၉ ရပ်ကွက်မှာ ငါးလုံးနဲ့ လေယာဉ်ကွင်းပြေးလမ်းနားမှာ တစ်လုံး ကျရောက်ခဲ့တာပါ။
လေယာဉ်ကွင်းပြေးလမ်း အနည်းငယ်ထိခိုက်တာကြောင့် ပြင်ဆင်နေတဲ့အတွက် ဒီကနေ့ ညနေပိုင်းမှာ လားရှိုးလေယာဉ်ကွင်းကို ယာယီပိတ်ထားပြီး လေယာဉ် ခရီးစဉ်တွေ ယာယီရပ်ဆိုင်းထားတယ်လို့ လားရှိုးမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနက မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအာကာလင်းက ပြောပါတယ်။
ဒီနေ့ ပစ်ခတ်မှုဟာ သြဂုတ် ၁၅ ရက်နေ့က ပြင်ဦးလွင်မြို့နယ်ထဲက တပ်မတော် နည်းပညာတက္ကသိုလ်ကို အဝေးကနေ တိုက်ခိုက်မှုမှာအသုံးပြုခဲ့တဲ့ ၁၀၇ မမ ရှော့တိုက်ဒုံးတွေ နဲ့ ဆင်တူဖြစ်နေတာကိုတွေ့ရပြီး တိုက်ပွဲတွေမှာ ဒီဒုံးတွေကို မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေက အဓိကအသုံးပြုတာကို တွေ့ရပါတယ်။
TNLA ပြောခွင့်ရ ဗိုလ်မှူးမိုင်းအိုက်ကျော်ကတော့ ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး သူ့အနေနဲ့မသိရသေးဘူးလို့ ပြောပါတယ်။
တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ကို RFA က မေးမြန်းဖို့ ဆက်သွယ်ပေမယ့် ဖုန်းလက်ခံဖြေကြားတာ မရှိပါဘူး။