လားရှိုးအခြေစိုက် တိုင်းစစ်ဌာနချုပ်ကို သိမ်းလိုက်ကြောင်း MNDAA ကြေညာ

RFA Burmese
2024.07.25
လားရှိုးအခြေစိုက် တိုင်းစစ်ဌာနချုပ်ကို သိမ်းလိုက်ကြောင်း MNDAA ကြေညာ MNDAA တပ်ဖွဲ့ဝင်တချို့အား ၂၀၂၃ ခုနှစ် အောက်တိုဘာ နောက်ဆုံးပတ်အတွင်း ၁၀၂၇ စစ်ဆင်ရေးတွင် တွေ့ရစဉ်။
The Kokang

Updated 10:10 PM July 25,2024

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့မှာရှိတဲ့ စစ်ကောင်စီရဲ့ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်ကို MNDAA ကိုးကန့်တပ်ဖွဲ့က ဇူလိုင် ၂၅ ရက် ဒီနေ့မနက်မှာ ဝင်ရောက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ MNDAA တာဝန်ရှိသူတစ်ဦးက RFA ကို ဒီနေ့မနက်က အတည်ပြုပြောပါတယ်။

“ဟုတ်တယ်၊ သိမ်းလိုက်ပါပြီ။ ညကတည်းက တိုက်နေတာ တစ်ဝက်ပဲရတယ်။ ဒီမနက်လေးနာရီမှာ အပြည့်အဝ ထိန်းချုပ်လိုက်နိုင်ပြီ။ စစ်သုံ့ပန်းကိစ္စတွေ သိမ်းဆည်းရမိတာတွေကတော့ အရေအတွက်မှားမှာစိုးလို့ ကျွန်တော်အနေနဲ့ ပြောခွင့်မရှိပါဘူး။ အသေးစိတ်ကို ထပ်ထုတ်ပြန်ပါလိမ့်မယ်”

MNDAA ရဲ့ သတင်းမီဒီယာကလည်း ၂၃ ရက်ကြာ တိုက်ပွဲတွေဖြစ်ပြီးနောက် တိုင်းစစ်ဌာနချုပ်ကို သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပြီး ဒါဟာ သမိုင်းဝင်အောင်ပွဲ တစ်ခုလို့လည်း ဒီနေ့မနက်က ဖော်ပြပါတယ်။

စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကတော့ တိုင်းစစ်ဌာနချုပ် သိမ်းပိုက်ခံရတယ်ဆိုတာ မှန်ကန်မှုမရှိဘဲ လားရှိုးမြို့စွန်ရပ်ကွက်တွေကို လက်နက်ကိုင်အဖွဲ့တွေ ဝင်ရောက်လာတဲ့အတွက် တပ်မတော်က ရှင်းလင်းရေးတွေ ဆောင်ရွက်နေတယ်လို့ ပြောဆိုကြောင်း စစ်ကောင်စီနဲ့ နီးစပ်တဲ့ သတင်းမီဒီယာတွေမှာ ဒီနေ့ နေ့လယ်က ဖော်ပြကြပါတယ်။ ဒါပေမဲ့ လားရှိုးမြို့က အခြေအနေတွေနဲ့ပတ်သက်လို့ အသေးစိတ်ကို ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောဆိုတာမရှိပါဘူး။

“လက်နက်ချတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ရာနဲ့ချီရှိနေတယ်လို့လည်း MNDAA နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေက ပြောပါတယ်”

လားရှိုးမြို့ စစ်ရေးအခြေအနေ သိရှိသူတစ်ဦးကတော့ စစ်ကောင်စီရဲ့ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်ရှိတဲ့ အတွင်းပိုင်းနေရာအထိ ကိုးကန့်တပ်ဖွဲ့တွေ ဝင်ရောက်သွားနိုင်ခဲ့ပြီး ရှင်းလင်းရေးတွေ ဆက်လုပ်နေတယ်လို့ ပြောပါတယ်။ လားရှိုးမြို့ပတ်ဝန်းကျင်မှာရှိနေတဲ့ စစ်တပ်စခန်းကုန်းတွေကို တစ်ဆင့်ချင်း သိမ်းပိုက်နိုင်ခဲ့ပြီးနောက် အခုလို တိုင်းစစ်ဌာနချုပ်ထဲကို ဝင်ရောက်လာနိုင်တာလို့ မြေပြင်တိုက်ပွဲမှာ ပါဝင်နေသူတစ်ဦးက RFA ကို ပြောပါတယ်။

“တပ်သေးသေးလေးတွေက ဘေးမှာ အကုန်သိမ်းပြီးမှ သူ့အလယ်မှာ ကျန်တဲ့ဗျူဟာကုန်းဆို ဗျူဟာကုန်းပေါ့။ အခုက ဗျူဟာမရှိရင် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ပေါ့။ အဲဒီကောင်ကျရင်တော့ အကုန်ကျပြီပေါ့”

ဒီနေ့မနက်က လက်နက်ချတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ရာနဲ့ချီ ရှိနေတယ်လို့လည်း MNDAA နဲ့နီးစပ်တဲ့ သတင်းရင်းမြစ်တွေက ပြောပါတယ်။ ဒါပေမဲ့ အရေအတွက် အတိအကျကိုတော့ အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

တိုင်းစစ်ဌာနချုပ်ကို MNDAA က သိမ်းလိုက်တယ်ဆိုပေမဲ့ မြို့ပေါ်ရပ်ကွက်အချို့မှာတော့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ပုံမှန်အတိုင်း လှုပ်ရှားသွားလာနေတာကို တွေ့ရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

“အခုကျွန်တော်တို့ ရပ်ကွက်တွေထဲမှာ တပ်က လူတွေရှိတယ်။ မနက်အထိတော့ ဘူတာဈေးမှာ အဖွဲ့တွေအားလုံး ဈေးဝယ်နေကြတာပဲ”

အရှေ့မြောက်တိုင်း စစ်ဌာနချုပ်အနီးမှာ အမှတ် (၆၂၆) ထောက်ပံ့နဲ့ ပို့ဆောင်ရေးတပ်၊ ဆက်သွယ်ရေးတပ်၊ ဆေးတပ်၊ အမြောက်တပ်၊ ယာဥ်သိုလှောင်ရေးတပ်ရင်း၊ ဘက်စုံစိုက်ပျိုးရေးတပ်နဲ့ သံချပ်ကာတပ်ရင်းတွေ ကျန်နေပါသေးတယ်။ ဒီနေ့ နေ့လယ်အထိ မြို့ပေါ်က အမှတ် (၉)၊ အမှတ် (၅)၊ အမှတ် (၄)၊ အမှတ် (၁၂) ရပ်ကွက်တွေနဲ့ လားရှိုးပန်းခြံတွေမှာ တိုက်ပွဲတွေ ဆက်ဖြစ်နေသလို မြို့တွင်းရပ်ကွက်တွေနဲ့ လမ်းဆုံလမ်းခွတွေ၊ အထပ်မြင့်တိုက်တွေပေါ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ နေရာယူထားဆဲပဲလို့လည်း လားရှိုးမြို့ခံတစ်ဦးက ပြောပါတယ်။

“မြို့အစွန်မှာရှိတဲ့ ရပ်ကွက်တွေနဲ့ ကျေးရွာတွေက ဒေသခံတွေကတော့ နီးစပ်ရာ ဘုန်းကြီးကျောင်းတွေဆီ ထွက်ပြေးခိုလှုံနေကြပါတယ်”

စစ်ကောင်စီဘက်က မြို့တွင်းနေရာအနှံ့မှာ စစ်အင်အားတွေ ဖြန့်ထားရတာကြောင့် တပ်အင်အား အနည်းငယ်သာရှိတဲ့ တိုင်းစစ်ဌာနချုပ်အတွင်းပိုင်းအထိ MNDAA တပ်တွေ ဝင်ရောက်လာတာ ဖြစ်နိုင်တယ်လို့ လားရှိုးမြို့က စစ်ရေးအခြေအနေ သိရှိသူတစ်ဦးက သုံးသပ်ပါတယ်။

“စစ်တပ်မှာ အင်အားမရှိတော့ လူကစုပြီး နေလို့မရတော့ဘူး။ တိုင်းထဲမှာ သူတို့က အစောင့်လောက်ပဲ ထားမယ်။ အပြင်ဘက်မှာ စစ်ဘောင်ကျယ်အောင် လူဖြန့်ထားလောက်တယ်။ အဲဒီအတွက်ကြောင့်မို့ ကိုးကန့်က တိုင်းထဲကို ဝင်လုံးလို့တော့ ရမှာပဲ။ ခုနက ကျွန်တော်ပြောသလိုပေါ့။ ရပ်ကွက်တွေထဲကို သူတို့ကထွက်ပြီးတော့ နေရာယူပြီးတော့ ကြာကြာကစားလို့ရအောင်ပေါ့ဗျာ။ မြို့တွင်းတိုက်ပွဲကတော့ ဖြစ်နေမှာပဲလေနော့်”

မြို့အနီးမှာ လေကြောင်း တိုက်ခိုက်မှုအပြင်၊ လက်နက်ကြီး ပစ်ခတ်မှုတွေပါရှိနေပြီး လူနေရပ်ကွက်တွေထဲအထိ လက်နက်ကြီးဆက်တိုက် ကျရောက်ပေါက်ကွဲတာတွေ ရှိနေတယ်လို့လည်း လားရှိုးမြို့ခံတစ်ဦးက ပြောပါတယ်။ ဒီနေ့တိုက်ပွဲအတွင်း အရပ်သား ထိခိုက်ဒဏ်ရာရတဲ့ အခြေအနေကိုတော့ မသိရသေးပါဘူး။


ဆက်နွှယ်သောသတင်းများ

အပစ်ရပ် ကြေညာထားပေမဲ့ လားရှိုးမှာ တိုက်ပွဲဆက်လက်ပြင်းထန်

MNDAA ထိန်းချုပ်ရာ သိန္နီမြို့ လေကြောင်းဗုံးကြဲခံရပြီး လူ ၁၅ ဦး သေဆုံး

မန္တလေးကို ဦးတည်လာတဲ့ မဟာဗျူဟာထိုးစစ်


မြို့တွင်းမှာကျန်နေတဲ့မြို့ခံတွေလည်း မြို့ပြင်ကို ထွက်ပြေးနေရသလို မြို့အစွန်မှာရှိတဲ့ ရပ်ကွက်တွေနဲ့ ကျေးရွာတွေက ဒေသခံတွေကတော့ နီးစပ်ရာ ဘုန်းကြီးကျောင်းတွေဆီ ထွက်ပြေးခိုလှုံနေကြတယ်လို့လည်း ပြောပါတယ်။

မြို့အတွင်းပိုင်း ဘုန်းကြီးကျောင်းနဲ့ ရပ်ကွက်တွေမှာ ပိတ်မိနေတဲ့ဒေသခံတွေကို ပရဟိတသမားတွေက ကူညီနိုင်ဖို့ ကြိုးစားနေပြီး ဒီနေ့မနက်ပိုင်းမှာ ရွှေသံလွင် လူမှုကယ်ဆယ်ရေးအဖွဲ့ဝင်တစ်ဦး စနိုက်ဘာနဲ့ပစ်ခတ်ခံရလို့ ခြေထောက်မှာ ဒဏ်ရာရသွားတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

ရှမ်းပြည်နယ်၊ လားရှိုးမြို့မှာ လက်နက်ကြီးထိမှန်သေဆုံးခဲ့သူကို ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၁၂ ရက်နေ့တွင် လားရှိုးဆေးရုံသို့ ပို့ဆောင်စဉ်။ (Photo: Facebook/ ပေးသောလက် Photo)
ရှမ်းပြည်နယ်၊ လားရှိုးမြို့မှာ လက်နက်ကြီးထိမှန်သေဆုံးခဲ့သူကို ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၁၂ ရက်နေ့တွင် လားရှိုးဆေးရုံသို့ ပို့ဆောင်စဉ်။ (Photo: Facebook/ ပေးသောလက် Photo)

လားရှိုးမြို့က အခြေအနေတွေနဲ့ပတ်သက်လို့ အသေးစိတ်သိနိုင်ဖို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းနဲ့ စစ်ကောင်စီရဲ့ ရှမ်းပြည်နယ်ပြောခွင့်ရ စီးပွားရေးဝန်ကြီး ဦးခွန်သိန်းမောင်ကို RFA က ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံဖြေဆိုတာ မရှိပါဘူး။

ဇူလိုင် ၂၁ ရက်နေ့ကစပြီး လားရှိုးမြို့အဝင် ခလရ - ၄၁ တပ်ကို MNDAA ကိုးကန့်တပ်ဖွဲ့က သိမ်းပိုက်ခဲ့ပြီးနောက် မြို့အတွင်းပိုင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တပ်စွဲထားတဲ့နေရာတွေမှာ တိုက်ပွဲတွေဆက်ပြီး ဖြစ်နေတာပါ။

တိုက်ပွဲတွေကြောင့် မြို့ပေါ် လူဦးရေ နှစ်သိန်းခွဲကျော် ရှိတဲ့အထဲက သုံးသောင်းခန့်ပဲ မြို့မှာကျန်ခဲ့ပြီး ကျန်တဲ့သူတွေကတော့ နမ့်လန်၊ တန့်ယန်း၊ မိုင်းရယ်၊ ဟိုပန်နဲ့ ရှမ်းပြည်တောင်ပိုင်းက ကျေးသီး၊ လွိုင်လင်၊ နမ့်စန်၊ တောင်ကြီး၊ ရပ်စောက်၊ ညောင်ရွှေ စတဲ့မြို့တွေကို ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

ဘေဂျင်းမြို့မှာ ဒီနေ့ပြုလုပ်တဲ့ တရုတ်နိုင်ငံခြားရေးဌာန ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ… လားရှိုးမြို့ကို MNDAA က သိမ်းပိုက်လိုက်တယ် ဆိုတဲ့သတင်းနဲ့ပတ်သက်လို့ အတည်ပြုနိုင်ခြင်း ရှိ၊ မရှိ၊ တရုတ်နယ်စပ်အနီးမှာ တိုက်ပွဲဖြစ်ပွားတာ ရှိ၊ မရှိ ရိုက်တာသတင်းဌာနက မေးမြန်းခဲ့ပါတယ်။ နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ Mao Ning က တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံမြောက်ပိုင်းက အခြေအနေတွေကို အနီးကပ် စောင့်ကြည့်နေတယ်လို့သာ ပြောပါတယ်။

ဒါ့ပြင် တိုက်ပွဲတွေအဆုံးသတ်ပြီး ငြိမ်းငြိမ်းချမ်းချမ်း ဖြေရှင်းကြဖို့၊ အထူးသဖြင့် တရုတ်နယ်စပ်နဲ့ နယ်စပ်ဒေသက ပြည်သူတွေအပြင် မြန်မာနိုင်ငံတွင်းက တရုတ်စီမံကိန်းတွေ၊ စီးပွားရေးလုပ်ငန်းတွေ၊ တရုတ်နိုင်ငံသားတွေရဲ့ လုံခြုံရေးကို အာမ,ခံဖို့ နှစ်ဖက်လုံးကို တောင်းဆိုထားတယ်လို့လည်း ပြောပါတယ်။ တရုတ်အနေနဲ့ မြန်မာပြည်မြောက်ပိုင်းမှာ အပစ်ရပ်ပြီး ငြိမ်းချမ်းရေးဆွေးနွေးကြဖို့ တိုက်တွန်းတဲ့အကြောင်းလည်း တရုတ်ပြောခွင့်ရသူ Mao Ning ပြောပါတယ်။

(မှတ်ချက်။ ။ ဤသတင်းဆောင်းပါးတွင် လားရှိုးဒေသခံများ၏ ပြောဆိုချက်များနဲ့ တရုတ်နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ ပြောဆိုချက်ကို ထပ်မံဖြည့်စွက်ထားပါသည်။)

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။