လာအိုရောက် မြန်မာအလုပ်သမားတွေဆီကအခွန်ရဖို့ စစ်ကောင်စီ ကြိုးပမ်းနေ

စစ်ကောင်စီက လာအိုအစိုးရနဲ့ အလုပ်သမားအရေး ပူးပေါင်းဆောင်ရွက်တာဟာ အလုပ်သမားတွေဆီက အခွန်ကောက်ဖို့ ကြိုးစားနေတာလို့ အလုပ်သမားတွေနဲ့ အလုပ်သမားရေးဆောင်ရွက်သူတွေက ဝေဖန် ထောက်ပြနေကြပါတယ်။

လာအို- ထိုင်း- မြန်မာ သုံးနေရာမှ ရွှေတြိဂံနယ်မြေရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုအား ၂၀၂၄ ခုနှစ် ဧပြီလအတွင်းက တွေ့ရစဉ်။ Citizen Photo

စစ်ကောင်စီက လာအိုအစိုးရနဲ့ အလုပ်သမားအရေး ပူးပေါင်းဆောင်ရွက်တာဟာ အလုပ်သမားတွေဆီက အခွန်ကောက်ဖို့ ကြိုးစားနေတာလို့ အလုပ်သမားတွေနဲ့ အလုပ်သမားရေးဆောင်ရွက်သူတွေက ဝေဖန် ထောက်ပြနေကြပါတယ်။

ပြည်တွင်းမှာ အလုပ်အကိုင်ရှားပါးလာတာ၊ စစ်မှုထမ်းဥပဒေအတည်ပြုလိုက်တာတွေကြောင့် အိမ်နီးချင်း ထိုင်း၊ မလေးရှားတို့ကို သွားနေကြသလို၊ အခုနောက်ပိုင်းမှာ လာအိုနိုင်ငံကိုပါ သွားပြီး အလုပ်လုပ်တဲ့သူတွေ များလာပါတယ်။

အခု ၂၀၂၄ ခုနှစ်အတွင်းမှာ လာအိုနယ်စပ်ကိုသွားတဲ့သူ တစ်ရက်ကို ငါးဆယ်ကနေ တစ်ရာကြား ရှိနေတယ်လို့ အလုပ်သမားရေးဆောင်ရွက်သူတွေက ပြောပါတယ်။

"ရွှေတြိဂံဒေသလေးမှာပဲ အလုပ်တွေ လုပ်ရတာဆိုတော့ စက်ရုံ အလုပ်ရုံတွေလည်းမရှိတော့ အလုပ်သမားတွေအနေနဲ့ လူဦးရေနဲ့ အလုပ်နဲ့ မမျှတော့ အလုပ်တွေက ခဲယဉ်းတယ်ဗျ။ အလုပ်မပေါဘူး။ မလာစေချင်ပါဘူး”

ဒါကြောင့် စစ်ကောင်စီက အခွန်ငွေရဖို့ လာအိုအစိုးရနဲ့ ပူပေါင်းဆောင်ရွက်လာတာ ဖြစ်တယ်လို့ မြန်မာအလုပ်သမား ကိုရေခဲက ပြောပါတယ်။

"ဒီလာအိုနိုင်ငံနဲ့ ကျွန်တော်တို့ စာချုပ်ချုပ်လိုက်တယ်ဆိုတော့ လာအိုနိုင်ငံဆိုတာက ကွန်မြူနစ်နိုင်ငံ သူက တရုတ်ရဲ့ ဩဇာခံပဲ။ အဲဒီတော့ သူတို့နဲ့ သဟဇာတ ဖြစ်တယ်။ တပ်သားသစ် စုဆောင်းလို့ရမယ် ပြီးတော့ သူတို့ရဲ့ စစ်ယန္တရားအတွက် လိုအပ်တဲ့ဘဏ္ဍာငွေ သူတို့ရမယ်။ ဒါအဓိကပဲ”

စစ်အာဏာသိမ်းပြီးတဲ့နောက် မြန်မာနိုင်ငံရဲ့ မတည်ငြိမ်တဲ့အခြေအနေနဲ့ လျှပ်စစ်မီးမမှန်တာတွေကြောင့် တရုတ်အထည်ချုပ်စက်ရုံတွေ လာအိုနိုင်ငံကို ပြောင်းသွားတာတွေ ရှိပါတယ်။


ဆက်နွှယ်သောသတင်းများ

လာအိုရောက် မြန်မာအလုပ်သမားတွေ တရားဝင်ငွေလွှဲဖို့ စစ်ကောင်စီဝန်ကြီးပြော

မဲခေါင်မြစ်ထဲ လှေတိမ်းမှောက်မှု မြန်မာအလုပ်သမား ၁၆ ဦး ပျောက်ဆုံးနေ

လာအိုက ဖမ်းဆီးလိုက်တဲ့ အွန်လိုင်းလိမ်လည်မှုကွန်ရက်မှာ လုပ်ကိုင်သူတွေထဲ မြန်မာတွေပါဝင်


အဲဒီအခါမှာ သူတို့စက်ရုံက ကျွမ်းကျင်မြန်မာအလုပ်သမားတွေကိုခေါ်သွားတယ်လို့ ပြည်ပအလုပ်အကိုင်အေဂျင်စီတွေနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

“မြန်မာပြည်က စက်ရုံတွေက အလုံးလိုက်ရွှေ့သွားကြတယ်။ တရုတ်ပိုင်တဲ့ ကုမ္ပဏီတွေချည်းပဲ။ အလုံးလိုက်ရွှေ့တဲ့အခါကျတော့ အဓိကအဲဒီပြဿနာပဲ။ ဒီက ပိတ်သိမ်းတဲ့စက်ရုံတွေက လာအိုရွှေ့တော့ ဒီလူတွေက အထိုင်ကျပြီးသားလူတွေရှိတယ် လူဟောင်းတွေပေါ့။ လူဟောင်းတွေကို သူတို့ ပတ်စ်ပို့စာအုပ် လုပ်ပေးပြီးတော့ ခေါ်သွားကြတာ”

အရင်က လာအိုမှာ မြန်မာအလုပ်သမားတစ်ဦးကို လစာ ဒေါ်လာ ၂၅၀ ဝန်းကျင်ပေးခဲ့ပေမဲ့ အခု နောက်ပိုင်းမှာတော့ မြန်မာနိုင်ငံရဲ့ အခြေအနေကို အခွင့်ကောင်းယူပြီး ကျပ်ငွေနဲ့ ခုနစ်သိန်းခွဲပဲ ပေးတော့တယ်လို့ ပြောပါတယ်။ လာအိုနိုင်ငံအထည်ချုပ်စက်ရုံတွေက အများအားဖြင့် အမျိုးသမီးတွေကိုပဲ အလုပ်ခေါ်သလို၊ ပြီးခဲ့တဲ့က လေယာဉ်စင်းလုံးပြတ်တင်ပြီး ပို့လိုက်တာ တွေ့ရတယ်လို့လည်း ပြောပါတယ်။

စစ်တပ်အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ်ကနေ ၂၀၂၄ ခုနှစ် လက်ရှိအချိန်အထိ လာအိုနိုင်ငံကို ရွှေ့ပြောင်းလုပ်ကိုင်တဲ့ လူဦးရေ သုံးသိန်းကနေ ငါးသိန်းလောက်အထိ ရှိနိုင်တယ်လို့ အလုပ်သမားအရေး ဆောင်ရွက်တဲ့သူတွေနဲ့ လာအိုရောက် မြန်မာအလုပ်သမားတွေက ပြောကြပါတယ်။ ဒီအရေအတွက်နဲ့ ပတ်သက်လို့ RFA က သီးခြားအတည်မပြုနိုင်သေးပါဘူး။

လာအို- ထိုင်း- မြန်မာ သုံးနေရာမှ ရွှေတြိဂံနယ်မြေရှိ ဆောက်လုပ်ရေး လုပ်ငန်းခွင်တစ်ခုအား ၂၀၂၄ ခုနှစ် ဧပြီလအတွင်းက တွေ့ရစဉ်။ (Citizen Photo)

လာအိုမှာ အခက်အခဲမျိုးစုံရှိတဲ့အတွက် အလုပ်လာလုပ်ဖို့ အားမပေးဘူးလို့ အဲဒီမှာ ၁၅ နှစ်ကြာနေပြီဖြစ်တဲ့ ပန်းရန်ဆရာ ကိုမိုးကြီးက ပြောပါတယ်။

“အခက်အခဲကတော့ အများကြီး ရှိတာပေါ့။ နေရာဒေသကလည်း စိမ်းတယ်။ ပွဲစားတွေ စကားတွေ နားယောင်ပြီးတော့လည်း လာကြတော့ အဆင်မပြေတာ အများစုပါပဲ။ ဒီမှာ အလုပ်အကိုင်ကလည်း ရှားပါးတယ်လေနော်။ နေရာဒေသ ကျယ်ကျယ်ဝန်းဝန်းမရှိတဲ့ ဒီရွှေတြိဂံဒေသလေးမှာပဲ အလုပ်တွေ လုပ်ရတာဆိုတော့ စက်ရုံ အလုပ်ရုံတွေလည်း မရှိတော့ အလုပ်သမားတွေအနေနဲ့ လူဦးရေနဲ့ အလုပ်နဲ့ မမျှတော့ အလုပ်တွေက ခဲယဉ်းတယ်ဗျ။ အလုပ်မပေါဘူး။ မလာစေချင်ပါဘူး”

လာအို နယ်စပ်မှာအလုပ်လုပ်တဲ့သူတွေက လောင်းကစားရုံတွေ၊ အထည်ချုပ်လုပ်ငန်းတွေ၊ စိုက်ပျိုးရေး၊ စားသောက်ဆိုင်နဲ့ ဆောက်လုပ်ရေးလုပ်ငန်းတွေမှာ အများဆုံးလုပ်ကြရပြီး တရုတ် စကားတတ်ဖို့ လိုတယ်လို့ ပြောပါတယ်။

လာအိုမှာအလုပ်ရဖို့ လမ်းစရိတ် အပါအဝင် လူတစ်ဦးကို သိန်းသုံးဆယ်ထက်မနည်း ကုန်ကျတယ်လို့ ပြောပါတယ်။ အလုပ်ခေါ်တာ ဆယ်နေရာရှိရင် မြန်မာပြည်ကလာတဲ့လူဦးရေက ရာနဲ့ချီ ရှိနေတာကြောင့် အလုပ်လိုအပ်ချက်နဲ့ ရောက်လာတဲ့လူအင်အား မမျှဘူးလို့ ဆိုပါတယ်။ ဒီအခြေအနေအပေါ် အခွင့်ကောင်းယူ အကျိုးအမြတ်ရှာနေတဲ့ မြန်မာပွဲစားတွေလည်း ရှိနေပါတယ်။

လာအိုနိုင်ငံမှာ နိုင်ငံရေးလှုပ်ရှားမှုတွေ တားမြစ်ထားပါတယ်။ ပြီးခဲ့တဲ့ ဧပြီလက အဲဒီမှာ အလုပ်လုပ်ရင်း တော်လှန်ရေးကိုထောက်ပံ့နေတဲ့အဖွဲ့နှစ်ဖွဲ့ကို လာအိုအစိုးရကဖမ်းပြီး စစ်ကောင်စီကို လွှဲပေးလိုက်ပါတယ်။ အဲဒီနှစ်ဖွဲ့ကို ကျိုင်းတုံထောင်မှာ ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်းက တစ်ဦးကို ထောင်ဒဏ် ၁၅ နှစ်စီ စစ်ကောင်စီက အမိန့်ချခဲ့တယ်လို့ အလုပ်သမားတွေက ပြောပါတယ်။

ဒါဟာ တော်လှန်ရေးကိုထောက်ပံ့လို့မရအောင် စစ်ကောင်စီက ကြိုးစားလာတာလည်းဖြစ်တယ်လို့ ကိုရေခဲက ယူဆပါတယ်။

"ဒီမှာရောက်နေတဲ့ မြန်မာနိုင်ငံသားတွေက ကွန်မြူနစ်နိုင်ငံရောက်လာတာဖြစ်တဲ့အတွက်ကြောင့် သိပ်ပြီးတော့ တော်လှန်ရေးအတွက်လည်း လုပ်လို့မရတော့ ထောက်ပို့လမ်းတွေ အခုနလို နွေဦးတော်လှန်ရေးမှာ ဘယ်လိုပြောရမလဲ ကျန်တဲ့ ထိုင်းတို့၊ မလေးတို့၊ စင်ကာပူတို့ ထားပါတော့။ ဂျပန်၊ ကိုရီးယားတို့လောက် ပေါ်ပေါ်တင်တင်မဟုတ်ရင်တောင်မှပဲ ဒီ ထောက်ပံ့မှုအားနည်းသွားမယ်ပေါ့နော်။ ဒီလိုမျိုးပုံစံတွေနဲ့ ချဉ်းကပ်တယ်လို့ပဲ ကျွန်တော်က မြင်ပါတယ်"

နှစ်နိုင်ငံအလုပ်သမားရေးသဘောတူချက်တွေအပါအဝင် လာအိုနိုင်ငံမှာ ရောက်နေတဲ့ မြန်မာအလုပ်သမားကိစ္စတွေနဲ့ ပတ်သက်လို့ နိုဝင်ဘာလ ၁၄ ရက်နေ့မှာ ရန်ကုန်အခြေစိုက် လာအိုသံရုံးကို RFA က အီးမေးလ်နဲ့ ဆက်သွယ်မေးမြန်းထားပေမဲ့ ဒီနေ့အထိ အကြောင်းပြန်တာ မရှိသေးပါဘူး။ စစ်ကောင်စီရဲ့ အလုပ်သမားညွှန်ကြားမှု ဦးစီးဌာနကို RFA က တယ်လီဖုန်းတဲ့ဆက်သွယ်ခဲ့ပေမဲ့လည်း လက်ခံဖြေဆိုတာ မရှိပါဘူး။

ပြီးခဲ့တဲ့ အောက်တိုဘာ ၂၁ ရက်နေ့မှာ စစ်ကောင်စီရဲ့ အလုပ်သမားဝန်ကြီးနဲ့အဖွဲ့က လာအိုနိုင်ငံကို သွားပြီး အစည်းအဝေးပြုလုပ်ခဲ့ပါတယ်။ အဲဒီ အစည်းအဝေးမှာ နှစ်နိုင်ငံ အလုပ်သမားရေးရာ ပူးပေါင်း ဆောင်ရွက်မှု နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့တယ်လို့ စစ်ကောင်စီ သတင်းစာတွေမှာ ဖော်ပြထားပါတယ်။

ဒီလိုမျိုး သဘောတူညီချက်တွေရှိထားပေမဲ့ လတ်တလောအထိ အလုပ်သမားရေးရာ ဆောင်ရွက်တာ မရှိသေးဘူးလို့ လာအိုရောက် မြန်မာအလုပ်သမားတွေက ပြောဆိုကြပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org