လာအိုရောက် မြန်မာအလုပ်သမားတွေ တရားဝင်ငွေလွှဲဖို့ စစ်ကောင်စီဝန်ကြီးပြော

RFA Burmese
2024.10.24
လာအိုရောက် မြန်မာအလုပ်သမားတွေ တရားဝင်ငွေလွှဲဖို့ စစ်ကောင်စီဝန်ကြီးပြော လာအို- ထိုင်း- မြန်မာ သုံးနေရာမှ ရွှေတြိဂံနယ်မြေရှိ ဆောက်လုပ်ရေး လုပ်ငန်းခွင်တစ်ခုအား ၂၀၂၄ ခုနှစ် ဧပြီလက တွေ့ရစဉ်။
Citizen Photo

လာအိုနိုင်ငံရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားတွေအနေနဲ့ လစာငွေရဲ့ အနည်းဆုံး လေးပုံတစ်ပုံကို တရားဝင်လမ်းကြောင်းတွေကနေ ငွေလွှဲကြဖို့ဆိုပြီး စစ်ကောင်စီရဲ့ အလုပ်သမားဝန်ကြီး ဦးမြင့်နောင်က အောက်တိုဘာလ ၂၂ ရက်နေ့က သူ့ရဲ့ လာအိုခရီးစဉ်မှာ ပြောဆိုပါတယ်။

စစ်ကောင်စီဝန်ကြီးက လာအိုနိုင်ငံ ဗီယင်ကျန်းမြို့က စက်ရုံအလုပ်ရုံတွေမှာ အလုပ်လုပ်နေတဲ့ မြန်မာအလုပ်သမားတွေကို တွေ့ဆုံချိန်ပြောဆိုခဲ့တာဖြစ်ကြောင်း စစ်ကောင်စီရဲ့ အလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ထားတာပါ။

စစ်ကောင်စီက သူတို့ရဲ့ ဝင်ငွေရလမ်းအတွက် ပြည်ပရောက် မြန်မာအလုပ်သမားတွေရဲ့ ဝင်ငွေ နှစ်ရာခိုင်နှုန်းကို အခွန်ဆောင်ဖို့နဲ့ မိသားစုတွေထံ တရားဝင် ငွေလွှဲဖို့ နည်းမျိုးစုံနဲ့ ဖိအားပေးနေတာတွေ ရှိနေတာကြောင့်လည်း စိုးရိမ်နေရတယ်လို့ လာအိုရောက် မြန်မာအလုပ်သမား တစ်ဦးက RFA ကို ပြောပါတယ်။

“ကျွန်တော်တို့လို အခြေခံအလုပ်သမားတွေအတွက် ဘယ်လိုမှ အဆင်မပြေနိုင်ဘူး။ တစ်နေ့ ယွမ် ၈၀ ပဲရတာ။ စားစာရိတ်က ဖယ်ရသေးတယ်။ ရတဲ့လစာကို ဒီကပွဲစားတွေမှာ ငွေလဲရင် ပိုရတယ်။ စစ်ကောင်စီ သတ်မှတ်ဈေးက နည်းတယ်လေ။ သူတို့သတ်မှတ်တဲ့ နေရာကနေ ငွေလွှဲရင် ကျန်နေခဲ့တဲ့ မိသားစုအတွက် လောက်ငှမှာ မဟုတ်ဘူး”

မြန်မာရွှေ့ပြောင်း အလုပ်သမားတွေရဲ့ လစာငွေတွေကို စစ်ကောင်စီသတ်မှတ်ထားတဲ့ ငွေလွှဲလုပ်ငန်းတွေကသာ လွှဲပြောင်းဖို့ ဖိအားပေးနေတာကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ကန့်ကွက်ထားပါတယ်။ စစ်ကောင်စီ အလုပ်သမားဝန်ကြီးဌာန ညွှန်ကြားချက်ဟာ ၁၉၉၉ ခုနှစ် ပြည်ပအလုပ်အကိုင်ဆိုင်ရာ ဥပ‌‌ဒေနဲ့မညီညွတ်ဘဲ ဥပ‌‌ဒေကျော်လွန်ပြီး အကျပ်ကိုင်ဆောင်ရွက်နေတာလို့လည်း NUG က ဝေဖန်ထောက်ပြထားပါတယ်။

စစ်ကောင်စီကတော့ အလုပ်သမားကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်ရေး၊ အလုပ်အကိုင်နေရာချထားရေး၊ လူမှုဖူလုံရေး၊ အလုပ်သမားကာကွယ်စောင့်ရှောက်ရေးတို့အတွက် လာအို၊ မြန်မာ နှစ်နိုင်ငံ အလုပ်သမားရေးရာ ပူးပေါင်းဆောင်ရွက်မှု နာလည်မှုစာချွှန်လွှာကို အဲဒီခရီးစဉ်မှာ လက်မှတ်ရေးထိုးခဲ့ပါတယ်။

နယ်စပ်ဖြတ်ကျော် အလုပ်သမားတွေကို အထောက်အထားထုတ်ပေးဖို့နဲ့ အလုပ်သမားရွှေ့ပြောင်းသွားလာမှုတွေမှာ အထောက်အကူပြုမဲ့ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုတွေကို လုပ်သွားမယ်လို့ စစ်ကောင်စီဘက်က ပြောပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပြည်တွင်းမှာ အလုပ်အကိုင် ရှားပါးလာတာကြောင့် မြန်မာနိုင်ငံသားတွေဟာ ပြည်ပနိုင်ငံတွေကို နည်းလမ်းပေါင်းစုံနဲ့ အလုပ်လုပ်ကိုင်ဖို့ ထွက်ခွာနေကြတာပါ။

မြန်မာနိုင်ငံနဲ့ မဲခေါင်မြစ်ခြားထားတဲ့ လာအိုနိုင်ငံ နယ်စပ်တစ်လျှောက်က ဆောက်လုပ်ရေးလုပ်ငန်းခွင်၊ ကာစီနို၊ စိုက်ပျိုးရေးလုပ်ငန်းတွေနဲ့ ဈေးအရောင်းဆိုင်တွေမှာ တရားမဝင်ရော တရားဝင်ပါ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာအလုပ်သမား ငါးသိန်းနီးပါးရှိနေတယ်လို့ လာအိုရောက် မြန်မာတွေက ပြောပါတယ်။

လာအိုရောက် မြန်မာအလုပ်သမားဦးရေ အတိအကျကိုတော့ မြန်မာရော၊ လာအိုနိုင်ငံဘက်ကပါ တရားဝင်ထုတ်ပြန်ကြေညာထားတာ မရှိပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။