အလုပ်သမားအခွင့်အရေး ပုံသဏ္ဌာန်မျိုးစုံနဲ့ ချိုးဖောက်ခံနေရ
2023.05.01

စစ်တပ်အာဏာသိမ်းပြီးနောက် အလုပ်သမားသမဂ္ဂတွေ အားနည်းသွားတာကြောင့် မြန်မာနိုင်ငံက လုပ်ငန်းရှင်တွေဟာ လုပ်အားခ ခေါင်းပုံဖြတ်တာအပါအဝင် ပုံသဏ္ဌာန်မျိုးစုံနဲ့ အလုပ်သမားအခွင့်အရေး ချိုးဖောက်နေကြောင်း မေလ (၁)ရက် ဒီနေ့ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာအလုပ်သမားများနေ့မှာ အလုပ်သမားသမဂ္ဂတွေက ထုတ်ပြန်ပါတယ်။
ရန်ကုန်အပါအဝင် နိုင်ငံတစ်ဝန်းက အလုပ်သမားတွေဟာ အခွင့်အရေး ချိုးဖောက်ခံရမှု၊ ဖိအားပေးခိုင်းစေမှုနဲ့ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုတွေကို ဆယ်စုနှစ်တစ်စုအတွင်း အဆိုးရွားဆုံး ကြုံတွေ့နေရတယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် CTUM၊ သွေးစည်းညီညွတ်သော သမဂ္ဂများအဖွဲ့ချုပ် STUM၊ မြန်မာနိုင်ငံ အထွေထွေအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် FGWM နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ အလုပ်သမားဝန်ကြီးဌာနတို့က ကြေညာချက်တွေ အသီးသီးထုတ်ပြန်ထားသလို အလုပ်သမားတွေအတွက် အနိမ့်ဆုံးလစာကို တစ်ရက် ကျပ်တစ်သောင်းထိ တိုးမြှင့်ပေးဖို့ တောင်းဆိုထားပါတယ်။ လက်ရှိမှာ တစ်ရက်ကို ကျပ် ၄၈၀၀ ပဲ ရရှိတာပါ။
မြန်မာနိုင်ငံဟာ အလုပ်သားအခွင့်အရေးနဲ့ သက်ဆိုင်တဲ့ စာချုပ်စာတမ်းတွေကို လက်မှတ်ထိုးထားပေမယ့်လည်း အာဏာသိမ်းပြီးနောက်မှာ လုပ်ငန်းရှင်တွေဟာ စစ်ကောင်စီနဲ့ပဲ ပူးပေါင်းပြီး အလုပ်သမားအခွင့်အရေးတွေကို ခေါင်းပုံဖြတ်ချိုးဖောက် နေတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (CTUM) က တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ မဖြိုးစန္ဒာစိုးက ပြောပါတယ်။
"သူတို့ရဲ့ ချိုးဖောက်မှုက ပညာသားပါပါနဲ့ကို ချိုးဖောက်လာတာ၊ အလုပ်သမားက လူမှုဖူလုံရေးခံစားခွင့်ကအစ နေ့စား၊ ယာယီ၊ ပုတ်ပြတ်ဖြစ်တယ်ဆိုရင် မရတော့ဘူး။ နောက်တစ်ခုက အလုပ်သမားအမျိုးသမီးတွေကို ပိုပြီးတော့မှ လိင်ပိုင်းဆိုင်ရာမှာ နှုတ်အားဖြင့်၊ ခန္ဓာကိုယ်အားဖြင့် ထိပါးလာတာရှိတယ်။ အဲဒီမှာလည်း အလုပ်သမားတွေက မတိုင်ရဲတော့ဘူး။ အလုပ်အကိုင် အာမခံချက်မရှိအောင် အရင်လုပ်ပြီးတော့မှ နေ့စား၊ ယာယီ၊ ပုတ်ပြတ်ဖြစ်သွားတဲ့ အချိန်ကျတော့မှ စိတ်ကြိုက်ကို အလုပ်သမားအခွင့်အရေးတွေ ချိုးဖောက်လာကြတာပေါ့"
အာဏာမသိမ်းခင်ကဆိုရင် အလုပ်သမားတစ်ဦးကို နစ်နာကြေးမပေးဘဲ အလုပ်ထုတ်လို့ မရခဲ့ပေမယ့် အခုနောက်ပိုင်းမှာတော့ နစ်နာကြေးမပေးဘဲ အစုလိုက်အပြုံလိုက် အလုပ်ထုတ်တာတွေ လုပ်လာတယ်လို့ သူက ဆိုပါတယ်။
အရပ်သားအစိုးရတွေ လက်ထက်မှာ မေလ (၁) ရက်နေ့ ရောက်တိုင်း စက်ရုံတွေမှာ အလုပ်သမားအခွင့်အရေး အသိပညာပေးဆွေးနွေးပွဲတွေ လုပ်ခွင့်ရခဲ့ပေမယ့် အခု စစ်ကောင်စီလက်ထက်မှာတော့ အလုပ်သမားအခွင့်အရေးဟာ အဆိုးဆုံးအခြေအနေထိ ရောက်နေတယ်လို့ သမဂ္ဂအဖွဲ့ဝင်တွေက ပြောပါတယ်။
အာဏာသိမ်းပြီးနောက် ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ်ထဲက အထည်ချုပ်စက်ရုံတစ်ရုံမှာ အလုပ်သမားတွေရဲ့ ဆန္ဒမပါဘဲ ဖိအားပေး အချိန်ပိုဆင်းခိုင်းတာတွေ လုပ်နေတယ်လို့ ကိုယ်တွေ့ကြုံရတဲ့ အလုပ်သမားတစ်ဦးက ပြောပါတယ်။
"အလုပ်ချိန်က ၈ နာရီပဲ ရှိရမှာ။ တရားဝင် OT (အချိန်ပို) အနေနဲ့ သူတို့စာတွေ၊ ဘာတွေ တင်တယ်ဆို ၁၀ နာရီ လောက်ပဲ ရှိရမှာ။ အခုဟာက ၁၀ နာရီ မကတော့ဘူး။ ည ၈ နာရီတို့၊ ၉ နာရီတို့အထိ ဆင်းရတာပေါ့။ အလုပ်သမားတွေကတော့ ပြောတာပေါ့၊ အခုကာလက မီးခဏခဏပြတ်နေတော့ အိမ်ပြန်တဲ့အခါ နောက်ကျတာတွေ၊ ဈေးဝယ်ရတာတွေ ရှိတယ်ဆိုတာ။ ဒါပေမဲ့ သူတို့တွေက အဲဒါတွေကို နားလည်ပေးတာ မဟုတ်ဘူး။ သူတို့လိုအပ်တာကိုပဲ ဆင်းခိုင်းတာ။ မဆင်းတဲ့အခါမျိုးတွေကျရင် ဆူတာမျိုးတွေ Warning ထိုးရတာမျိုးတွေ အဲဒီလိုမျိုးတွေ ကြုံရတယ်"
ရန်ကုန် လှိုင်သာယာအထည်ချုပ်စက်ရုံ တစ်ရုံမှာ အလုပ်လုပ်နေတဲ့ မသွယ်သွယ်ကတော့ စစ်ကောင်စီလက်ထက်မှာ အလုပ်သမားဥပဒေလည်း မရှိတော့သလို၊ အလုပ်သမား အခွင့်အရေးတွေကလည်း လုံးဝ ဆုံးရှုံးသွားပြီလို့ ပြောပါတယ်။
သူလုပ်နေတဲ့စက်ရုံမှာ လုပ်ငန်းရှင်ကို လုပ်ခလစာကြေး တိုးတောင်းဖို့ လူစုနေတုန်း စက်ရုံဘက်က စစ်ကောင်စီတပ်နဲ့ လူမိုက်တွေကို ခေါ်ဆောင်ပြီး ရိုက်နှက်ခဲ့တယ်လို့ မသွယ်သွယ်က ပြောပါတယ်။
လုပ်ခတိုးတောင်းဖို့ ဦးဆောင်သူတချို့ကိုလည်း အလုပ်ရှင်က နစ်နာကြေးမပေးဘဲ အလုပ်ထုတ်ပစ်လိုက်တယ်လို့ မသွယ်သွယ်က ပြောပါတယ်။
"အလုပ်သမားဥပဒေ၊ အလုပ်သမားအကြောင်းနားလည်တဲ့သူတွေဆိုရင် သူတို့က ဖြုတ်ပစ်တာမျိုးတွေ လုပ်တယ်ပေါ့၊ အလုပ်ရှင်တွေက လုပ်ငန်းခွင်ထဲမှာ မရတော့လို့ တောင်းဆိုမယ်ဆိုပြီး လူနည်းနည်းစုလိုက်တာနဲ့ တပ်တွေဘာတွေခေါ်ပြီး ခြိမ်းခြောက်တာမျိုးတွေ တကယ်ခေတ်ပျက်တဲ့ပုံစံအတိုင်းပဲ၊ အပြင်က လူမိုက်တွေခေါ်ပြီး စက်ရုံထဲအထိ ဝင်ရိုက်ခိုင်းတာမျိုးတွေ အများကြီးလုပ်လာတယ်"
မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် မေလ ၆ ရက်နေ့ကတည်းက သတ်မှတ်ထားတဲ့ တစ်နေ့ လုပ်ခလစာ ကျပ် ၄၈၀၀ ကိုလည်း အခု ငါးနှစ်ကျော် ကြာတဲ့အထိ တိုးမပေး နိုင်သေးဘူးလို့ အလုပ်သမားအဖွဲ့အစည်းတွေက ပြောပါတယ်။
NLD အစိုးရလက်ထက်က နိုင်ငံတစ်ဝန်းမှာ အသက် ၁၅ နှစ်ကနေ ၅၉ နှစ်အထိ အလုပ်သမားဦးရေ ၃၅ သန်းနီးပါး ရှိခဲ့ပြီး၊ အဲဒီအထဲက သန်း ၂၀ ဝန်းကျင်ဟာ အလုပ်ကိုင်အခွင့်အလမ်းတွေ အတည်တကျ ရရှိခဲ့တယ်လို့ အလုပ်သမားသမဂ္ဂတွေက ပြောပါတယ်။
အာဏာသိမ်းပြီးနောက်မှာ အလုပ်သမားအခွင့်အရေး ထုတ်ဖော်ပြောဆိုတဲ့ သမဂ္ဂတွေကို စစ်ကောင်စီက တရားမဝင်အသင်းအဖွဲ့တွေအဖြစ် ကြေညာပြီး ပိုက်စိပ်တိုက် ရှာဖွေဖမ်းဆီးလာတာကြောင့် အလုပ်သမားသမဂ္ဂဝင်တွေဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ မြန်မာနိုင်ငံ အထွေထွေအလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် FGWM ဥက္ကဋ္ဌ မမိုးစန္ဒာမြင့်က ပြောပါတယ်။
"သူတို့ရဲ့ အာဏာသိမ်းမှုကို လက်မခံတဲ့၊ အစောဆုံး ထုနဲ့ထည်နဲ့ လမ်းပေါ်ထွက် ဆန္ဒပြခဲ့ကြတဲ့ ကျွန်မတို့လို အလုပ်သမား အဖွဲ့ချုပ်တွေကို တရားမဝင်အသင်းအဖြစ် အစောဆုံး ကြေညာခဲ့တယ်။ စစ်ကောင်စီရဲ့ ဖမ်းဆီးမှုကြောင့် လုပ်ငန်းခွင်ကနေ ထွက်ပြေးတိမ်းရှောင်နေရတဲ့ သမဂ္ဂခေါင်းဆောင်တွေလည်း ရှိသလို၊ အလုပ်ရှင်တွေရဲ့ သတင်းပေးမှုကြောင့် စစ်ကောင်စီကဖမ်းဆီးလို့ ထောင်ကျနေတဲ့ အလုပ်သမား ရဲဘော်တွေလည်း ရှိပါတယ်။ လွတ်မြောက်တဲ့နေရာတွေကို အလုပ်ခွင်တွေကနေ စွန့်ခွာပြီး အလုပ်လက်မဲ့ဘဝတွေလည်း ရှိတယ်ပေါ့။ စစ်ကောင်စီရဲ့ အလုပ်သမား သမဂ္ဂတွေကို ပစ်မှတ်ထားပြီး ဖမ်းဆီး၊ ထောင်ချမှုတွေကြောင့် မြန်မာပြည်ရဲ့ လုပ်ငန်းခွင်တွေမှာ အလုပ်သမားသမဂ္ဂတွေ မရှိတော့သလို အလုပ်သမားအခွင့်အရေး တွေကလည်း ပျောက်ဆုံးနေတယ်ပေါ့"
စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပြည်တွင်း၊ ပြည်က ရင်းနှီးမြှုပ်နှံမှုတွေ ပြန်ထွက်သွား တာကြောင့် နိုင်ငံတစ်ဝန်း အလုပ်အကိုင်အခွင့်အလမ်း ရှားပါးလာပြီး အလုပ်သမား နှစ်သန်းနီးပါး အလုပ်လက်မဲ့ဖြစ်သွားတယ်လို့ သူက ဆိုပါတယ်။
ဒီကိစ္စတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ အလုပ်သမားဝန်ကြီးဌာန၊ အလုပ်သမား ညွှန်ကြားရေးဦးစီးဌာနရဲ့ ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်သန်း ကို RFA က ဒီနေ့ တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် အကြောင်းမပြန်ပါဘူး။
မေလ (၁) ရက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ အခမ်းအနားကို ပေးပို့တဲ့ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ သဝဏ်လွှာမှာတော့ ၂၀၁၁ ခုနှစ် အလုပ်သမားဥပဒေအရ လက်ရှိမှာ အလုပ်သမား အဖွဲ့အစည်းပေါင်း (၃,၀၁၅) ဖွဲ့နဲ့ အလုပ်ရှင်အဖွဲ့အစည်း (၂၈) ဖွဲ့တို့ဟာ အတူညှိနှိုင်းပြီး အလုပ်လုပ်နေကြတယ်လို့ ပြောထားပါတယ်။
အလုပ်သမားအခွင့်အရေး၊ အလုပ်ရှင် အလုပ်သမား ဆက်ဆံရေး၊ လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးနဲ့ ကျန်းမာရေး၊ လူမှုဖူလုံရေးတွေ အပါအဝင် တခြား အကျိုးခံစားခွင့်တွေ ရရှိစေဖို့ လွတ်လပ်စွာ အသင်းဖွဲ့စည်းခွင့်ဆိုင်ရာ ILO ပြဋ္ဌာန်းချက် အမှတ် (၈၇)နဲ့ အညီ ကျင့်သုံး ဆောင်ရွက်နေတယ်လို့လည်း စစ်ကောင်စီ ဥက္ကဋ္ဌက ဆိုပါတယ်။
အလုပ်သမားအရေး လှုပ်ရှားသူတွေနဲ့ အလုပ်သမား သမဂ္ဂတွေကတော့ စစ်ကောင်စီပြောဆိုချက်ဟာ ဟန်ပြသက်သက်သာဖြစ်ပြီး၊ လက်တွေ့မှာ အလုပ်သမားအရေးတွေကို မဖြေရှင်းပေးဘဲ၊ ဥပဒေနဲ့အညီ ကြားဝင်ဖြေရှင်းပေးတဲ့ အလုပ်သမားသမဂ္ဂဝင်တွေကိုလည်း ဖမ်းဆီးထောင်ချနေတယ်လို့ ပြောပါတယ်။
"အခုဆိုရင် ထောင်ထဲမှာရောက်နေတဲ့ အလုပ်သမားခေါင်းဆောင်တွေ၊ အလုပ်သမားအရေး လှုပ်ရှားသူတွေက ၃၀၀ ကျော်လောက် ရှိပါတယ်"
အာဏာသိမ်းနှစ်နှစ်ကျော်အတွင်း အလုပ်သမားခေါင်းဆောင်နဲ့ အလုပ်သမားအရေး လှုပ်ရှားသူ ၃၀၀ ကျော် ဖမ်းဆီးထောင်ချခံထားရတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (CTUM) ရဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် မခိုင်ဇာအောင်က ပြောပါတယ်။
"အခုဆိုရင် ထောင်ထဲမှာရောက်နေတဲ့ အလုပ်သမားခေါင်းဆောင်တွေ၊ အလုပ်သမားအရေး လှုပ်ရှားသူတွေက ၃၀၀ ကျော်လောက် ရှိပါတယ်။ အများစုကတော့ ကျွန်မတို့ ဒီအကြမ်းဖက်အဖွဲ့အစည်းတွေနဲ့ ဆက်သွယ်တဲ့ ပုဒ်မတွေ၊ ပြီးတော့ကျတော့ နိုင်ငံတော်ပုန်ကန်မှုပေါ့နော်၊ နိုင်ငံတော်သစ္စာဖောက်မှု၊ ဒီလိုမျိုးပုဒ်မတွေနဲ့ စွပ်စွဲ ခံထားရတာ ဖြစ်ပါတယ်"
အလုပ်သမားသမဂ္ဂတွေအနေနဲ့ အာဏာသိမ်းပြီးနောက် တရားဝင်ရပ်တည်လို့ မရတော့သလို အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရမှုတွေကို ထုတ်ဖော်ပြောဆိုသူတွေ လည်း အသက်အန္တရာယ်ခြိမ်းခြောက်မှုတွေ ရှိနေတယ်လို့ မခိုင်ဇာအောင်က ပြောပါတယ်။
အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO) ကတော့ မြန်မာနိုင်ငံက အလုပ်သမားတွေနဲ့ ပြည်သူတွေဟာ မရေရာ မသေချာမှုတွေနဲ့ မတရားမှုတွေကို အရင် ကာလတွေထက် ပိုကြုံတွေ့နေရသလို အလုပ်သမားတွေနဲ့ သူတို့ရဲ့ မိသားစုတွေဟာလည်း အကျပ်အတည်းမျိုးစုံနဲ့အတူ အသက်မွေးဝမ်းကျောင်းမှုတွေမှာ ခြိမ်းခြောက်ခံနေရတယ်လို့ မေလ ၁ ရက် အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့မှာ ထုတ်ပြန်ထားပါတယ်။