နိုင်ငံတော်ကို ICJ က အရေးယူလာနိုင်တယ်လို့ ဝန်ကြီး ဦးကျော်တင် ပြောကြား

ခင်မောင်စိုး
2019.11.23
kyawtin-622 အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဦးကျော်တင်ကို ၂၀၁၉၊ နိုဝင်ဘာ ၂၄ ရက်နေ့က နေပြည်တော်၊ သမ္မတ အိမ်တော်မှာ ကျင်းပတဲ့ ရှင်းလင်းပွဲမှာ တွေ့ရစဥ်
Photo: Myanmar State Counsellor Office

အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဦးကျော်တင် က ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာတွေ အပေါ် အစိုးရလုံခြုံရေးတပ်ဖွဲ့တွေက လူ့အခွင့်အရေးချိုးဖေါက်ခဲ့မှုတွေအတွက် ကုလသမဂ္ဂလက်အောက်ခံ ICJ  အပြည်ပြည်ဆိုင်ရာ တရားရုံးမှာ မြန်မာနိုင်ငံအပေါ် ဂမ်ဘီယာနိုင်ငံက တရားစွဲထားတဲ့အမှုနဲ့ ပတ်သက်ပြီး ကျွမ်းကျင်တဲ့ရှေ့နေတွေ၊ အကြံပေးအဖွဲ့တွေကို မြန်မာနိုင်ငံက ငှားရမ်းထားပြီးဖြစ်ပါတယ်၊  ဒီကိစ္စမှာ လူမျိုးတုံးသတ်ဖြတ်မှုကို ကာကွယ်တားဆီးမှုနဲ့ အရေးယူဆောင်ရွက်မှု မရှိခြင်းအတွက် နိုင်ငံတော်ကို ICJ ကနေ အရေးယူလာနိုင်ပါတယ်လို့ မနေ့က ပြောကြားလိုက်ပါတယ်။

ဂမ်ဘီယာနိုင်ငံက တရားစွဲထားတဲ့ကိစ္စနဲ့ ပတ်သက်ပြီး နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအဝင် အစိုးရနဲ့ တပ်မတော် ခေါင်းဆောင်တွေကို  နေပြည်တော်က ရှင်းလင်းပွဲမှာ ဝန်ကြီး ဦးကျော်တင်က အခုလိုတင်ပြခဲ့တာပါ။ တစ်ဆက်တည်းမှာပဲ မြန်မာနိုင်ငံမှာ ဖြစ်ပွားခဲ့တာတွေဟာ လူမျိုးတုံးသတ်ဖြတ်မှု မဟုတ်ကြောင်းနဲ့ ပကတိဖြစ်ရပ်မှန်တွေကို သံတမန်လမ်းကြောင်းအရ နိုင်ငံတကာကို ဆက်လက်ရှင်းလင်း ပြောဆိုမယ်လို့ သူက ပြောပါတယ်။

မြန်မာနိုင်ငံကို ဂမ်ဘီယာနိုင်ငံက တရားစွဲထားတဲ့အကြောင်းကို  ICJ က နိုဝင်ဘာ ၁၁ ရက်နေ့မှာ အကြောင်းကြားခဲ့ပြီး လာမယ့် ဒီဇင်ဘာ ၁ဝ ရက်ကနေ ၁၂ ရက်အထိ မြန်မာနဲ့ ဂမ်ဘီယာက နုတ်ဖြင့် လျှောက်လဲချက် ပေးရမှာဖြစ်တယ်လို့လည်း ဝန်ကြီး ဦးကျော်တင်က ပြောကြားခဲ့ပါတယ်။

လက်ရှိအခြေအနေတွေနဲ့ ပတ်သက်ပြီး မြန်မာ့တပ်မတော်အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို သူတို့တပ်ဖွဲ့တွေ ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေ အမှန်အတိုင်းပြောဖို့ အချိန်တန်ပြီလို့ အမေရိကန်ပြည်ထောင်စုမှာ သီတင်းသုံးနေထိုင်တဲ့ အရှင် ဇဝနက မိန့်ကြားပါတယ်။

အဲဒီ ရှင်းလင်းပွဲမှာ နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီး ဦးကျော်တင့်ဆွေ ကလည်း ဂမ်ဘီယာနိုင်ငံရဲ့ တင်ပြချက်တွေထဲမှာ မြန်မာနိုင်ငံသည် လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ ကွန်ဗင်းရှင်းမှာ ပါဝင်တဲ့ စည်းမျဉ်းတွေကို ချိုးဖေါက်ခဲ့မှုတွေအတွက် တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်ပြီး တာဝန်ရှိတယ်လို့ ပါရှိကြောင်း၊ ဒါ့အပြင် လျှောက်ထားချက်တွေမှာတော့ လူမျိုးတုံး သတ်ဖြတ်မှု ကြံစည် လှုံ့ဆော်ခြင်း၊ ကျူးလွန်ခြင်း၊ တားမြစ်ရန် ပျက်ကွက်ခြင်း၊ ကျူးလွန်သူတွေကို အပြစ်ပေးရန် ပျက်ကွက်ခြင်း စတဲ့ အချက်တွေပါဝင်ကြောင်းနဲ့ တစ်ဆက်တည်း တောင်းဆိုထားတဲ့ အချက်တွေထဲမှာတော့ ၁၉၄၈ မှာ ချမှတ်ပြဌာန်းခဲ့တဲ့ အပြည်ပြည်ဆိုင်ရာ လူမျိုးတုံးသတ်ဖြတ်မှု ဥပဒေကို လိုက်နာအကောင်အထည်ဖေါ်တဲ့အနေနဲ့ လိုအပ်ချက်တွေကို အမြန်ဆုံး ဆောင်ရွက်ရန်၊ သက်သေအချက်အလက်တွေကို မြန်မာနိုင်ငံအနေနဲ့ ဖျက်ဆီးခြင်း မပြုရန် စတဲ့ အချက်တွေ ပါဝင်ကြောင်း ပြောကြားပါတယ်။

ဗြိတိန်အခြေစိုက် ရိုဟင်ဂျာခေါင်းဆောင် ဦးထွန်းခင်ကတော့ ကုလအပါအဝင် အဖွဲ့အစည်းတွေထံမှာ လူ့အခွင့်အရေးချိုးဖေါက်မှုဆိုင်ရာ အထောက်အထား အများအပြား ရရှိထားပြီးဖြစ်တဲ့အတွက်  ဒေါ်အောင်ဆန်းစုကြည်ဟာ တပ်မတော်ကို ဆက်လက် အကာအကွယ်ပေးရန် မသင့်တော်တော့ပါဘူးလို့ ပြောပါတယ်။

အပြည်ပြည်ဆိုင်ရာ တရားရုံး ICJ မှာ ဖြေရှင်းဖို့အတွက် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က မြန်မာနိုင်ငံရဲ့ ကိုယ်စားလှယ်အဖြစ် ဆောင်ရွက်မှာဖြစ်ပြီး ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေက ပူးတွဲ ကိုယ်စားလှယ်အဖြစ် နယ်သာလန်နိုင်ငံ သဟိဂ်မြို့ကို သွားရောက်မှာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။