စစ်ကောင်စီကျူးလွန်မှုတွေ ICC လွှဲပြောင်းကိုင်တွယ်ဖို့ ကုလမဟာမင်းကြီး တောင်းဆို
2023.09.26

စက်တင်ဘာလ ၂၆ ရက်နေ့က ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့က ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီရဲ့ ၅၄ ကြိမ်မြောက် အစည်းအဝေးမှာ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Volker Türk က မြန်မာနိုင်ငံအကြောင်း အစီရင်ခံစာ တင်သွင်းတဲ့နေရာမှာ မြန်မာနိုင်ငံမှာ မြန်မာစစ်တပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှု အခြေအနေတွေ ပိုဆိုးလာတဲ့အကြောင်း ပြောသွားတာ ဖြစ်ပါတယ်။
"မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးအခြေအနေတွေ ပိုဆိုးလာနေပါတယ်၊ မြန်မာစစ်တပ်ဟာ လူသားအားလုံး လိုက်နာရမဲ့ အခြေခံကျင့်ဝတ်တွေကို လျစ်လျူရှုပြီး အကြမ်းဖက်တိုက်ခိုက်မှု စစ်ဆင်ရေးတွေ ဆက်လုပ်နေပါတယ်။ လူသားချင်းစာနာမှု အကူအညီတွေ အတားအဆီးမရှိ ခွင့်ပြုပေးဖို့နဲ့ တိုက်ခိုက်မှုတွေ ချက်ချင်းရပ်တန့်ဖို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ထပ်တလဲလဲ တောင်းဆိုချက်တွေကိုလည်း ဆက်ပြီး လျစ်လျူရှုနေပါတယ်”
စက်တင်ဘာလ ၂၆ ရက်နေ့က ထုတ်ပြန်လိုက်တဲ့ လူ့အခွင့်အရေးကောင်စီရဲ့ အစီရင်ခံစာဟာ ၂၀၂၂ ခုနှစ် ဧပြီလ ၁ ရက်ကနေ ၂၀၂၃ ခုနှစ် ဇူလိုင်လ ၃၁ ရက်နေ့အထိ အကျုံးဝင်ပြီး မြန်မာစစ်တပ်ဟာ အရပ်သားပြည်သူတွေကို တိုက်ခိုက်မှုတွေ တိုးလုပ်လာနေတာဟာ အဓိကတွေ့ရှိချက်အနေနဲ့ ပါဝင်တဲ့အကြောင်း လူ့အခွင့်အရေး မဟာမင်းကြီးက ပြောသွားပါတယ်။
မြန်မာစစ်တပ်ဟာ လေကြောင်းတိုက်ခိုက်တာ၊ အစုလိုက်အပြုံလိုက်သတ်ဖြတ်တာနဲ့ ရွာတွေကို မီးရှို့တဲ့ နည်းလမ်းသုံးခုနဲ့ အရပ်သားပြည်သူတွေကို ဖိနှိပ်နေတဲ့အကြောင်း၊ ယုံကြည်ရတဲ့ သတင်းရင်းမြစ်တွေအရ စက်တင်ဘာလ ၂၅ ရက်နေ့အထိ စစ်တပ်နဲ့ စစ်တပ်ထောက်ခံတဲ့ စစ်သွေးကြွအဖွဲ့တွေရဲ့လက်ချက်နဲ့ လူအနည်းဆုံး ၄၁၀၈ ဦး သေဆုံးခဲ့ကြောင်း အတည်ပြုနိုင်ခဲ့ကြောင်း၊ စစ်တပ်ရဲ့ မြေပြင် စစ်ဆင်ရေးတွေအတွင်းမှာ လူအနည်းဆုံး ၁၀ ဦးထက်မနည်း သေဆုံးတဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု ၂၂ ကြိမ် ဖြစ်ပွားခဲ့တဲ့အကြောင်း၊ မြန်မာနိုင်ငံအလယ်ပိုင်း စစ်ကိုင်းဒေသမှာ နေအိမ်အဆောက်အဦးပေါင်း ၇၅၀၀၀ ကျော်ကို မီးရှို့ ဖျက်ဆီးခဲ့ပြီး အဲဒီဒေသဟာ မီးရှို့ဖျက်ဆီးခံရမှု အများဆုံးဖြစ်ကြောင်း လူ့အခွင့်အရေး မဟာမင်းကြီးက ပြောသွားပါတယ်။
ဒါ့အပြင် မြန်မာစစ်တပ်က အရပ်သား အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေးစနစ်တွေကို ရည်ရွယ်ချက်ရှိရှိနဲ့ ဖျက်ဆီးပစ်ခဲ့တာကြောင့် မြန်မာနိုင်ငံမှာ အရပ်သား တရားဥပဒေစိုးမိုးမှု လုံးဝပျောက်ကွယ်နေတဲ့အကြောင်း၊ စစ်တပ်က လူ ၂၄၀၀၀ ကျော် ဖမ်းဆီးခဲ့တဲ့အထဲမှာ ၁၉၀၀၀ လောက်က ထိန်းသိမ်းခံထားရပြီး ၇၃၆၈ ဦးကို မိနစ်ပိုင်းလောက်ပဲ ကြာမြင့်တဲ့ အရေးပေါ်တရားခွင်တွေကနေ အပြစ်ရှိကြောင်း ဆုံးဖြတ်ခဲ့တဲ့အကြောင်း၊ ဒီအထဲက ၁၅၀ လောက်ကို လွတ်လပ်မျှတမှုမရှိတဲ့ စစ်တပ်ကထိန်းချုပ်တဲ့ တရားရုံးတွေကနေ သေဒဏ်ပေးခဲ့တာ ဖြစ်တယ်လို့ လူ့အခွင့်အရေး မဟာမင်းကြီးက ဆိုပါတယ်။
စစ်တပ်ဆန့်ကျင်ရေးအဖွဲ့တွေရဲ့ တိုက်ခိုက်မှုတွေနဲ့ ပတ်သက်လို့လည်း လူ့အခွင့်အရေး မဟာမင်းကြီး Volker Türk က အခုလို ပြောသွားပါတယ်။
“ပစ်မှတ်ထားသတ်ဖြတ်မှုတွေနဲ့ အများပြည်သူနေရာတွေကို ဗုံးခွဲတိုက်ခိုက်တာလိုမျိုး စစ်တပ်ဆန့်ကျင်ရေး အုပ်စုတွေရဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေလည်း ဆက်ဖြစ်နေပါတယ်။ ဒါပေမဲ့ စစ်တပ်ကကျူးလွန်တဲ့ ရာဇဝတ်မှုတွေနဲ့ နှိုင်းယှဉ်လို့ မရလောက်အောင် အတိုင်းအတာက သေးငယ်ပါတယ်။ အရေးကြီးတာက စစ်တပ်ကို ဆန့်ကျင်တဲ့အုပ်စုတွေဟာ နိုင်ငံတကာ လူ့အခွင့်အရေးနဲ့ လူသားချင်းစာနာမှု ဥပဒေတွေ၊ အရပ်သား ပြည်သူတွေကို အကာအကွယ်ပေးရမဲ့ စည်းမျဉ်းစည်းကမ်းတွေကို လေးစာလိုက်နာမှု ရှိကြတယ်ဆိုတာလည်း ပြောချင်ပါတယ်”
"ကျူးလွန်သူတွေ အပြစ်ပေးအရေးယူခံရတာ မရှိတာတွေကြောင့် မြန်မာနိုင်ငံအရေးကို နိုင်ငံတကာ ရာဇဝတ်ခုံရုံး ICC ကို လွှဲပြောင်းကိုင်တွယ်ဖို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီကို တောင်းဆိုပါတယ်"
နိုင်ငံတကာမှာ မြန်မာနိုင်ငံအရေးနဲ့ ပတ်သက်လို့ နိုင်ငံတကာ ရာဇဝတ်ခုံရုံး ICC ကို လွှဲပြောင်းပေးဖို့ လူ့အခွင့်အရေး မဟာမင်းကြီး Volker Türk က တိုက်တွန်းသွားပါတယ်။
“မြန်မာနိုင်ငံက မြေပြင်အခြေအနေတွေ ဆိုးဝါးပြင်းထန်မှုနဲ့ ကျူးလွန်သူတွေ အပြစ်ပေးအရေးယူခံရတာ မရှိတာတွေကြောင့် မြန်မာနိုင်ငံအရေးကို နိုင်ငံတကာ ရာဇဝတ်ခုံရုံး ICC ကို လွှဲပြောင်းကိုင်တွယ်ဖို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီကို တောင်းဆိုပါတယ်။ နိုင်ငံတကာမှာ မြန်မာ့အရေးကို လုံလောက်တဲ့ အရေးစိုက်ဆောင်ရွက်မှု မရှိတဲ့ဒဏ်ကို မြန်မာပြည်သူတွေ ခံစားနေကြရတာ ကြာပါပြီ။ ဒါကို ပြောင်းလဲရပါမယ်။ မြန်မာစစ်တပ်ဟာ ဒီလို အပြစ်ပေးအရေးယူမခံရဘဲ ရာဇဝတ်မှုတွေ ကျူးလွန်နေတာ ဆယ်စုနှစ်တွေနဲ့ ချီပြီး ကြာခဲ့ပါပြီ။ မြန်မာစစ်တပ်ဟာ လုံးဝ ပြောင်းလဲလာမဲ့ အခြေအနေ မရှိဘူးလို့ ယုံကြည်ပါတယ်။ အခုဆိုရင် မြန်မာနိုင်ငံက အရပ်သားပြည်သူတွေကို အကာအကွယ်ပေးဖို့နဲ့ ငြိမ်းချမ်းရေးရရှိစေမဲ့ အခြေအနေဖြစ်လာအောင် ပြန်လုပ်ပေးဖို့ တာဝန်ဟာ နိုင်ငံတကာအပေါ်မှာပဲ မူတည်နေပါတယ်။ ဒါကြောင့် အခုပဲ စတင် ဆောင်ရွက်ပေးကြဖို့ တိုက်တွန်းပြောကြားလိုပါတယ် “
မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခတိုက်ခိုက်မှုတွေကြောင့် အိမ်နီးချင်း နိုင်ငံတွေကို ထိခိုက်မှုအခြေအနေကို ထည့်သွင်းစဉ်းစားဖို့ ကုလသမဂ္ဂဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကလည်း ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ အစည်းအဝေးအတွင်း ပြောသွားပါတယ်။
“မြန်မာနိုင်ငံရဲ့ အိမ်နီးချင်း နိုင်ငံတစ်နိုင်ငံအနေနဲ့၊ မြန်မာနိုင်ငံက ငြိမ်းချမ်းရေး၊ တည်ငြိမ်မှုနဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေဟာ အိန္ဒိယနိုင်ငံကို တိုက်ရိုက် ရိုက်ခတ်မှု ရှိနေပါတယ်။ မြန်မာနိုင်ငံမှာ ဆက်ဖြစ်နေတဲ့ ပဋိပက္ခတိုက်ခိုက်မှုတွေကြောင့် အိန္ဒိယနိုင်ငံထဲက မြန်မာနိုင်ငံသားတွေ ဝင်ရောက်နေပါတယ်။ ဒါကြောင့် နယ်စပ်ဖြတ်ကျော်မှုခင်းတွေ မြင့်တက်လာတာလည်း တွေ့ရပါတယ်။ မြန်မာနိုင်ငံက အဖြစ်အပျက်တွေကြောင့် အိမ်နီးချင်း နိုင်ငံတွေအပေါ် သက်ရောက်မှု ရှိတဲ့အခြေအနေကို ထည့်သွင်းစဉ်းစားပေးဖို့ လိုပါတယ်။”
အိန္ဒိယနိုင်ငံက မြန်မာ့အရေးနဲ့ ပတ်သက်လို့ အာဆီယံရဲ့ဆောင်ရွက်ချက်တွေကို ထောက်ခံပြီး၊ အကြမ်းဖက်တိုက်ခိုက်မှုတွေ ရပ်တန့်ဖို့၊ နိုင်ငံရေး အကျဉ်းသားတွေ ပြန်လွှတ်ပေးဖို့၊ စေ့စပ်ညှိနှိုင်းဆွေးနွေးဖို့နဲ့ ဒီမိုကရေစီ လမ်းကြောင်းပေါ် ပြန်သွားဖို့ တိုက်တွန်းကြောင်း အိန္ဒိယသံအမတ်က ပြောသွားပါတယ်။