ကိုဂျင်မီနဲ့ ကိုဖြိုးဇေယျာသော်ကို သေဒဏ်ချပေမယ့် တိုက်ပွဲဆက်ဝင်မယ်လို့ တက်ကြွလှုပ်ရှားသူတွေပြော
2022.01.21

၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ကိုဂျင်မီနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်တဲ့ ကိုဖြိုးဇေယျာသော်တို့ကို အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေအရ စစ်ခုံရုံးဖွဲ့ စစ်ဆေးပြီး သေဒဏ် ချမှတ်လိုက်တယ်လို့ အာဏာသိမ်းစစ်ကောင်စီက ဇန်နဝါရီလ ၂၁ ရက်နေ့ မနေ့က ထုတ်ပြန်ကြေညာလိုက်ပါတယ်။ ရန်ကုန်မြို့အတွင်း ကိုဂျင်မီ ကို အောက်တိုဘာလ ၂၄ ရက်နေ့မှာ ဖမ်းဆီးခဲ့ပြီး ကိုဖြိုးဇေယျာသော်ကိုတော့ နိုဝင်ဘာလ ၁၈ ရက်နေ့မှာ စစ်ကောင်စီတပ်ဖွဲ့တွေက ဖမ်းဆီးခဲ့တာပါ။
"ခုလို သေဒဏ်ချမှ သေဒဏ်ကျတာ မဟုတ်ဘူး။ ရှေ့မှာ သူတို့ အမည်မဖော်ဘဲနဲ့ သူတို့ နှိပ်စက်ညှဉ်းပန်းလို့ သေဆုံးသွားရတာတွေ အများကြီးရှိတယ်"
စစ်ကောင်စီရဲ့ထုတ်ပြန်ချက်မှာ သူတို့ ၂ ဦးဟာ CRPH NUG စတဲ့အဖွဲ့အစည်းတွေနဲ့ဆက်သွယ်ပြီး အကြမ်းဖက်မှုတွေ ဆောင်ရွက်ခဲ့တယ်၊ သူတို့ကို လက်နက်ခဲယမ်းတွေနဲ့ ဖမ်းဆီးရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အခုလို ကိုဂျင်မီနဲ့ ကိုဖြိုးဇေယျာသော်တို့ကို သေဒဏ်ချမှတ်လိုက်တာနဲ့ ပတ်သက်ပြီး ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း ခေါင်းဆောင် ကိုမင်းကိုနိုင်က အခုလိုအာဏာရှင်တွေရဲ့ အရေးယူမှုကြောင့် ပြည်သူတွေရဲ့ ဒီမိုကရေစီတိုက်ပွဲအရှိန်အဟုန်ကို လျော့နည်းသွားစေမှာ မဟုတ်ဘဲ နောက်ဆုံးမှာ မိမိတို့ ပြည်သူတွေကသာလျှင် အနိုင်ရရှိမှာဖြစ်တယ်လို့ RFA ကို မနေ့ညက ပြောကြားလိုက်ပါတယ်။
“မြန်မာနိုင်ငံမှာ ဒီနေ့ ဖြစ်နေတာက Institution တစ်ခုနဲ့ ပြည်သူတစ်ရပ်လုံးနဲ့ ဖြစ်နေတာဗျ။ ပြည်သူတစ်ရပ်လုံးထဲမှာမှ ထပ်ပြီးပြောမယ်ဆိုရင် တိုင်းရင်းသားအကုန်လုံးနဲ့ ဖြစ်နေတာ အဲဒီတော့ မြေပြန့်၊ တောင်ပေါ်ရော၊ ကမ်းရိုးတန်းတွေရော၊ ရေခဲတောင်တွေရော အကုန်လုံးမှာ ဖြစ်နေတဲ့ အင်အားက institution တခုကို ဘာမှမနိုင်စရာမရှိဘူး။ အဲဒီတော့ စစ်ပွဲကြီးတွေ စကားမျိုး ပြောမယ်ဆိုရင် တောင်ကုန်း ၁ကုန်း စခန်း ၁ခုကို သူတို့ ရကောင်း ရလိမ့်မယ်။ ဒါပေမယ့် အလုံးစုံစစ်ပွဲ သူတို့ရှုံးမှာပဲ။ ကျနော်တို့ပြည်သူ နိုင်မှာပဲ”
ကိုဂျင်မီရဲ့ ဇနီးဖြစ်တဲ့ ၈၈ မျိုးဆက်ကျောင်းသူခေါင်းဆောင် မနီလာသိန်းကလည်း အခုလို သူမရဲ့ ခင်ပွန်းကို ပြစ်ဒဏ်ပေးတဲ့ အာဏာရှင်တွေနဲ့ တစုံတရာဆွေးနွေးစရာ မရှိပါဘူး။ ဒီမိုကရေစီအောင်ပွဲရဖို့ အစွမ်းကုန် ဆက်လက်တိုက်ပွဲဝင်မှာ ဖြစ်တယ်လို့ ပြောကြားပါတယ်။
“စကစ အနေနဲ့ ဒီ အာဏာရှင်တွေရဲ့လုပ်ရပ်တွေကအခု ကိုဂျင်မီ့ကို သေဒဏ်ချတယ်၊ အဲဒီအရှေ့မှာလည်း အရွယ်မရောက်သေးတဲ့ လူငယ်တွေကို မိသားစုလိုက် ညီအစ်ကိုလိုက် သေဒဏ်ချတာတွေ မတရားညှဉ်းပန်း နှိပ်စက်တာတွေ၊ ခုလိုသေဒဏ်ချမှ သေဒဏ်ကျတာ မဟုတ်ဘူး။ ရှေ့မှာ သူတို့အမည်မဖော်ဘဲနဲ့ သူတို့ နှိပ်စက်ညှဉ်းပန်းလို့ သေဆုံးသွားရတာတွေ အများကြီးရှိတယ်။ အဓိက တခုပဲ ကျမပြောချင်တာက ဒီသွေးကြွေးမှာ ဆွေးနွေးစရာမရှိဘူး။ ကျမတို့တွေအားလုံး ဒီစစ်အာဏာရှင်ကို ဒီတခေါက်မှာ အင်နဲ့ အားနဲ့ နိုင်အောင်တိုက်ကြမယ်ဆိုတဲ့ စိတ်ခွန်အားကို ကျမပြောင်းလဲယူပြီးတော့ ကျမတို့က နိုင်အောင်တိုက်မှာပေါ့နော်”
ဒါ့အပြင် မနီလာသိန်းက ကိုဂျင်မီအတွက် သူတို့ မိသားစုအနေနဲ့ အကျိုးဆောင်ရှေ့နေတွေ ငှားရမ်းလျှောက်လဲမှာလည်း မဟုတ်ပါဘူးလို့ RFA ကိုပြောပါတယ်။
“စဖမ်းသွားတဲ့နေ့ကစပြီး အခုအချိန်အထိ ကိုဂျင်မီနဲ့ပတ်သက်ပြီး သတင်း ကျမတို့ ဘာမှမကြားရပါဘူး။ သူနဲ့ပတ်သက်ပြီးတော့ တရားဝင် ဆက်သွယ်လာတာလည်း မရှိဘူး။ သူတို့ မတရားစီရင်တယ် မတရားအမိန့်ချတဲ့အပေါ်မှာ အဓိက ကိုဂျင်မီအနေနဲ့လည်း သူတု့ိနဲ့ ပူးပေါင်းဆောင်ရွက်မှာ မဟုတ်ဘူး။ သူတို့နဲ့ ပူးပေါင်းဆောင်ရွက်ပြီးတော့ ကျမတို့ ရှေ့နေငှားစရာ အကြောင်းလည်း မရှိဘူး။ သူတို့နဲ့ တစုံတရာ ပူးပေါင်းဆောင်ရွက်စရာ မရှိဘူး။ ကျမကတော့ စစ်အာဏာရှင်ပြုတ်ကျရေးအတွက် ကျမနိုင်တဲ့အပိုင်းကနေ နိုင်ရာတာဝန်ကို ထမ်းဆောင်နေပါတယ်”
အခုလို ကိုဂျင်မီနဲ့ ကိုဖြိုးဇေယျာသော်တို့ကို အပြစ်ပေးခဲ့မှုနဲ့ ပတ်သက်ပြီး ပြည်တွင်းပြည်ပ ဒီမိုကရေစီလှုပ်ရှားသူတွေက စစ်ကောင်စီကို ပြစ်တင်ရှုတ်ချနေကြပါတယ်။