ကိုးကန့်တပ်ဖွဲ့ တိုက်ပွဲတွေမှာ တရုတ်နိုင်ငံသား စစ်သားဟောင်းတွေ ပါဝင်
2015.02.22
ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေနဲ့ပတ်သက်ပြီး ကာကွယ်ရေး ဦးစီးချုပ်ရုံး တပ်မတော်စစ်ဘက်ရေးရာလုံခြုံရေး အရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီး မြထွန်းဦးက နေပြည်တော်မှာ သတင်းစာရှင်းလင်းခဲ့ပါတယ်။
ဒီအကြောင်း RFA သတင်းထောက် မဝေမာထွန်းက တင်ပြထားပါတယ်။
ဒီလ ၉ ရက်နေ့က စတင်ဖြစ်ပွားနေတဲ့ အစိုးရစစ်တပ်နဲ့ ကိုးကန့်တပ်ဖွဲ့ တိုက်ပွဲတွေမှာ တရုတ်နိုင်ငံသား စစ်သားဟောင်းတွေက ကိုးကန့်တပ်တွေကို စစ်သင်တန်းပေးတာတွေ အကြံပေးတာတွေ ရှိတယ်ဆိုတာ ကို ဖော်ထုတ်နိုင်ခဲ့တယ်လို့ ဒုတိယဗိုလ်ချုပ်ကြီးမြထွန်းဦးက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
ဒုတိယဗိုလ်ချုပ်ကြီးမြထွန်းဦး။ ။ကိုးကန့်သောင်းကျန်းသူအဖွဲ့နဲ့အတူ တရုတ်မြန်မာနယ်စပ်နားမှာရှိတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများဖြစ်ကြတဲ့ မိုင်းလားအဖွဲ့၊ ဝအဖွဲ့တို့၊ ကေအိုင်အေနဲ့ အခြားသောသောင်းကျန်းသူ အဖွဲ့အစည်းတွေအတွင်းမှာလည်း တရုတ်တပ်မတော်က တပ်ဖွဲ့ဝင်ဟောင်းတွေ တရုတ်နိုင်ငံသားတွေဟာ စစ်ရေးအကြံပေးများ၊ သင်တန်းနည်းပြများ၊ သာမန်စစ်သည်များဖြင့် ဝင်ရောက်စစ်မှု ထမ်းဆောင်နေတဲ့သူတွေ ရှိတယ်ဆိုပြီးတော့ ဖော်ထုတ်သိရှိရပါတယ်၊ တိုင်းရင်းသားသွေးစည်းညီညွတ်ရေးတပ် မှာ ယေဘုယအားဖြင့် ကေအိုင်အေက လူ ၃ဝဝ လောက်ရှိတယ်၊ တပ်ရင်း ၁ ရင်း၊ ဝ ကနေပြီးတော့ တပ်ရင်း ၁ ရင်းအပါအဝင်နဲ့ တပ်မဟာ ၁ ခု၊ တပ်ရင်း ၁ ရင်းမှာ အင်အား ၂ဝဝ လောက်ရှိတယ်လို့ သိရပါတယ်၊ နောက် ကိုးကန့် သီးသန့်ပေါ့နော် သူတို့သောင်းကျန်းသူအဖွဲ့တွေလည်း အင်အား ၁ဝဝဝ လောက်ရှိတယ်လို့ သိရပါတယ်၊ သူတို့ရဲ့ရည်ရွယ်ချက်ကတော့ ကိုးကန့်ဒေသတစ်ခုလုံးကို တိုက်ခိုက်သိမ်းယူသွာဖို့နဲ့ အဲ့ဒီကနေတဆင့် တရုတ်မြန် မာနယ်စပ်ကနေ မြစ်ကြီးနားဘက်ကို ချီတက်တိုက်ခိုက် သိမ်းပိုက်သွားဖို့ဆိုပြီးတော့ ရည်ရွယ်ထားရှိတယ်လို့ ကျနော်တို့ ဖော်ထုတ်သိရှိရပါတယ်။
အစိုးရတပ်မတော်က သိမ်းဆည်းရမိထားတဲ့ UWSA ဝပြည်သွေးစည်းညီညွတ်ရေး လက်နက်စက်ရုံထုတ် တပ်မတော်က ဖမ်းဆီးမိထားတဲ့ လက်နက်တွေနဲ့ တရုတ်နိုင်ငံသား ကြေးစားစစ်သားတွေရဲ့ ဓာတ်ပုံတွေကို သတင်းစာရှင်းလင်းပွဲမှာ ပြသထားပါတယ်။
ကိုးကန့်တပ်ဖွဲ့ဘက်က တပ်ပေါင်းစုပုံစံနဲ့ ကေအိုင်အေ၊ တအာင်း၊ UWSA၊ မိုင်းလားနဲ့ ရှမ်းပြည်တပ်မတော်တို့ ပါဝင်ခဲ့တယ်လို့ ကာကွယ်ရေးဦးစီးချုပ်ရုံး တပ်မတော်စစ်ဘက်ရေးရာလုံခြုံရေး အရာရှိချုပ် ဒုတိယဗိုလ်ချုပ် ကြီး မြထွန်းဦးက ပြောပါတယ်။
ဒုတိယဗိုလ်ချုပ်ကြီးမြထွန်းဦး။ ။ကေအိုင်အေအဖွဲ့ပါဝင်တယ်ဆိုတာ သိရတယ်ဆိုတာနဲ့ ကျနော်ရှင်းပြ သွားတာနဲ့ ပတ်သက်လို့ပေါ့လေနော်၊ နောက်တစ်ခုက ကျနော်ရှင်းလင်း ပြောပြတဲ့အထဲမှာပါပါတယ်၊ ကိုက် ၅ဝ အတွင်းမှာ တိုက်ပွဲဖြစ်ပွားနေတုန်း တစ်လက်ကနေပြီးတော့ သေနတ်သံတွေကြားမှာ ဒီသေနတ်သံကိုကျော်အောင် လို့ အမိန့်ပေးကွက်ကဲရတာ အင်မတန်အသံက ကျယ်ကျယ်လောင်လောင်နဲ့ ပြောရပါတယ်၊ ဒီကျယ်လောက်တဲ့ အသံတွေဟာ ကျနော်တို့ ကိုက် ၅ဝ အတွင်းမှာ တိုက်ပွဲဝင်နေတဲ့ စစ်သည်တွေ၊ အရာရှိတွေက ဒီအသံကိုကြား ရပါတယ်၊ တရုတ်လိုလည်းပြောတယ်၊ ဝလိုလည်းပြောကြတယ်၊ ကချင်လိုလည်းပြောပါတယ်၊ ရှမ်းလိုလည်းပြော ပါတယ်၊ ဒါတွေဟာ ကျနော်တို့ သူတို့စစ်သည်တွေကနေ ပြန်ပြောပြီးသိရတဲ့ အနေအထားဖြစ်ပါတယ်၊ ဒါကြောင့် ဒီအထဲမှာ ဒီအဖွဲ့တွေပါနေတယ်ဆိုတာမျိုးလည်း ကျနော်တို့ သက်သေပြလို့ရတဲ့အနေအထားမျိုး ပြန်လည်ဖြေ ကြားလိုပါတယ်။
ကိုးကန့်တပ်ဖွဲ့က ထိခိုက်ဒဏ်ရာရသူတွေကို ဆေးဝါးကုသပေးတဲ့ တရုတ်နိုင်ငံက ဆေးရုံတစ်ရုံနဲ့ လောက်ကိုင် တိုက်ပွဲတွေကို ကွပ်ကဲညွှန်ကြားတဲ့ ဖုန်ကြားရှင် နေထိုင်တဲ့ ဟိုတယ်တစ်လုံးပုံကိုလည်း ပြသထားပါတယ်။
ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကို ၃ လအတွင်း အာဏာတည်မယ့် စစ်အုပ်ချုပ်ရေးအမိန့် ကြေညာထား ပါတယ်ရှင်။