ကိုဂျင်မီရဲ့မိခင် ဈာပနအခမ်းအနား မဲဆောက်မှာ ကျင်းပ
2024.07.08

အသက် (၇၈) နှစ်ရှိ ဒေါ်အမာညွန့်ဟာ လူကြီးရောဂါ နဲ့ ထိုင်းနိုင်ငံ မဲဆောက်မြို့မှာ ဇူလိုင် ၆ ရက်က ရုတ်တရက် ကွယ်လွန်ခဲ့ပါတယ်။
အာဏာရှင်အဆက်ဆက်ကို တော်လှန်ရာမှာ ဦးဆောင်ခဲ့ကြသူတွေဖြစ်တဲ့ ကိုမျိုးမင်းယု ခေါ် (စာရေးဆရာ မျိုးကိုမျိုး) နဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့က ကိုဂျင်မီ ခေါ် ကိုကျော်မင်းယုတို့ကို မွေးဖွားပေးခဲ့တဲ့ မိခင်လည်း ဖြစ်ပါတယ်။
ကိုဂျင်မီဟာ ၁၉၈၈ ခုနှစ် ရှစ်လေးလုံးအရေးတော်ပုံက စတင်ပြီး အာဏာရှင်အဆက်ဆက်ကို တော်လှန်ခဲ့သူတစ်ယောက်ဖြစ်ပါတယ်။ ၈၈ မျိုးဆက် ပွင့်လင်းလူ့အဖွဲ့အစည်းဦးဆောင်သူထဲမှာလည်း တစ်ဦးအပါအဝင်ဖြစ်ပါတယ်။
၂၀၂၂ ခုနှစ် ဇူလိုင်လမှာ ကိုဂျင်မီကို စစ်ကောင်စီက ကြိုးမိန့်ပေးကွပ်မျက်ခဲ့ပါတယ်။ အဲဒီနောက် ကိုဂျင်မီ့မိခင်ဟာ ရန်ကုန်မြို့မှာပဲ နေထိုင်နေရင်း စစ်ကောင်စီလက်ပါးစေတွေက နှောင့်ယှက်ဟန့်တားတဲ့အတွက် ဆက်လက်နေထိုင်ဖို့ အဆင်မပြေတော့ဘဲ ထိုင်းနိုင်ငံ မဲဆောက်မြို့ကိုပြောင်းရွှေ့နေထိုင်ခဲ့ရပါတယ်။
မဲဆောက်မြို့မှာ နှစ်နှစ်ကျော်နေထိုင်ရင်း လူကြီးရောဂါနဲ့ အခုလိုကွယ်လွန်ခဲ့ရတာပါ။ ဒေါ်အမာညွန့်ဟာ တန်ဖိုးရှိတဲ့ မိခင်ကောင်းတယောက်ဖြစ်တယ်လို့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေး နဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ကိုမြင့်အောင်ကပြောပါတယ်။
"ကိုဂျင်မီဆိုရင် သူ့ရဲ့နိုင်ငံရေးယုံကြည်ချက်အတိုင်း ဆောင်ရွက်ခဲ့တာ။ ကိုမျိုးကိုမျိုး ဆိုလည်း သူသန်ရာကဏ္ဍ စာပေအနုပညာနဲ့ အာဏာရှင်တွေကို တွန်းလှန်နိုင်ဖို့အတွက် တဖက်တလမ်းကနေဆောင်ရွက်ခဲ့တယ်ပေါ့နော်၊ အဲလို အခန်းကဏ္ဍအသီးသီးကနေ အာဏာရှင်ကိုတွန်းလှန်ဖယ်ရှားဖို့အတွက် သားကောင်းတွေကို မွေးဖွားပေး ခဲ့တဲ့ မိခင်တစ်ယောက်ပေါ့နော်၊ သားကောင်းမိခင်တစ်ယောက်ပေါ့နော်"
ဒေါ်အမာညွန့်ဟာ ကိုမျိုးမင်းယု (မျိုးကိုမျိုး) ၊ ကိုကျော်မင်းယု (ကိုဂျင်မီ) ၊ မသန္တာယု စတဲ့သားသမီး သုံးယောက်မွေးဖွားခဲ့ပါတယ်။ ကိုမျိုးကိုမျိုး ကတော့ ကိုဗစ်ကပ်ရောဂါ ကာလမှာ ကွယ်လွန်ခဲ့ပါတယ်။ ကိုကျော်မင်းယုကတော့ ၂၀၂၂ ခုနှစ် ဇူလိုင် ၂၅ ရက်နေ့မှာ ကြိုးမိန့်ပေး ကွပ်မျက်ခံခဲ့ရပါတယ်။ အခုအခါမှာတော့ မသန္တာယု တစ်ယောက်သာ ကျန်ခဲ့ပါတော့တယ်။
အာဏာရှင်အဆက်ဆက် တော်လှန်ရေးမှာပါဝင်လှုပ်ရှားခဲ့ကြတဲ့ သားသမီးတွေ အကျဉ်းကျနေချိန်ကာလတွေမှာ အခက်အခဲကြားက ထောင်ဝင်စာပေးပို့ခဲ့တဲ့သူလည်း ဖြစ်ပါတယ်။
ဒေါ်အမာညွန့်ဟာ နိုင်ငံရေးအရ ဘယ်လိုအမျိုးသမီးလဲဆိုတာကို နိုင်ငံရေးအကျဉ်းသား ဟောင်းတစ်ဦးဖြစ်တဲ့ ဦးခင်ဝင်းက မှတ်ချက်ပေးပါတယ်။
"ကျွန်တော်တို့ ၈၈ ထောင်ကျတဲ့အခါမှာ ဒေါ်လေးရဲ့သားအကြီး မျိုးကိုမျိုးနဲ့ ထောင်ထဲမှာအတူနေခဲ့ရတယ်။ ဒီသားတွေရဲ့ ဒုက္ခအကုန်လုံးကို လည်စင်းခံပြီးတော့ သားတွေတင်မဟုတ်ဘူး။ ကျန်တဲ့ ထောင်ဝင်စာ မပေးနိုင်တဲ့သူတွေအတွက်ကိုပါ တစ်အုပ်တစ်မကြီးနဲ့လာပြီးတော့ သားအမိတွေ ထောင်ဝင်စာတွေပို့တာ။ ဂျင်မီဆိုရင်လည်း အင်းစိန်ထောင်ကနေ သာယာဝတီထောင်ပြောင်းရတယ်။ ပြောင်းတဲ့အခါမှာလည်း တကယ့် သူတို့သားသမီးတစ်ယောက်လို ကျန်တဲ့ကလေးတွေကို သားသမီးသဘောလိုထားပြီး ထောင်ဝင်စာပို့တဲ့နေရမှာ သူ့ရဲ့စိတ်ဓာတ်က အင်မတန်မှ နိုင်ငံရေးအပေါ် စွမ်းစွမ်းတမံလုပ်နိုင်တဲ့ အမျိူးသမီးကြီးပါ"
နိုင်ငံရေးတက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်တဲ့ ဒေါ်နွဲ့ကလည်း ဒေါ်အမာညွန့်နဲ့ပတ်သက်ပြီး မှတ်ချက်ပေးပါတယ်။
"သားတစ်ယောက်လုံး အရှင်လတ်လတ်ကွပ်မျက်ခံရတယ်ဆိုတဲ့သတင်းက ဘယ်မိခင်မှ မခံစားနိုင်တဲ့သတင်းပါ၊ ဒါကြီးကိုကြံ့ကြံ့ခံပြီးတော့ ဒီတော်လှန်ရေးကြီးမှာ သူ့ကိုအမျိုးမျိုးလာနှောင့်ယှက်တာတွေ သူက ကြံ့ကြံ့ခံနိုင်ခဲ့တဲ့ တကယ့်သူရဲကောင်းမိခင်ဖြစ်အဖြစ် အသိအမှတ်ပြုတယ်။ ဂုဏ်ယူတယ်"
ဈာပနအခမ်းအနားကိုလိုက်ပါပို့ဆောင်ပေးကြသူတွေကလည်း ဒေါ်အမာညွန့်ဟာ အခုနွေဦးတော်လှန်ရေးကာလအတွင်း စွမ်းစွမ်းတမံနဲ့ လုပ်ဆောင်ပေးတဲ့ အာဂအမျိုးသမီးမိခင်ကြီးဖြစ်တယ်လို့ ပြောကြားပါတယ်။
တော်လှန်ရေးအပြီး နိုင်ငံပြန်လည်တည်ထောင်တဲ့အချိန်မှာ ဒေါ်အမာညွန့်ကို သမိုင်းမှတ်တိုင်အနေနဲ့ မှတ်တမ်းတင် ဂုဏ်ပြုထိုက်တဲ့အမျိုးသမီးဖြစ်တယ်လို့လည်းဆိုကြပါတယ်။
ဒေါ်အမာညွန့်ရဲ့နာရေးအခမ်းအနားကို နိုင်ငံရေးတက်ကြွလှုပ်ရှားသူ အစုအဖွဲ့အသီးသီးက လူ တစ်ထောင်နီးပါး လိုက်ပါပ်ို့ဆောင်ခဲ့ကြပါတယ်။