စစ်ကောင်စီအပေါ် လုံခြုံရေးကောင်စီရဲ့ ဖိအားပေးမှုကို ကြိုဆို

2022.07.29
စစ်ကောင်စီအပေါ် လုံခြုံရေးကောင်စီရဲ့ ဖိအားပေးမှုကို ကြိုဆို ဒီမိုကရေစီအရေးလှုပ်ရှားသူတွေကို သေဒဏ်စီရင်ခဲ့တဲ့ စစ်ကောင်စီရဲ့လုပ်ရပ်အား ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ၂၀၂၂ ခုနှစ် ဇူလိုင်လ ၂၆ ရက်နေ့က ဆန္ဒပြခဲ့ကြစဉ်
Photo: AFP

ရုရှားနဲ့ တရုတ်အပါအဝင် လုံခြုံရေးကောင်စီအဖွဲ့ဝင် ၁၅ နိုင်ငံက ဒီမိုကရေစီအရေး လှုပ်ရှားသူတွေအပေါ် စစ်တပ်ရဲ့ သေဒဏ်စီရင်မှုကို တညီတညွတ်တည်း ကန့်ကွက် ရှုတ်ချလိုက်ပါတယ်။

မြန်မာစစ်အာဏာရှင်အဆက်ဆက်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ ရုရှားနဲ့ တရုတ်က ဗီတိုအာဏာသုံးပြီး အစဉ်တစိုက် ကာကွယ်ပေးခဲ့တာပါ။

ဇူလိုင် ၂၇ ရက်မှာတော့ သေဒဏ်စီရင်မှုနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့လုပ်ရပ်အပေါ် ပြင်း ပြန်းထန်ထန် ကန့်ကွက်ရှုတ်ချလိုက်သလို စစ်ကောင်စီက ဖမ်းဆီးထားတဲ့ ဒေါ်အောင်ဆန်း စုကြည်၊ ဦးဝင်းမြင့် အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေအားလုံးကို ချက်ချင်းပြန်လွှတ်ပေး ဖို့ တောင်းဆိုလိုက်ပါတယ်။

"ကျမတို့ ပြည်သူတွေက ဒီစစ်အာဏာရှင်တိုက်ဖျက်ရေးစိတ်ဓာတ်ကို ဘယ်တော့မှ မလျှော့တော့ဘူးဆိုတာ ပြထားတာရဲ့ အကျိုးပဲ”

အခုချိန်မှာ ရုရှားနဲ့ တရုတ်ဟာ လူထုဆန္ဒကိုဆန့်ကျင်ပြီး စစ်ကောင်စီအပေါ် ကာကွယ်ပေး ဖို့ မလွယ်ကူတော့ဘူးလို့ တရုတ် နိုင်ငံအခြေစိုက် မြန်မာ့နိုင်ငံရေးအကဲခတ်တစ်ဦးဖြစ်တဲ့ ဒေါက်တာလှကျော်ဇောက သုံးသပ်ပါတယ်။

“တရုတ်နဲ့ ရုရှားက (စစ်တပ်ကို ကာကွယ်ပေးတာ) အရင်တုန်းကတော့ ဟုတ်တယ်၊ နအဖ ခေတ်တို့ ဘာတို့တုန်းကတော့ပေါ့။ နောက် မင်းအောင်လှိုင် တက်ကစကလည်း ဒီလောက် မပြတ်သားဘူးလေ။ ဒါပေမဲ့ အခုနောက်ပိုင်း သူလုပ်ပုံကိုင်ပုံတွေက သိပ်ဆိုး လာတော့ ပြည်သူလူထုကလည်း သိပ်ပြတ်သားလာတဲ့အခါမှာ ပြည်သူလူထုမျက်နှာ လည်း ကြည့်ရတာပေါ့ဗျာ။ ဒါကြောင့်မို့ သူတို့ အခုလို နည်းနည်းနောက်ဆုတ်သွားတာ ဖြစ်နိုင်တယ်။ ဒီလောက်ဆိုးတဲ့သူကို သူတို့ သိပ်ပြီး ကာကွယ်ပေးဖို့ဆိုတာ မလွယ်ဘူး ထင်တယ်၊ ဘာလို့လဲဆို ပြည်သူလူထုကလည်း သိပ်ပြတ်သားနေတာကိုး။ ဒီအတွက် ရုရှားရော၊ တရုတ်ရော ပြတ်ပြတ်သားသား တစုတစည်းတည်းရပ်ပြီး ကန့်ကွက်လိုက် တယ်ထင်တယ်။ ကျမတို့ ပြည်သူတွေက ဒီစစ်အာဏာရှင်တိုက်ဖျက်ရေးစိတ်ဓာတ်ကို ဘယ်တော့မှ မလျှော့တော့ဘူးဆိုတာ ပြထားတာရဲ့ အကျိုးပဲ”

အကြမ်းဖက်မှုအားလုံး ချက်ချင်းရပ်ဖို့၊ လူ့အခွင့်အရေးနဲ့ တရားဥပဒေ စိုးမိုးရေးကို အပြည့် အဝ လိုက်နာဖို့ကိုလည်း လုံခြုံရေး ကောင်စီက စစ်ကောင်စီကို တောင်းဆိုလိုက်ပါတယ်။ သေဒဏ်ချမှတ်ခံထားရတဲ့သူတွေကို မကွပ်မျက်ဘဲ ပြန်စဉ်းစားဖို့ အာဆီယံက ပြန်ကြားနေ တဲ့ကြားကပဲ အခုလိုဆောင်ရွက်လိုက်တယ်ဆိုတာ မှတ်သားထားတယ်လို့လည်း အဲဒီကြေ ညာချက်မှာ ဖော်ပြထားပါတယ်။

မြန်မာပဋိပက္ခကို တွေ့ဆုံဆွေးနွေးမှုတွေကနေဖြေရှင်းပြီး ဒီမိုကရေစီလမ်းကြောင်းကို ပြန်သွားဖို့ အားပေးနေပေမယ့် စစ်ကောင်စီရဲ့ တုံ့ပြန်မှုတွေက ကျေနပ်စရာမရှိတဲ့အပေါ် တရုတ်အပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းက စိတ်ပျက်နေတယ်လို့ အကဲခတ်တွေက သုံးသပ်ပါတယ်။

သေဒဏ်စီရင်မှုနဲ့ ပတ်သက်လို့ တရုတ်က တိုက်ရိုက်ရှုတ်ချပြစ်တင်တာမျိုး မလုပ်ဘဲ လုံခြုံ ရေးကောင်စီကနေတစ်ဆင့် သူ့ရဲ့ သဘောထားကို ထုတ်ပြခဲ့တာလို့ နိုင်ငံရေးအကဲခတ်တွေ က ရှုမြင်ပါတယ်။

လုံခြုံရေးကောင်စီမှာ ဗီတိုအာဏာသုံးခွင့်ရှိနေတဲ့ တိုင်းပြည်တွေက စစ်ကောင်စီအပေါ် အခြေခံအားဖြင့် သဘောထား တူညီမှုရှိသွားတာဟာ တိုးတက်မှုပဲလို့ ဒေါက်တာစိုင်းကြည် ဇင်စိုးက သုံးသပ်ပါတယ်။

“တိုးတက်မှုလို့ ပြောလို့ရတယ်၊ ပထမတစ်ချက်က ဒီစစ်ကောင်စီရဲ့သဘောထား အမှန် ကို လုံခြုံရေးကောင်စီထဲမှာပါတဲ့ဟာ အထူးသဖြင့် ဗီတိုအာဏာ ပါဝါရှိနေတဲ့ နိုင်ငံငါးခု က တညီတညွတ်တည်း မြင်သွားတယ်ဆိုတာကတော့ ဒါဟာ တိုးတက်မှုလို့ ပြောလို့ရ တယ်။ နောက်ပိုင်း စဉ်းစားတဲ့ဟာတွေ၊ ဆွေးနွေးတဲ့ဟာတွေ ပိုပြီးတော့ ထိထိရောက် ရောက်ပေါ့ မြန်မာနိုင်ငံအရေးကို တူညီတဲ့အမြင်၊ ဘောင်တစ်ခုကနေ စဉ်းစားနိုင်မယ်၊ ဆွေးနွေးနိုင်မယ်လို့ မျှော်လင့်လို့ရတယ်”

လုံခြုံရေးကောင်စီရဲ့ ကန့်ကွက်ရှုတ်ချမှုအပေါ် သဘောထားသိနိုင်ဖို့ စစ်ကောင်စီပြောရေး ဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဒီကနေ့ ဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။

ဇူလိုင် ၂၆ ရက်ကလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာတော့ ပြည်တွင်းပြည်ပ ကန့်ကွက်ရှုတ်ချ မှုတွေ ရှိလာနိုင်တာကို သိသိနဲ့ သေဒဏ်စီရင်ခဲ့တာလို့ ဗိုလ်ချုပ် ဇော်မင်းထွန်းက တုံ့ပြန်ခဲ့ ပါတယ်။

စစ်တပ်အရာရှိဟောင်းတွေနဲ့ စုဖွဲ့ထားတဲ့ သေနင်္ဂမဟာဗျူဟာလေ့လာရေးအင်စတီကျု အမှုဆောင်ညွှန်ကြားရေးမှူး ဦးသိန်းထွန်းဦးကတော့ လုံခြုံရေးကောင်စီရဲ့ ထုတ်ပြန်ချက် ဟာ နိုင်ငံရေးအရ ဖိအားပေးမှုဖြစ်တယ်လို့ ဆိုပါတယ်။

“တကယ်တမ်းပြောရမယ်ဆိုရင် တခြားနိုင်ငံတစ်နိုင်ငံရဲ့ တရားစီရင်ရေးကို ကျန်တဲ့ နိုင်ငံတွေက ဝင်ရောက်စွက်ဖက်လို့တော့ မရပါဘူး။ ဒါပေမဲ့ လူ့အခွင့်အရေးအရ၊ လူ သားချင်းစာနာထောက်ထားမှုအရ မကျေနပ်ဘူး၊ အဆင်မပြေဘူး၊ ဒါမဖြစ်သင့်ဘူး ဆိုပြီးကန့်ကွက်တာ ဒါမျိုးတော့ စာထုတ်နိုင်တာပေါ့။ တကယ်တမ်းက ဒါနဲ့ပတ်သက်ပြီး သေဒဏ်ချလို့ မြန်မာပြည်ကို ဘယ်လိုအရေးယူမယ်၊ ညာလိုအရေးယူမယ်ဆိုပြီး လုပ်လို့ မရဘူး။ စာထုတ်တဲ့အပိုင်းကတော့ ရှင်းရှင်းလင်းလင်းပြောရရင် နိုင်ငံရေးအရ ဖိအား ပေးမှုလုပ်တဲ့သဘောပါပဲ၊ အမြဲတမ်းလည်း ဖြစ်နေကျ၊ ကြုံနေကျ၊ ကြားနေကျ ဖြစ်တဲ့ အတွက် သိပ်ထူးထူးခြားခြား မရှိပါဘူး”

တရုတ်နဲ့ ရုရှားအပါအဝင် ကုလလုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ စစ်ကောင်စီရဲ့ ရက်စက်မှုအပေါ် လက်မခံနိုင်ကြောင်းပြသတာကို ကြိုဆိုတယ်လို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (NLD) ရဲ့ ဗဟိုအလုပ်ကော်မတီဝင် ဦးကျော်ထွေးက ပြောပါတယ်။

phakant-protest.jpg
ဒီမိုကရေစီအရေးလှုပ်ရှားသူတွေကို သေဒဏ်စီရင်ခဲ့တဲ့ စစ်ကောင်စီရဲ့လုပ်ရပ်အား ဖားကန့်မြို့တွင် ၂၀၂၂ ခုနှစ် ဇူလိုင်လ ၂၈ ရက်နေ့က ဆန္ဒပြခဲ့ကြစဉ် (Photo: CJ)

ဒါပေမဲ့ မြန်မာပြည် ဒီမိုကရေစီလမ်းပေါ် ပြန်ရောက်ဖို့ဆိုရင်တော့ ကုလလုံခြုံရေးကောင်စီ အနေနဲ့ ဒီထက်ထိရောက်တဲ့ အကူအညီတွေပေးဖို့ လိုအပ်တယ်လို့ သူက ထောက်ပြပါ တယ်။

“စစ်ကောင်စီရဲ့ ရက်စက်ယုတ်မာမှုတွေကို မြန်မာပြည်သူတစ်ရပ်လုံးသာမက တစ် ကမ္ဘာလုံးက သိရှိသွားပြီးတော့ လက်မခံနိုင်ကြောင်းပြလိုက်တာပဲဖြစ်ပါတယ်။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီး၊ ဒီမိုကရေစီနဲ့ လူ့အခွင့် အရေးကို တန်ဖိုးထားတဲ့ လူမျိုးအသီးသီးက စစ်ကောင်စီ အမြန်ပြုတ်ကျရေးအတွက် တတ်နိုင်သမျှ နည်းလမ်းပေါင်းစုံနဲ့ ထိရောက်တဲ့အကူအညီတွေ ပံ့ပိုးပေးမှသာ မြန်မာ ပြည်သူတွေလိုလားတဲ့ ဒီမိုကရေစီပန်းတိုင်ကို အမြန်ဆုံး ရောက်ရှိမှာဖြစ်ပါတယ်”

စစ်တပ်အာဏာသိမ်းပြီးနောက် ပထမဆုံးလုပ်တဲ့ အစည်းအဝေးမှာ မြန်မာစစ်တပ်အာဏာ သိမ်းမှုကို ကန့်ကွက်ရှုတ်ချဖို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီက ကြိုးစားခဲ့ပေမယ့် အိမ်နီး ချင်းတရုတ်နိုင်ငံက သဘောမတူခဲ့ပါဘူး။

ဒီ့အပြင် မြန်မာ့အရေးနဲ့ပတ်သက်လို့ လုံခြုံရေးကောင်စီအနေနဲ့ အစည်းအဝေးတွေ အကြိမ် ကြိမ်ပြုလုပ်ခဲ့ပေမယ့် မြန်မာ စစ်တပ်ကို အရေးယူဒဏ်ခတ်မှုတွေလုပ်ဖို့ ကိစ္စမှာ တရုတ်နဲ့ ရုရှားနိုင်ငံက ဟန့်တားထားပါတယ်။

ဒါပေမဲ့ အခု ဒီမိုကရေစီအရေးလှုပ်ရှားသူတွေအပေါ် သေဒဏ်စီရင်တဲ့ကိစ္စအပေါ် ကန့်ကွက် ရှုတ်ချရေးမှာ တရုတ်နဲ့ ရုရှားတို့က လိုလိုလားလားရှိခဲ့တာကြောင့် အနာဂတ်မှာ မြန်မာ့ အရေးတိုးတက်ပြောင်းလဲမှုတွေ ရှိလာနိုင်တယ်လို့ နိုင်ငံရေးအကဲခတ်တွေက သုံးသပ်နေ ကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။