ကယားပြည်နယ်ထဲ ပြည်နယ်ခြားဖြတ်သန်းခွင့်ကတ်ပါမှ ဝင်ခွင့်ရမယ်လို့ IEC ကြေညာ

ဝေမာထွန်း(ဝါရှင်တန်ဒီစီ)
2025.02.11
ကယားပြည်နယ်ထဲ ပြည်နယ်ခြားဖြတ်သန်းခွင့်ကတ်ပါမှ ဝင်ခွင့်ရမယ်လို့ IEC ကြေညာ ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၄ ရက်က ရှမ်းပြည်နယ်တောင်ပိုင်းရှိ လမ်းဘေးစစ်ဆေးရေးဂိတ်တစ်ခုတွင် ကရင်နီပြည်ရဲဌာန အမှတ် (၈) စခန်းမှ ရဲအရာရှိများက ခရီးသွားများကို စစ်ဆေးနေစဉ်။
Gemunu Amarasinghe/RFA

ကယားပြည်နယ်ထဲကိုလာမဲ့ တခြားတိုင်းနဲ့ပြည်နယ်အတွင်းနေထိုင်သူတွေဟာ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC)ထံမှာ ပြည်နယ်ခြားဖြတ်သန်းခွင့်ကတ်လုပ်ပြီးမှ ပြည်နယ်အတွင်း ဝင်ရောက်ခွင့်ရမဲ့အစီအစဉ်ကို IEC က လာမဲ့မတ်လနောက်ပိုင်းကစပြီး အကောင်အထည်ဖော်မယ်လို့ ပြောပါတယ်။

ပြည်နယ်အတွင်း ဝင်ရောက်လာသူတွေရဲ့အချက်အလက်တွေကို မှတ်တမ်းတင်ထားလိုတာ၊ ပြည်နယ်အတွင်းနေထိုင်သူတွေရဲ့ လုံခြုံရေးအပါအဝင် လာရောက်သူတွေရဲ့လွတ်လပ်ခွင့်နဲ့ လုံခြုံရေးအတွက် အာမခံပေးနိုင်ဖို့ အခုလိုလုပ်ဆောင်တာလို့ IEC က ပြောပါတယ်။

တော်လှန်ရေးကာလအလွန် အသွင်ကူးပြောင်းရေးကာလမှာလည်း ဒီသတ်မှတ်ချက်ကို ဆက်လက်ကိုင်စွဲသွားမယ်လို့ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ IEC အတွင်းရေးမှူး ကိုဗညားက ပြောပါတယ်။

“အသွင်ကူးပြောင်းရေးကာလမှာ ဒီဟာက ဆက်တိုက်သယ်ဆောင်သွားမှာဖြစ်ပါတယ်။ သေချာ ဆွေးနွေးခဲ့ကြတယ်။ ပြင်ဆင်မှုတွေ နှစ်ကာလတော်တော်လေး လုပ်ခဲ့ပြီးမှ ဒီအဆင့်အထိကို ရောက်လာတာပါ။ အဲ့ဒါမို့ ကျွန်တော်တို့က ဆက်ပြီးမှသယ်ဆောင်သွားမှာဖြစ်တယ်။ ဒါပေမဲ့ ပြောင်းလဲသွားတဲ့ နိုင်ငံရေးအခြေအနေနဲ့ ပြည်ထောင်စုအခင်းအကျင်းမှာတော့ ဖြည့်စွက်တာတွေ ဆက်ရှိသွားမှာပါ”

ပြည်နယ်ခြားဖြတ်သန်းခွင့်ကတ်ကို IEC ရဲ့ လူဝင်မှုကြီးကြပ်ရေးဌာနမှာ လုပ်ရမှာဖြစ်ပြီး အသေးစိတ်ကို ထပ်မံကြေညာသွားမယ်လို့ ပြောပါတယ်။

ကရင်နီကြားကာလအုပ်ချုပ်ရေးကောင်စီက ပြည်နယ်ခြားဖြတ်သန်းခွင့်ကတ်နဲ့ ပြည်နယ်အတွင်း ဝင်ထွက်ခွင့်ကန့်သတ်လိုက်တဲ့အပေါ် ရခိုင်နိုင်ငံရေးသမားကိုဝေဟင်အောင်က လုံခြုံရေးအရ မှားယွင်းတယ်လို့ ပြောလို့မရနိုင်ကြောင်း မှတ်ချက်ပြုပါတယ်။

“ရခိုင်ဘက်မှာ ဒီအခင်းအကျင်းမျိုးကမတွေ့ရသေးဘူး။ လက်ခံမယ် လက်မခံဘူးဆိုတာကတော့ လောလောဆယ် ကျွန်တော်တို့ဘက်ကပြောမယ်ဆိုရင်ဆိုရင် နည်းနည်းစောသေးတယ်လို့ ရခိုင်တစ်ယောက်အနေနဲ့တော့ ပြောလိုတာပေါ့။လက်ရှိအခင်းအကျင်းမှာ သူတို့လုပ်တာမှားတယ်လို့ ပြောလို့မရဘူး။ကိုယ့်ပြည်နယ်ထဲကို သူစိမ်းဝင်လာမယ်ဆိုရင် ဒီသူစိမ်းနဲ့ပတ်သက်ပြီး ဒီအခင်းအကျင်းကို သိထားဖို့လိုအပ်မယ်လို့ မြင်တယ်”

စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းပြီးနောက်ပိုင်း ပြည်သူတွေလိုလားတဲ့ နိုင်ငံရေးအခင်းအကျင်းမျိုးရလာပြီးတဲ့နောက် ဖြေလျော့တာတွေ လုပ်ဖို့လိုမယ်လို့လည်း သူကဆက်ပြောပါတယ်။

ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) ပြည်ထဲရေးဌာန၏ လူဝင်မှုကြီးကြပ်ရေးဌာနမှ ပြည်နယ်ခြားဖြတ်သန်းခွင့်ကတ် ပုံစံအား ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၁၁ ရက်နေ့ ထုတ်ပြန်ထားစဉ်။ (Photo: Karenni State Immigration)
ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) ပြည်ထဲရေးဌာန၏ လူဝင်မှုကြီးကြပ်ရေးဌာနမှ ပြည်နယ်ခြားဖြတ်သန်းခွင့်ကတ် ပုံစံအား ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၁၁ ရက်နေ့ ထုတ်ပြန်ထားစဉ်။ (Photo: Karenni State Immigration)

ချင်းအမျိုးသားတပ်ဦး CNF ရဲ့ နိုင်ငံခြားရေးတာဝန်ခံ ဆလိုင်းဘွေလျန်မန်းကတော့ IEC အနေနဲ့ လုံခြုံရေးအရလုပ်ဆောင်တာကို နားလည်ပေမဲ့ ထိန်းချုပ်ဖို့ဆိုတာထက် ပိုလွတ်လပ်တဲ့အခြေအနေဖြစ်အောင် လုပ်ဖို့လိုတယ်လို့ ပြောပါတယ်။

“လုံခြုံရေးအရ တော်လှန်ရေးဆင်နွှဲနေတဲ့အချိန် တိုက်ပွဲတွေကလည်း နေရာတကာမှာ ဖြစ်နေတဲ့အချိန်မှာ သူတို့လုံခြုံရေးအရ လိုအပ်တယ်ထင်လို့ လုပ်တာဖြစ်ပါလိမ့်မယ်။ အမှန်အားဖြင့် ကျွန်တော်တို့တော်လှန်ရေးလုပ်တယ်ဆိုတာ ထိန်းချုပ်ဖို့မဟုတ်ဘူး။ လွတ်မြောက်ဖို့ လုပ်တာဖြစ်တယ်။ အရင်ကထက်တောင်လွတ်လပ်တဲ့ ပြည်သူလူထုနဲ့ အဲ့ဒီ Law enforcement အဖွဲ့တွေကြားထဲမှာ အပြန်အလှန်လေးစားမှုနဲ့ သဟဇာတရှိတဲ့ အခြေအနေမျိုးဖန်တီးနိုင်မယ်လို့ မျှော်လင့်ပါတယ်”

ကယားပြည်နယ်အတွင်း လွတ်လပ်စွာဝင်ထွက်ခွင့်အပေါ် ပြည်နယ်ခြားဖြတ်သန်းခွင့်ကတ်နဲ့ ထိန်းချုပ်လိုက်တာကို လက်မခံသူတွေလည်း ရှိပါတယ်။

ဒါဟာ ကန့်သတ်ချုပ်ချယ်မှုနဲ့ ခွဲခြားဆက်ဆံမှုပဲလို့ နိုင်ငံရေးအကျဉ်းသားဟောင်း ဦးထွန်းကြည်က ယူဆပါတယ်။

“အကြောင်းပြချက်တွေက တကယ့်တကယ်တမ်းတော့ မခိုင်လုံဘူး။ နိုင်ငံရေးအကြောင်းပြတယ်။ ကန့်သတ်တာမဟုတ်ဘူးလို့တော့ ပြောတယ်။ ဒါပေမဲ့ တကယ်က ကန့်သတ်တာပဲ။ IEC လုပ်မယ်ဆိုလည်း IEC အလျောက်၊ စစ်ကိုင်းလုပ်မယ်ဆိုလည်း စစ်ကိုင်းလုပ်မယ်။ တခြားပြည်နယ်တွေကလုပ်မယ်ဆိုလည်းလုပ်မဲ့အလျောက် အကျိုးထက်အပြစ်က ပိုများလာမယ်။ ခွဲခြားဆက်ဆံတဲ့ပုံမျိုးတွေဖြစ်လာရင် မလိုလားအပ်တဲ့ လူမျိုးရေးကိစ္စတွေဖြစ်လာနိုင်စရာ အကြောင်းရှိတယ်”


ဆက်နွှယ်သောသတင်းများ

ပြည်တွင်းစစ်ကြားက ပေါက်ဖွားလာတဲ့ ကရင်နီပြည်ရဲဌာန

ကယားပြည်နယ်ထဲက တောတွင်းလျှို့ဝှက်ဆေးရုံ

တရားမျှတမှုအတွက် တိုက်ပွဲဝင်ကြဖို့ IEC ဥက္ကဋ္ဌတိုက်တွန်း


ကယားပြည်နယ်အတွင်းက နယ်မြေ ရှစ်ဆယ်ရာခိုင်နှုန်းလောက်ကို ထိန်းချုပ်ထားတယ်လို့ ကရင်နီပြည်ကြားကာလ စီမံအုပ်ချုပ်ရေးကောင်စီ (IEC) က ပြောဆိုထားပါတယ်။

သိမ်းထားတဲ့မြို့တိုင်းမှာ အုပ်ချုပ်ရေး၊ တရားဥပဒေစိုးမိုးရေး၊ လုံခြုံရေး၊ ပညာရေး၊ မွေးမြူရေး၊ ကျန်းမာရေး၊ မိခင်နဲ့ ကလေး အစရှိတဲ့ဌာနတွေဖွင့်ပြီး အုပ်ချုပ်ရေးယန္တရား လည်ပတ်နေပါတယ်။

အခု၂၀၂၅ ခုနှစ်မှာ ကရင်နီပြည်နယ်က စစ်ကောင်စီစခန်းတွေကို အပြီးသိမ်းပိုက်နိုင်ဖို့ ကြိုးပမ်းမယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ဥက္ကဋ္ဌ ခွန်းဘီထူးကလည်း နှစ်သစ်ကူးမိန့်ခွန်းမှာ ထည့်သွင်းပြောထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။