ကယားပြည်နယ်ထဲက စစ်ဘေးဒုက္ခသည်စခန်းအချို့ ရိက္ခာပြတ်နေ

စစ်တပ်အာဏာသိမ်းမှု တစ်နှစ်ခွဲကျော်ကြာလာတဲ့အထိ လက်နက်ကိုင်ဆန့်ကျင် တိုက်ပွဲ တွေ ပြင်းထန်နေဆဲဖြစ်တဲ့ ကယား (ကရင်နီ) ပြည်နယ်ထဲက ဒီးမော့ဆိုမြို့နယ်နဲ့ ဖရူဆို မြို့နယ်မှာ စစ်ဘေးဒုက္ခသည် တစ်သိန်းခွဲဝန်းကျင်ရှိနေပြီး သူတို့ဟာ စားနပ်ရိက္ခာ မလုံ လောက်မှု ပြဿနာနဲ့ ရင်ဆိုင်ကြုံတွေ့နေရပါတယ်။
လက်ရှိ ကုန်ဈေးနှုန်းကြီးမြင့်တာ၊ အလှူရှင်တွေ နည်းပါးတာအပြင် စစ်ကောင်စီတပ်ရဲ့ စစ်ဆေးပိတ်ဆို့မှုတွေကြောင့် စစ်ဘေးဒုက္ခသည်စခန်းတွေမှာ ရိက္ခာပြတ်လပ်မှုတွေ ကြုံနေရတယ်လို့ စစ်ဘေးဒုက္ခသည်အရေး ကူညီနေသူတွေက ပြောပါတယ်။
"အခုနောက်ပိုင်းက တစ်ရက်ကို တစ်နပ်လောက်ပဲ ပုံမှန်စားဖြစ်တော့မှာပေါ့နော်”
ဒုက္ခသည်စခန်းတွေမှာ ပုံမှန် တစ်နေ့ထမင်းသုံးနပ် ကျွေးနိုင်ခဲ့ပေမယ့် လက်ရှိအခြေအနေ အရ တချို့စခန်းတွေမှာ ထမင်းတစ်နပ်သာ ကျွေးနိုင်တော့တယ်လို့ ကရင်နီပြည် စစ်ဘေး ရှောင် ကူညီစောင့်ရှောက်ရေး ကွန်ရက်ရဲ့ ပြန်ကြားရေးတာဝန်ခံက RFA ကို ပြောပါတယ်။
“ဆန်အမျိုးအစား အနိမ့်ဆုံးကိုမှ သုံးသောင်းရှစ်ထောင်ကနေပြီးမှ လေးသောင်းခွဲအထိ ဒီရက်ပိုင်းအတွင်း ခုန်တက်သွားတာလေ။ ပြီးတော့ တချို့စစ်ဘေးရှောင်စခန်းမှာ ထား ထားတဲ့ အရန်ဆန်တောင်မှ မရှိတော့ဘူး အခုဒီဘက်မှာ။ သူတို့ပုံမှန်စားတာ သုံးနပ်၊ ဒါပေမဲ့ တချို့မိသားစုပေါ် မူတည်ပြီးတော့မှ နှစ်နပ်၊ သုံးနပ်ခွဲထားတာရှိတယ်။ ဒါပေမဲ့ အခုနောက်ပိုင်းက တစ်ရက်ကို တစ်နပ်လောက်ပဲ ပုံမှန်စားဖြစ်တော့မှာပေါ့နော်”
စစ်ဘေးဒုက္ခသည်တွေကို ကျွေးမွေးရာမှာလည်း စိုက်ပျိုးထားတဲ့ အသီးအရွက်တွေကို ရေလုံပြုတ်ပြီး ထမင်းနဲ့အတူ ကျွေးမွေးနေရတယ်လို့ ဆိုပါတယ်။
လက်ရှိ စစ်ဘေးဒုက္ခသည်စခန်းတွေအပြင် ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်း၊ ဒီးမော့ ဆိုမြို့နယ်နဲ့ ဖရူဆိုမြို့နယ်ကြားက ဒေသတွေမှာ ရိက္ခာပြတ်လပ်တဲ့အရေးနဲ့ ကြုံနေရတာ လို့ ကူညီပေးနေသူတွေက ပြောပါတယ်။
စစ်တပ်အာဏာသိမ်းပြီးကတည်းက ဒီနေ့အထိ စစ်ဘေးဒုက္ခသည်ဖြစ်နေတဲ့ ဒီးမော့ဆိုမြို့ ဒေသခံတစ်ဦးကလည်း လက်ရှိစစ်ဘေးဒုက္ခသည်စခန်းမှာ ရိက္ခာမလုံလောက်တာကြောင့် ပိုင်ဆိုင်တာတချို့ကို ရောင်းချနေရတယ်လို့ RFA ကို ပြောပါတယ်။
“ဆန်တွေကတော့ ပြတ်လပ်နေပါတယ်။ ပြတ်လပ်နေတယ်ဆိုတာ ဖြေရှင်းနေရတာပေါ့ နော်။ စစ်ရှောင်စခန်းက ပေးတာတွေက မလုံလောက်တော့ အရင်က ကိုယ့်ဘာသာ စု ဆောင်းထားတာတွေ၊ စစ်ပြေးနေတဲ့အချိန်အတွင်းမှာ စုဆောင်းထာတဲ့ ဆန်စပါးတွေ ဘာတွေ ရှိနေသေးတာ တစ်ကြောင်း၊ တချို့ကျတော့ ရောင်းချတာပေါ့ကွာ၊ ဆိုင်ကယ် တို့၊ နားကပ်ဆွဲကြိုး ရောင်းချပြီးမှ ဖြေရှင်းရတဲ့ အခြေအနေတွေလည်း ရှိပါတယ်”
လက်ရှိမှာ စားသုံးဆီ အပါအဝင် စားသောက်ကုန်ဈေးနှုန်းတွေ မြင့်တက်နေတာကြောင့် ဆီမပါဘဲ ချက်ပြုတ်စားသောက် နေရသလို အသား၊ ငါးလည်း မစားနိုင်ကြဘူးလို့ ဆိုပါ တယ်။
စစ်ဘေးဒုက္ခသည်တွေအတွက် ကုလသမဂ္ဂ လက်အောက်ခံအဖွဲ့အစည်းနဲ့ အရပ်ဖက်အဖွဲ့ တွေက ကူညီပေးနေပေမယ့် လုံလောက်တဲ့အခြေအနေမှာ မရှိဘူးလို့ ကရင်နီလူ့အခွင့် အရေးအဖွဲ့ (KnHRG) ရဲ့ ညွှန်ကြားရေးမှူး ကိုဗညားက RFA ကို ပြောပါတယ်။
“အခုအပြင်ကနေ ဝယ်ယူနိုင်တဲ့အခြေအနေ အကန့်အသတ်ရှိနေတယ်။ ငွေကြေးက လည်း တော်တော်ကို နည်းသွားတာပေါ့နော်။ အဘက်ဘက်က ကူညီနိုင်တဲ့ပုံစံ တော် တော်လေးကို နည်းသွားတယ်။ တချို့ကတော့ NGO တွေ၊ တချို့ UN Agency တွေ ကတော့ လုပ်နေတယ်။ ဒါပေမဲ့ သူတို့ကတော့ အကန့်အသတ်လောက်ပေါ့နော်။ ဧရိယာ အကန့်အသတ်လည်းရှိတယ်၊ အချိန်အကန့်အသတ်လေးတွေ ရှိတာပေါ့နော်။ များများ စားစား မလုပ်ပေးနိုင်ဘူးပေါ့နော်။ တစ်ယောက်ကို ဆန်သုံးပြည်၊ လေးပြည်လောက်ပဲ ပေးနိုင်တဲ့ အနေအထားဖြစ်တော့ အခံမရှိတဲ့ မိသားစုတွေ အတွက်ကတော့ တော်တော် လေးကို ကျပ်တည်းသွားရတာပေါ့နော်”
ပြီးခဲ့တဲ့နှစ်ကစပြီး စစ်ကောင်စီတပ်က သယ်ယူပို့ဆောင်ရေး လမ်းကြောင်းတွေမှာ စစ်ဆေး၊ ကန့်သတ်တာတွေ လုပ်ဆောင်ခဲ့သလို လက်ရှိမှာလည်း ဖားဆောင်း-ဘောလခဲ လမ်းမမှာ ဂိတ်အတည်တကျ တစ်ခုဆောက်ပြီး စစ်ဆေးနေတာကြောင့် ရိက္ခာပို့ဆောင်ရေးမှာ အကန့် အသတ်ရှိနေတယ်လို့ ကိုဗညားက ဆိုပါတယ်။

စစ်ဘေးဒုက္ခသည်တွေဟာ လက်ရှိ မြင့်တက်လာတဲ့ ကုန်ဈေးနှုန်းအပြင် ပုံမှန်ဝင်ငွေမရှိတဲ့ အခြေအနေကိုပါ ကြုံတွေ့နေရလို့ စားသောက်ရေးခက်ခဲသွားတာလို့ ဒီးမော့ဆို ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ ပြန်ကြားရေး တာဝန်ခံက ပြောပါတယ်။
“ပထမတစ်ချက် ကုန်ဈေးနှုန်းကြီးတာ၊ ဒုတိယတစ်ချက် အလုပ်အကိုင် ရှားပါးတာပေါ့ နော်။ ဒီဘက်ကျတော့ ပုံမှန်လယ်ယာလုပ်ငန်းတွေပဲ ရှိတာပေါ့နော်။ အဲဒီလိုမျိုးဆိုတော့ တခြားဝင်ငွေတွေက မရှိတဲ့အခါကျတော့ သူတို့ စားရေး၊ သောက်ရေးအတွက် ခက်ခဲ သွားတာပေါ့ စစ်ဘေးရှောင်တွေအတွက်ပေါ့။ ပြီးတော့ သူတို့ ကျန်းမာရေးပေါ့”
ဒီးမော့ဆိုမြို့နယ်ထဲက လက်ရှိ ရိက္ခာပြတ်နေတဲ့ စစ်ဘေးဒုက္ခသည်စခန်း အရေအတွက် အတိအကျကိုတော့ ဒေသတွင်း အဖွဲ့အစည်းတွေအနေနဲ့ စာရင်းကောက်နေဆဲ ဖြစ်တယ် လို့ ဆိုပါတယ်။
KnHRG က ကောက်ယူထားတဲ့ စာရင်းတွေအရ စစ်တပ်အာဏာသိမ်းချိန်ကန ဒီနေ့အထိ ကယားပြည်နယ်ထဲမှာ စစ်ဘေးဒုက္ခသည် နှစ်သိန်းတစ်သောင်းကျော် ရှိနေပါတယ်။
ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံး (UNOCHA) ရဲ့ ဩဂုတ်လမှာ ထုတ်ပြန်တဲ့ အစီရင်ခံစာအရ စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်း တစ်နိုင်ငံလုံးမှာ စစ်ဘေးဒုက္ခသည် ရှစ်သိန်းခြောက်သောင်းကျော် ရှိလာပြီဖြစ်ပြီး အဲဒီအထဲမှာ ကယား ပြည်နယ်က စတုတ္တမြောက် စစ်ဘေးဒုက္ခသည် အများဆုံး ဒေသဖြစ်ပါတယ်။