ကယားပြည်နယ် စစ်ဘေးရှောင်တွေ အကူအညီလိုအပ်နေ
2023.08.19

လက်ရှိ နွေဦးတော်လှန်ရေး ကာလအတွင်း စစ်ကောင်စီဘက်က အကျအဆုံးများနေတယ် လို့ နာမည်ကြီးနေတဲ့ ပြည်နယ်တစ်ခုကတော့ ကယားပြည်နယ် ဖြစ်ပါတယ်။
နေပြည်တော်နဲ့ နီးကပ်တဲ့အတွက် အရေးပါတဲ့ အဲဒီ ပြည်နယ်မှာ စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ တော်လှန်ရေးအင်အားစုတွေအကြား အဆက်မပြတ် တိုက်ပွဲတွေဖြစ်ပွားနေတာနဲ့အမျှ ဒေသခံပြည်သူတွေလည်း မိမိတို့ နေရပ်ကို စွန့်ခွာထွက်ပြေးနေရတဲ့အတွက် စစ်ဘေးရှောင် ဦးရေ နေ့စဉ်တိုး ပွားလာနေတယ်လို့ ကူညီကယ်ဆယ်ရေးသမားတွေက ပြောပါတယ်။
"အနွေးထည်တွေ၊ ထမင်းအိုး ဟင်းအိုးတွေ၊ တချို့ဆို ချက်စရာအိုးတစ်အိုးပဲရှိတယ်"
ထိုင်းနိုင်ငံ မဲဟောင်ဆောင်ခရိုင်နဲ့ ထိစပ်နေတဲ့ နယ်ခြားဒေသမှာဆိုရင် စစ်ဘေးရှောင် ၆ဝဝဝ ခန့် အခု ရောက်ရှိနေတယ်လို့ ဒေသခံတွေနဲ့ သွားရောက်ကူညီနေသူတွေက ပြောပါတယ်။ မဲဟောင်ဆောင် အခြေစိုက်ပြီး ကူညီနေတဲ့ ရှမ်းတိုင်းရင်းသူ မယင်းမိုလာကတော့ သူမအနေနဲ့ အကူအညီပေးလာသူတွေထံက ပစ္စည်းတွေကိုပဲ လက်ခံပြီး ငွေကြေးကို လုံးဝလက်မခံဘူးလို့ RFA ကို ပြောပါတယ်။
“မိတ်ဆွေတွေ အမျိုးတွေကိုပြောရင်း တဖြည်းဖြည်း ပစ္စည်းတွေလာပို့ကြတော့ တစ်ခါတလေလည်း ကားတစီးစာရတယ်။ ကျမက လိုအပ်တဲ့ပစ္စည်းတွေကိုပဲ လက်ခံပါတယ်။ လှူချင်ရင်လိုအပ်တဲ့ ပစ္စည်းလာပေးပေါ့နော်။ ငွေတော့ လက်မခံဘူး။ အခုစောင်တွေ တအားလိုအပ်တယ်။ အနွေးထည်တွေ၊ ထမင်းအိုး ဟင်းအိုးတွေ၊ တချို့ဆို ချက်စရာအိုးတစ်အိုးပဲရှိတယ်။ ထမင်းချက်ပြီး နောက်ဟင်းချက်ပေါ့နော်”
စစ်ဘေးရှောင်တွေကို တတ်စွမ်းသမျှ ကူညီနေသူနောက်တစ်ဦးကတော့ ကယန်း အမျိုးသမီးပါ။ သူ့ကို ဒေါ်ရိုစီ လို့ ခေါ်ပါတယ်။ တကယ်တော့ သူမကိုယ်တိုင်လည်း မြန်မာနိုင်ငံကနေ စစ်တပ်အာဏာသိမ်းပွဲအပြီး အခြေအနေအရ နေရပ်ကိုစွန့်ခွာခဲ့ရတဲ့ စစ်ဘေးရှောင်တစ်ဦး ဖြစ်ပါတယ်။
“ဒုက္ခသည်တွေက ဘောလခဲဘက်က များတယ်၊ တခြားနေရာတွေက လာတာလည်း ပါတယ်။ အထူးသဖြင့် ဆေးဝါးလိုတယ်၊ ပြီးတော့ စားဝတ်နေရေးပေါ့နော်။ အခု မိုးကျတော့ စောင်လိုတယ်။ နောက် မိုးကာတွေ လိုတယ်။ အခုတော့ ရတဲ့ဟာလေး တွေနဲ့ပဲ နေကြရတယ်ပေ့ါနော်”
အဲဒီဒေသကို ဒီရက်ပိုင်း သွားရောက်ခဲ့သူတစ်ဦးကတော့ ဘန်ကောက်မြို့အခြေစိုက် တန်းတူညီမျှခြင်း မြန်မာပရဟိတ လူငယ်အသင်း ဥက္ကဋ္ဌ ကိုသန်းဇော် ဖြစ်ပါတယ်။ သူတို့နယ်စပ်ကို သွားရောက်ကူညီခဲ့တာ ၂ ခေါက်ရှိပါပြီ။
“ကျွန်တော်တို့ ကားလေးစီးနဲ့ ၂ ခေါက်သွားပြီးပြီ။ အဓိက ဆန်တွေပါတယ်။ ငါးပိတို့၊ မားမားတို့၊ ဘာလချောင်ကြော်တို့ ပါတယ်။ အဝတ်အစားတွေလည်း ကျွန်တော်တို့ အများကြီး ယူသွားပေးခဲ့တယ်။ ဆန်၊ ဆီ၊ ဆေးဝါး မိတ်ဆွေတွေဆီက ရသမျှ အလှူခံပြီး သွားပေးပါတယ်။ ဗုံးထိထားတဲ့ ခြေပြတ်၊ လက်ပြတ်တွေလည်း ကျွန်တော် အများကြီး တွေ့ခဲ့တယ်။ ဆေးဝါးကုသမှုကတော့ လူနာ ၁ဝဝ ကျော်လောက်မှာ CDM ဆရာဝန် တစ်ဦးနဲ့ သူနာပြုဆရာမ တစ်ဦးပဲရှိတယ်။ သူတို့မှာလည်း အစားအစာမလုံလောက်လို့ ကျွန်တော်တို့ ဆန်တွေ၊ ဆီတွေ မားမားတွေ တချို့ပေးခဲ့တယ်”
ဘန်ကောက်အခြေစိုက်ပြီး နွေဦးတော်လှန်ရေးကို နည်းမျိုးစုံနဲ့ ကူညီနေသူနောက် တစ်ဦးကတော့ New Power Generation အင်အားသစ်မျိုးဆက် အဖွဲ့ခေါင်းဆောင် ကိုဖြိုးပိုင်ပါ။ သူက နိုင်ငံတကာရောက်မြန်မာတွေအနေနဲ့ ဒုက္ခသည်တွေကို တိုက်ရိုက်ကူညီဖို့ တိုက်တွန်းရင်း လိုအပ်ရင် သူတို့ ချိတ်ဆက်ပေးမယ်လို့ ပြောပါတယ်။
“စစ်ရှောင်တွေကို အကူညီပေးနေတဲ့ ဒေသခံတွေ ရှိပါတယ်။ ကျွန်တော်တို့ကို တိုက်ရိုက်မပေးဘဲနဲ့ ဒေသခံတွေကို တိုက်ရိုက်ချိတ်ဆက်ပြီး ကူညီပေးကြဖို့ မေတ္တာရပ်ပါတယ်”
ကယားပြည်နယ်မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတာနဲ့အမျှ စစ်ဘေးဒုက္ခသည် အရေအတွက်လည်း ထပ်မံတိုးပွားလာမယ်လို့ မျှော်လင့်ရပါတယ်။ အဲဒီ ဒုက္ခသည်တွေ အနေနဲ့ အခုအချိန်အထိ ထင်ရှားတဲ့ နိုင်ငံခြား အဖွဲ့အအစည်းတွေထံက လုံလောက်တဲ့ အကူအညီတွေကို မရရှိသေးပဲ နိုင်ငံတကာရောက် မြန်မာဇာတိဖွားတွေက တတ်နိုင်သမျှ ပံ့ပိုးတဲ့ အကူအညီတွေနဲ့ပဲ သူတို့ရဲ့နေ့စဉ်အခက်အခဲတွေကို ရင်ဆိုင်ဖြတ်သန်းနေရပါတယ်။