ကယားပြည်နယ်မှာ တိုက်ပွဲပြင်းထန်ပြီး ထိခိုက်သေဆုံးမှုများနေ
2023.05.26
ကယားပြည်နယ်၊ ဒီးမော့ဆိုနဲ့ ရှမ်းပြည်နယ်တောင်ပိုင်း မိုးဗြဲ၊ ဖယ်ခုံ၊ ပင်လောင်းမြို့နယ် အတွင်း ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ်တွေနဲ့ ကရင်နီတပ်မတော် KA၊ ကရင်နီ အမျိုးသားများ ကာကွယ်ရေးတပ် KNDF ပူးပေါင်းတပ်တွေကြား မေ ၁၄ ရက်ကနေ ၂၄ ရက်အထိ ၁၀ ရက်အတွင်း တိုက်ပွဲတွေ ပြင်းထန်ခဲ့တယ်လို့ ကရင်နီကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတွေနဲ့ ဒေသခံတွေက ပြောပါတယ်။
နှစ်ဖက်သေဆုံးထိခိုက်များသလို စစ်ကောင်စီတပ်က နေ့စဉ်နီးပါး လေကြောင်းကနေ တိုက်ခိုက်ခဲ့တာကြောင့် အဲဒီဒေသတွေမှာရှိနေတဲ့ စစ်ဘေးဒုက္ခသည်တွေပါ ဘေးလွတ်ရာ ကို ထပ်မံ ထွက်ပြေးနေရတယ်လို့ ဆိုပါတယ်။
ဒီးမော့ဆိုမြို့နယ်မှာ စစ်ကောင်စီတပ် ခမရ-၄၂၅၊ ခမရ-၅၁၇နဲ့ ခလရ-၂၈၇ တို့က ပူးပေါင်း စစ်ကြောင်း ဟာ တနီးလာလဲရွာကနေ ဒေါလျားခူရွာဘက်ကို ထိုးစစ်ဆင်လာတာကြောင့် KA တပ်ဖွဲ့ စစ်ဗျူဟာ အမှတ် (၆)၊ အမှတ် (၄) နဲ့ မဟာမိတ်တွေဖြစ်တဲ့ KNDF-ETD၊ KNDF- UAV နဲ့ လွိုင်ကော် PDF တပ်ဖွဲ့တို့ ပူးပေါင်းပြီး တုံ့ပြန်တိုက်ခိုက်ရာကနေ တိုက်ပွဲ တွေ ပြင်းထန်ခဲ့တာလို့ KNDF သတင်းနဲ့ ပြန်ကြားရေး တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
“၁၄ ရက်နေ့ကစပြီး စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို တန်ပြန်ချေမှုန်းရေး လုပ်ခဲ့တယ်။ တိုက်ပွဲတွေ တော်တော် ပြင်းထန်ခဲ့တယ်။ စစ်ကောင်စီဘက်ကနေပြီး တော့မှ နေစဉ် လေကြောင်း အသုံးပြု တိုက်ခိုက်တယ်ပေါ့နော်။ ပြီးတော့ သူတို့ အခြေစိုက်တပ်တွေကနေ တောက်လျှောက် လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာမျိုးတွေ လုပ်တယ်။ တိုက်ပွဲတွေထဲမှာလည်း စစ်ကောင်စီဘက်က ထိခိုက် ကျဆုံးမှုတွေများတယ်။ အခုချိန်အထိလည်း ကျွန်တော်တို့ ထိတွေ့တိုက်ပွဲတွေက ဆက်ပြီး ဖြစ်နေတယ် ပေါ့နော်”
တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က လေကြောင်းကနေ အကြိမ် ၆၀ အထိ ဗုံးကြဲတိုက်ခိုက် ခဲ့တယ်လို့ KNDF တာဝန်ရှိသူက ပြောပါတယ်။
နယ်မြေကျွမ်းကျင်တဲ့ ကရင်နီပူးပေါင်းတပ်တွေဘက်ကလည်း အင်နဲ့အားနဲ့ ပြန်တိုက်ခိုက် တာကြောင့် စစ်ကောင်စီဘက်က ဗိုလ်ကြီးတစ်ဦးနဲ့ ဗိုလ်အဆင့်ရှိသူ နှစ်ဦး အပါဝင် စုစုပေါင်း ၄၀ နီးပါး သေဆုံးခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။ စစ်သားနှစ်ဦးကို အရှင်ဖမ်းမိခဲ့ပြီး လက်နက်ခဲယမ်း အမြောက်အမြား သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။
ကရင်နီကာကွယ်ရေးတပ်ဖွဲ့ တွေဘက်ကတော့ ရှစ်ဦး သေဆုံးခဲ့တယ်လို့ KNDF တာဝန်ရှိ သူက ပြောပါတယ်။
"တိုက်ပွဲပြင်းထန်တဲ့ အခြေအနေကတော့ စစ်ကောင်စီဘက်က ဒီဘက်ကို နယ်မြေစိုးမိုးမှု ပြန်ပြီးတော့ လုပ်ချင်တဲ့ အနေအထားရှိတာပေါ့"
နှစ်ဖက်စလုံးက သေဆုံးထိခိုက်မှုတွေနဲ့ ပတ်သက်ပြီး RFA က သီးခြား အတည်ပြုနိုင်ခြင်း မရှိပါဘူး။ ဒီတိုက်ပွဲနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က သတင်း မထုတ်ပြန်သေးပါဘူး။
ရှမ်းပြည်တောင်ပိုင်းနဲ့ ကယားပြည်နယ်အစပ်က ပင်လောင်းမြို့နယ် တောင်စလုံးကျေးရွာ မှာလည်း စစ်ကောင်စီတပ်က ပြည်သူ့စစ်တပ်ဖွဲ့တွေရဲ့ အကူအညီနဲ့ နယ်မြေစိုးမိုးမှု ရအောင် စစ်ကြောင်း ထိုးလာတာကြောင့် နေ့စဉ်နီးပါး တိုက်ပွဲဖြစ်ခဲ့ပြီး အခုချိန်ထိ အခြေအနေ တင်းမာနေတယ်လို့ ပအိုဝ်း အမျိုးသားများ ကာကွယ်ရေးတပ်ဖွဲ့ (ခမ်းကောင်) PNDF-KK တာဝန်ရှိသူ ဗွေဟုမ်း က ပြောပါတယ်။
“အဓိကတော့ ဒီပင်လောင်းနဲ့ ဖယ်ခုံကို အဓိက ထိုးနေတာပေါ့နော်။ အဲမှာကလည်း တိုက်ပွဲက နှစ်လ ပိုင်း ၂၄ ရက်နေ့က အခုထိ ဖြစ်နေတယ်ဆိုတော့ ကျွန်တော်တို့ သုံးလ လောက် ရှိပြီပေါ့။ ဖြစ်တာက နေ့ရက်တိုင်းလိုလို ဖြစ်တယ်ပေါ့နော်။ တိုက်ပွဲပြင်းထန်တဲ့ အခြေအနေကတော့ စစ်ကောင်စီဘက်က ဒီဘက်ကို နယ်မြေစိုးမိုးမှု ပြန်ပြီးတော့ လုပ်ချင်တဲ့ အနေအထားရှိတာပေါ့။ ဒါကြောင့်လည်း သူတို့ ဒီဘက်ကို ဒီလိုအင်အား အလုံးအရင်းနဲ့ ဖြည့်နေလို့ တိုက်ပွဲက ကြာရှည်ဖြစ်နေတဲ့ အနေအထား ရှိတယ်ပေါ့နော်”
မိုးဗြဲမြို့နယ်မှာတော့ အခုလ ၂၃ ရက်နေ့က စစ်ကောင်စီတပ်က လေကြာင်းကနေ တိုက်ခိုက်ခဲ့ တာကြောင့် စစ်ဘေးဒုက္ခသည်စခန်းက နေအိမ် နှစ်လုံး ပျက်စီးခဲ့တယ်လို့ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အခုလ ၂၄ ရက်နေ့က ထုတ်ပြန်ပါတယ်။
စစ်ကောင်စီဘက်က အခုချိန်ထိ ကင်းထောက်လေယာဉ်တွေနဲ့ မကြာခဏ လှည့်ပတ်နေပြီး လေကြောင်းကနေ ပစ်ခတ်လေ့ရှိတာကြောင့် လေယဉ်သံကြားတိုင်း ဗုံးခိုကျင်းတွေထဲ အလျင်အမြန် ဝင်ရောက်ပုန်းခိုဖို့ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဒေသခံတွေကို သတိပေးထားပါတယ်။
စစ်ကောင်စီဘက်က ငြိမ်းချမ်းရေးကိုငဲ့ပြီး ပြင်းပြင်းထန်ထန် မလုပ်တာကို အခွင့်ကောင်း ယူပြီး ကရင်နီတပ်တွေဘက်က ထိုးစစ်ဆင်လာတာလို့ စစ်တပ်အရာရှိဟောင်းတွေနဲ့ စုဖွဲ့ထာားတဲ့ သေနင်္ဂမဟာဗျူဟာ လေ့လာရေးအင်စတီကျု အမှုဆောင်ညွှန်ကြားရေးမှူး ဦးသိန်းထွန်းဦး က ပြောပါတယ်။
“လာတိုက်တဲ့အဖွဲ့က အဲဒီနေရာမှာ စခန်းကြီး၊ စခန်းငယ်နဲ့ ချုပ်ထားတာ မဟုတ်ဘူး။ ပြောက်ကျားကိုမှ မိုဘိုင်းပုံစံနဲ့ သွားနေတာ။ တစ်နေရာတည်းမှာပဲ အထိုင်ချနေတာ မဟုတ်ဘူး။ ထိတွေ့မှုဖြစ်လိုက်၊ ပြန်ရွှေ့လိုက် အဲလိုမျိုး လှည့်သွားနေတဲ့အတွက်ကြောင့် တိုက်ပွဲဖြစ်တဲ့နေရာက ကျယ်နေသလိုမျိုး ဖြစ်နေတာ။ တပ်မတော်ဘက်ကလည်း အခုနောက်ပိုင်း နိုင်ငံရေး ဆိုင်ရာအကန့်သတ်တွေ၊ နောက်ပြီး ငြိမ်းချမ်းရေး ပိုင်းဆိုင်ရာ အဲလိုခေါင်းစဉ် အကန့်သတ်တွေအောက်ထဲမှာ အလုပ်လုပ်နေရတဲ့ အတွက်ကြောင့် တချို့အပိုင်းတွေမှာ စစ်ဆင်ရေး တကယ်ပြင်းပြင်းထန်ထန် မလုပ်တာတွေလည်း ပါတယ်။ တစ်ဖက်က ဘာထင်လဲဆိုတော့ တပ်က လှုပ်ရှားမှု အားနည်းတယ်ဆိုပြီးတော့ တချို့ တပ်စခန်းငယ်တွေကို ဝင်တိုက်တော့ တပ်ကလေကြောင်း ပစ်ကူသုံးတာတို့ ဘာတို့ပါလာတာပေါ့”
တိုက်ပွဲပြင်းထန်နေတဲ့ ဒီးမော့ဆိုမြို့အနောက်ဘက်အခြမ်းမှာဆိုရင် စစ်ကောင်စီက ကင်းထောက်လေယာဉ်တွေ အသုံးပြုပြီး ဒုက္ခသည်စခန်းရှိတဲ့ နေရာတွေကိုပါ လေကြောင်း ကနေ တိုက်ခိုက်တာကြောင့် မကြာခဏဆိုသလို နေရာရွှေ့ပြောင်းနေရတယ်လို့ ကိုယ်တိုင် စစ်ဘေးရှောင်နေရတဲ့ ကရင်နီလူငယ်များသမဂ္ဂ ပြောရေးဆိုခွင့်ရှိသူ မူးမာရီယာ က ပြောပါတယ်။
“ဒီးမော့ဆို အနောက်ပိုင်းမှာပေါ့နော် စုပြီးနေကြတဲ့ ဟာတွေရှိတယ်။ အခုနောက်ပိုင်း စစ်တပ်တွေက စစ်ရှောင် စခန်းတွေကို ဦးတည်ပြီး လေကြောင်းနဲ့ တိုက်ခိုက်တယ်။ ပြီးတော့ လက်နက်ကြီးတွေနဲ့ပါ ပစ်တဲ့ဟာရှိတော့ တောတောင်တွေထဲမှာ ရွှေ့လို့ရတဲ့ ဟာရွှေ့ပေါ့ အဲလိုမျိုးပေါ့နော့်။ အကယ်လို့ ဒီနေရာမှာ တိုက်ရင်တော့ တခြား နေရာမှာ ရွှေ့မယ် အဲလိုမျိုးလေ။ ကျွန်မတို့မှာ သွားစရာလည်းမရှိဘူး ဒီနေရာပဲပတ်ပြီး သွားနေ ရတယ်။ တိုက်ပွဲဖြစ် ရင်တော့ ဖြစ်သလိုပြေးနေရတာပေါ့နော်။ ကျွန်မတို့ တစ်နေရာ ရွှေ့ပြီဆိုရင် စစ်တပ်က ကင်းထောက်လေယာဉ်က ကြည့်သွားပြီဆိုရင် အဲဒီနေရာမှာ လေယာဉ်လာကြဲတာတို့၊ လက်နက်ကြီးနဲ့ တိုက်ခိုက်တာတို့ လုပ်တယ်လေ။ အဲဒါလက်နက်ကြီးကျပြီဆိုရင် တခြားနေရာပြန်ရွှေ့ အဲလိုမျိုးတွေပေါ့နော်”
စစ်ကောင်စီက လူနေအိမ်တွေကို လေကြောင်းကနေ ပစ်မှတ်ထားတိုက်ခိုက်နေသလို ကရင်နီတပ်ဖွဲ့တွေကို မထောက်ခံဖို့ ဒေသခံလူထုကို ဖိအားပေး ခြိမ်းခြောက်နေတယ် လို့လည်း ကရင်နီ လူ့အခွင့်အရေးအဖွဲ့ ညွှန်ကြားရေးမှူး ကိုဗညား က ပြောပါတယ်။
“လူထုအဆောက်အအုံထဲကို သူတို့ လက်နက်ကြီးတွေတင် မကဘူး လေယာဉ်နဲ့ပါ ဗုံးတွေလာကြဲတာ ရှိတာပေါ့နော်။ နောက်ပြီး ကျွန်တော်တို့ သိရတဲ့ သတင်းအချက် အလက်က စစ်ကောင်စီက ခြိမ်းခြောက်မှုတွေ ပိုပိုလုပ်လာတာပေါ့နော်၊ ဥပမာအားဖြင့် လူထုတွေကတစ်ဆင့် ဘာပြောလဲဆိုတော့ တိုက်ပွဲဖြစ်နေတဲ့နေရာမှာ ဆုတ်ပေးဖို့ ပေါ့နော်၊ တော်လှန်ရေး အင်အားစုတွေက ဆုတ်ပေး၊ ဆုတ်ခွာ မပေးဘူးဆိုရင် ရွာကို မီးရှို့ မယ်၊ ရွာကို ဗုံးကြဲ ဖျက်ဆီးမယ်ဆိုတာမျိုး လူထုကနေတစ်ဆင့် ဆက်တိုက် လုပ်လာတာကို တွေ့ရတယ်”
ရှမ်းပြည်နယ်တောင်ပိုင်း မိုးဗြဲ၊ ဖယ်ခုံ၊ ပင်လောင်းနဲ့ ကယားပြည်နယ်အတွင်းမှာ စစ်တပ် အာဏာသိမ်းပြီး နောက်ပိုင်း စစ်ကောင်စီတပ်နဲ့ ကရင်နီကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေ ကြား တိုက်ပွဲတွေကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတဲ့ ဒုက္ခသည် သုံးသိန်း နီးပါး ရှိနေပြီလို့ ကိုဗညား က ပြောပါတယ်။
တိုက်ပွဲနောက်ဆက်တွဲအနေနဲ့ စစ်ကောင်စီတပ်က ဆန်အပါအဝင် စားသောက်ကုန် သယ်ယူရေးလမ်းကြောင်း တွေကို ဖြတ်လေးဖြတ် စနစ်နဲ့ ပိတ်ဆို့ကန့်သတ်ထားတာ ကြောင့် ရေရှည်မှာ ဒုက္ခသည်တွေ စားနပ်ရိက္ခာ ပြတ်တောက်မယ့် အခြေအနေနဲ့ပါ ကြုံရနိုင်တယ်လို့ ကရင်နီဒုက္ခသည်အရေး ကူညီပေးနေသူတွေက ပြောပါတယ်။