ကော့ကရိတ်မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွား၊ အရပ်သား ၂ဝ ခန့်သေဆုံး

2023.12.15
ကော့ကရိတ်မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွား၊ အရပ်သား ၂ဝ ခန့်သေဆုံး တိုက်ပွဲကြောင့် ကရင်ပြည်နယ်ရှိ ကော့ကရိတ်-မြဝတီ အာရှလမ်းတွင် ပိတ်မိနေသည့်ယာဉ်များကို ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၁ ရက်နေ့က တွေ့ရစဉ်။
Citizen Journalist

ကော့ကရိတ်မြို့မှာ စစ်ကောင်စီတပ်တွေနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ ပြည်သူ့ကာကွယ်ရေးတပ် (PDF) ပူးပေါင်းတပ်ဖွဲ့တွေကြား မြို့သိမ်းတိုက်ပွဲဖြစ်နေတဲ့ ၁၅ ရက်အတွင်း အရပ်သားပြည်သူ ၂ဝ ဦးခန့် သေဆုံးပြီး နေအိမ် ၁၅ လုံး မီးလောင်ပျက်စီးခဲ့တယ်လို့ PDF တပ်ဖွဲ့ ကျားဖြူစစ်ကြောင်း တပ်ခွဲ ၅ တာဝန်ရှိသူနဲ့ ဒေသခံတွေက RFA ကို ပြောပါတယ်။

ကော့ကရိတ်မြို့ တိုက်ပွဲအတွင်း အရပ်သားထိခိုက်မှုအခြေအနေကို ကျားဖြူစစ်ကြောင်း တပ်ခွဲ ၅ တာဝန်ရှိသူ စောသောမတ်က အခုလို ပြောပါတယ်။

“မြို့ပေါ်မှာပေါ့နော် ဒီ KNU/KNLA နဲ့ PDF တွေ NUG အစိုးရတို့ ပူးပေါင်းထုတ်ပြန်တဲ့ ကြေညာချက်တွေ နောက်ပိုင်းမှာတော့ ပြည်သူလူထုက အပြည့်အဝ လိုက်နာတဲ့အလျောက် ထိခိုက်ကျဆုံးမှုက နည်းနည်း နည်းသွားတယ်ခင်ဗျ။ ဒီလ တစ်လထဲမှာပဲ ထိခိုက်သွားတာ ဆိုရင်တော့ ၁၀ ယောက်ကနေ အယောက် ၂၀ ကြားပေါ့နော် ဒီလောက်ဝန်းကျင်ပဲ ရှိမယ်ခင်ဗျ”

ဒီဇင်ဘာလ ၁ ရက်နေ့ကနေ ၁၁ ရက်နေ့အထိ ကော့ကရိတ်မြို့တိုက်ပွဲအတွင်း သေဆုံးသူ ကလေး၊ လူကြီး၊ အမျိုးသမီးနဲ့ ရဟန်းသံဃာတွေအပါအဝင် ၁၈ ဦးအထိ ရှိပြီး မြို့အနီးက ကျေးရွာတွေဘက်မှာ သေဆုံးတာနဲ့ဆိုရင် အယောက် ၂၀ ထက်မနည်း ရှိနိုင်တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ကော့ကရိတ်မြို့ခံ လူမှုကူညီရေးလုပ်နေသူတစ်ဦးက အတည်ပြုပြောပါတယ်။

ဒီတိုက်ပွဲတွေ မဖြစ်ခင် နိုဝင်ဘာ ၂၇ ရက်နောက်ပိုင်းကတည်းက ဒေသခံတွေ ဘေးလွတ်ရာ ရှောင်တိမ်းနေထိုင်ကြဖို့ တော်လှန်ရေးအဖွဲ့တွေက သတိပေးထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် တိုက်ပွဲရက်တွေမှာလည်း အာရှလမ်းမကြီးက ကုန်တင်ယာဉ်မောင်းတွေအပါအဝင် ကော့ကရိတ်မြို့အနီး ကျေးရွာတွေက ဒေသခံတွေကို နေရာရွှေ့ပြောင်းပေးထားတာကြောင့် စစ်တပ်က လူသားဒိုင်းလုပ်လို့မရတော့ဘူးလို့ စောသောမတ်က ပြောပါတယ်။

“ကျွန်တော်တို့ သိမ်းပိုက်ရရှိတဲ့ နယ်မြေတွေဘက်ကို စကစက လေယာဉ်သော်လည်းကောင်း၊ လက်နက်ကြီးသော်လည်းကောင်း ပစ်တယ်ပေါ့နော်။ အဲ့ဟာမျိုးတွေလောက်ပဲ ရှိတော့မယ်။ မြို့တွင်းမှာတော့ လုံးဝ War Zone ပေါ့နော်၊ War Zone ပုံစံမျိုး ဖြစ်သွားတယ်။ ကျွန်တော်တို့က ဖြစ်စေချင်တာက သိတဲ့အတိုင်းပဲ ရန်သူနဲ့ ကျွန်တော်တို့ပဲ ရှိစေချင်တယ်။ ကြားထဲက ပြည်သူကြားညှပ်မဲ့အဖြစ်မျိုး မလိုလားတဲ့အခါ ကျွန်တော်တို့က ရွှေ့ပြောင်းဖို့ ကြေညာစာတွေ ထုတ်တယ်ပေါ့နော်။ ပြည်သူလူထုက လိုက်နာတယ်ပေါ့နော်။ လူသားဒိုင်းတွေ ဘာတွေ လုပ်လို့မရတော့တဲ့ အပိုင်းတွေ ရှိတယ်ပေါ့နော်"

နှစ်ဖက်တိုက်ပွဲအတွင်း ချောင်းသောင်ရပ်ကွက်၊ တံတားဦးရပ်ကွက်၊ မြို့မဘုန်းကြီးကျောင်း၊ မြို့တော်ဦး ဘုန်းကြီးကျောင်း၊ ဗိုလ်ချုပ်လမ်းမကြီး၊ ခနိမ်းမူရပ်ကွက်က နေအိမ်တွေဘက်ကို လှိုင်ဝအမြောက်တပ် ခလရ (၉၇) တပ်နဲ့ လေကြောင်းက ဗုံးကြဲပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် နေအိမ် ၁၅ လုံး မီးလောင်ခဲ့တဲ့အပြင် ထိခိုက်ပျက်စီးခဲ့တဲ့ အိမ်တွေလည်း ရှိတယ်တယ်လို့ ကော့ကရိတ်မြို့က အမည်မဖော်လိုတဲ့ ကုန်တင်ယာဉ်မောင်တစ်ဦးက ပြောပါတယ်။

“အမှတ် ၇ ရပ်ကွက် တံတားဦးပိုင်းဘက်မှာ အိမ်က ၁၅ လုံးလောက် မီးလောင်တယ်။ နောက်ပြီးတော့ တခြားနေရာတွကတော့ အဲ့ဒီမှာရှိတဲ့လူတွေက လိုက်ကြည့်လို့မရဲဘူး ဖြစ်နေတယ်။ တခြားနေရာတွေလည်း နည်းနည်းပါးပါး လောင်တာမျိုးတွေ ရှိတယ်။ ဒီချောင်းတောင်ရပ်ကွက်တို့ အဲ့ဘက်တွေမှာလည်း မီးလောင်တာလို့ အဲ့လိုမျိုးကြားတယ်။ စျေးကြီးနားမှာ နာရီစင်နားမှာလည်း တိုက်ပွဲတွေ ဖြစ်တယ်၊ အဲ့ဒီမှာလည်း လက်နက်ကြီးတွေ ဘာတွေ ကျတာရှိတယ်”

တိုက်ပွဲတွေ ရက်ဆက်ဖြစ်ပွားနေလို့ ထိုင်း-မြန်မာနယ်စပ် မြဝတီကနေ ဘားအံ၊ မော်လမြိုင်၊ ရန်ကုန်သွားမယ့် ကုန်တင်ကား ၂၀၀ နီးပါးလောက် အာရှလမ်းမကြီးပေါ်မှာ ပိတ်မိနေပြီး ကော့ကရိတ်မြို့ လှိုင်ဝတံတားနေရာမှာ နှစ်ဖက်ပစ်ခတ်မှုတွေရှိနေတာကြောင့် ဖြတ်သန်းသွားလာတာ မလုပ်ရဲကြဘူးလို့ ကုန်တင်ယာဉ်မောင်းက ဆက်ပြောပါတယ်။

“မြဝတီကတော့ အာရှလမ်းထဲမှာ ကားအစီးတစ်ရာကျော် နှစ်ရာနီးပါးလောက် ပိတ်မိနေတယ်၊ စပြီးတော့ပိတ်မိတာက ၃ဝ ရက်နေ့လောက်က ပိတ်တာလေ၊ ၁၅ ရက်ပေါ့ သူတို့ တားထားတယ်လို့လည်း မဟုတ်ဘူး ဘာမှလည်း မပြောဘူး ဒီတိုင်းပဲ ရှေ့ဆုံးကားတွေကလည်း မသွားရဲလို့ သူတို့လည်း အနောက်မှာ ဒီတိုင်းပဲ ရပ်နေကြတယ်၊ နောက်ပြီးတော့ လှိုင်ဝဘက်ခြမ်းကလည်း သူတို့ မဖြတ်ရဲဘူးလေ”

ကော့ကရိတ်မြို့နယ်တွင် စစ်ကောင်စီတပ်နှင့် KNLA ပူးပေါင်းတပ်တို့ တိုက်ပွဲကြောင့် ပိတ်မိနေကြသူများအား ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၁ ရက်နေ့က တွေ့ရစဉ်။ (Photo: Citizen Journalist)
ကော့ကရိတ်မြို့နယ်တွင် စစ်ကောင်စီတပ်နှင့် KNLA ပူးပေါင်းတပ်တို့ တိုက်ပွဲကြောင့် ပိတ်မိနေကြသူများအား ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၁ ရက်နေ့က တွေ့ရစဉ်။ (Photo: Citizen Journalist)

အခုလို မြဝတီ-ကော့ကရိတ် အာရှလမ်းပိုင်းနဲ့ ကော့ကရိတ်မြို့တွင်းမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲအခြေအနေနဲ့ ပတ်သက်ပြီး စစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းနဲ့ ကရင်ပြည်နယ် လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှုးကြီး မျိုးမင်နောင်တို့ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဖုန်းလက်ခံဖြေဆိုတာ မရှိပါဘူး။

လက်ရှိ ကော့ကရိတ်မြို့တွင်းက စစ်တပ်ရှိနေတဲ့ မြို့မရဲစခန်း၊ မြို့မဈေး၊ ချောင်းသောင်ရပ်ကွက်၊ ခလရ (၉၇) တပ်၊ အမှတ် (၃) စစ်ဆေးရေးဂိတ်၊ လှိုင်ဝတံတား ဂိတ်နေရာတွေမှာ KNLA မဟာမိတ်ပူးပေါင်းတပ်တွေ တိုက်ပွဲဆက်ဖြစ်နေတယ်လို့ အမည်မဖော်လိုတဲ့ KNLA တပ်ဖွဲ့ သတင်းအရင်းအမြစ်က ပြောပါတယ်။

ဒီတိုက်ပွဲကြောင့် ကော့ကရိတ်မြို့အနီးက ကျေးရွာ ၂၄ ရွာနဲ့ မြို့ပေါ်ရပ်ကွက် ခုနစ်ခုက ဒေသခံ သုံးသောင်းနီးပါး နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ စစ်ဘေးဒုက္ခသည်အကူအညီပေးနေသူတွေရဲ့ စာရင်းတွေအရ သိရပါတယ်။

လက်ရှိမှာ ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၆ နယ်မြေအတွင်း ကော့ကရိတ်မြို့အပြင် မြဝတီ၊ သင်္ဃန်းညီနောင်၊ ကြာအင်းဆိပ်ကြီးဒေသတွေနဲ့ မွန်ပြည်နယ် ကျိုက်မရောမြို့နယ်အတွင်း က ချောင်းနှစ်ခွ၊ တောင်ကလေးကျေးရွာတွေဘက်မှာ စစ်ကောင်စီတပ်နဲ့ KNLA မဟာမိတ်ပူးပေါင်းတပ်တွေ နေ့စဉ်နီးပါး တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။