တိုက်ပွဲတွေကြောင့် ကရင်ပြည်နယ်က ဒေသခံခြောက်သိန်း နေရပ်စွန့်ခွာရ
2023.06.20

စစ်အာဏာသိမ်းပြီးနောက် ကရင်ပြည်နယ်မှာ ဖြစ်ပွားတဲ့တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးရတဲ့ အရပ်သားခြောက်သိန်းလောက် ရှိတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ (KHRG) က ပြောပါတယ်။
ဒီနှစ်ထဲ KNU ကရင်အမျိုးသားအစည်းအရုံးထိန်းချုပ်နယ်မြေ တပ်မဟာ ခုနစ်ခုမှာ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် KNLA ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်တွေ စစ်ဆင်ရေးအရှိန်မြှင့်တိုက်ခိုက်နေတဲ့အတွက် စစ်ဘေးရှောင်တွေ ပိုများလာတာလို့ KHRG တာဝန်ရှိသူ စောနန္ဒဆူးက ပြောပါတယ် ။
“ကရင်ပြည်နယ်တစ်ခုလုံးအနေနဲ့ဆို ခန့်မှန်းခြေအရဆို ခြောက်သိန်းဝန်းကျင်လောက်တော့ ကျွန်တော်တို့ ယူဆရတာပေါ့နော်။ ဘာလို့လဲဆိုရင် အထူးသဖြင့် တပ်မဟာ (၃၊ ၁၊ ၆၊ ၅) တွေမှာလည်း ပြီးခဲ့တဲ့ တစ်လနှစ်လအတွင်းတုန်းကလည်း ထပ်မံပြီးတော့မှ တိုးပွားလာတာရှိတဲ့အပေါ်မှာတော့ လက်ရှိအချိန်ထိတော့ ကရင်ပြည်နယ် KNU ထိန်းချုပ်နယ်မြေအတွင်းမှာဆိုလို့ရှိရင် စစ်ဘေးရှောင်ဦးရေခန့်မှန်းခြေက ခြောက်သိန်းဝန်းကျင်လောက် ရှိပါတယ်ဗျ"
"စိတ်ပိုင်းဆိုင်ရာမှာ ကျွန်တော်တို့က လေယာဉ်သံကြားရင် နားစွင့်ရတယ်။ ကျွန်တော်တို့ရဲ့အနီးနားမှာ တိုက်ပွဲသံ လက်နက်ကြီးသံကြားရပြီးဆိုရင် မလုံခြုံဘူးလို့ ခံစားမိတယ်"
ပြီးခဲ့တဲ့ ဧပြီလနဲ့ မေလအတွင်း KNU တပ်မဟာ ၃ နဲ့ တပ်မဟာ ၁ ဒေသက ထပ်မံထွက်ပြေးလာသူတွေအတွက် အမိုးအကာ၊ နေရာထိုင်ခင်း၊ ဆေးဝါးနဲ့ အခြေခံစားနပ်ရိက္ခာတွေ လိုအပ်နေတယ်လို့လည်း ပြောပါတယ်။
“KHRG ကကျတော့ အဓိကဝန်ဆောင်မှုပေးတဲ့ အဖွဲ့အစည်း မဟုတ်ဘူး။ လူ့အခွင့်အရေးအခြေအနေတွေကို မှတ်တမ်းပြုစုတဲ့ အဖွဲ့အစည်း ဖြစ်တယ်။ သို့သော်လည်း တခြားကရင်လူထုအခြေပြုအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီးတော့မှ လက်လှမ်းမှီသလောက် တတ်နိုင်သလောက် လူသားချင်းစာနာထောက်ထားမှု ပံ့ပိုးကူညီရေးမှာတော့ ပါဝင်တာမျိုးတွေ ရှိတယ်ပေါ့နော်။ မိုးတွင်းကာလအတွင်းမှာဆိုလို့ရှိရင်တော့ စစ်ဘေးရှောင်အတွက် အဓိကလိုအပ်တဲ့ အရာတွေကကျတော့ အထူးသဖြင့် နေရာထိုင်ခင်း၊ အမိုးအကာ ခိုင်ခိုင်ခံ့ခံ့နဲ့ ကောင်းကောင်းမွန်မွန် လိုအပ်တယ်ပေါ့နော်။ ဒါ့အပြင် ဆေးဝါးပေါ့နော်။ ကျန်းမာရေးအတွက် ဆေးဝါးလိုအပ်တယ်။ အခြေခံစားနပ်ရိက္ခာလုံလောက်မှုရှိဖို့အတွက် အဓိကအရေးကြီးလိုအပ်တယ်ပေါ့လေ။”
ထိုင်း-မြန်မာနယ်စပ် မြဝတီ-ဝေါလေမှာ ယာယီစစ်ရှောင်စခန်း ခုနစ်ခု ရှိပါတယ်။ လေးကေကော်မြို့သစ်ဒေသက စစ်ဘေးရှောင် သုံးထောင်လောက်ရှိတဲ့ ပလော့တပို့စခန်းဟာ တိုက်ပွဲဖြစ်ပွားတဲ့နေရာတွေနဲ့နီးလို့ မလုံခြုံဘူးလို့ လေးကေ့ကော်ဒေသအုပ်ချုပ်ရေး တာဝန်ရှိသူ စောပတယားက ပြောပါတယ်။
“အဓိကကတော့ ကျွန်တော်တို့ရဲ့ မလုံခြုံတဲ့ဟာကြီးကို ပိုပြီးခံစားရတာပေါ့နော်။ အခက်အခဲကတော့ ကျွန်တော်တို့ ရင်ထဲမှာက မလုံခြုံဘူးဆိုတဲ့ ဒါ အခက်အခဲတစ်ခုပေါ့နော်။ စိတ်ပိုင်းဆိုင်ရာမှာ ကျွန်တော်တို့က လေယာဉ်သံကြားရင် နားစွင့်ရတယ်။ ကျွန်တော်တို့ရဲ့အနီးနားမှာ တိုက်ပွဲသံ လက်နက်ကြီးသံကြားရပြီးဆိုရင် ကျွန်တော်တို့ရဲ့ ရပ်တည်နေထိုင်မှုက မလုံခြုံဘူးလို့ ခံစားမိတယ်ပေါ့။ အခက်အခဲကတော့ အဲ့ဒါတွေက အကြီးမားဆုံးဖြစ်တယ်လို့ ပြောချင်တာပေါ့နော်”
မနှစ်က ဒီဇင်ဘာ ၁၅ ရက်ကနေ အခု ဇွန်လအထိ မြဝတီ၊ သေ့ဘောဘိုး၊ ဝေါလေ၊ ကနဲလေး ဒေသတွေမှာ စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်တွေ တိုက်ပွဲဖြစ်ပွားနေပါတယ်။အဲဒိဒေသမှာ လက်နက်ကိုင်အဖွဲ့စုံ ရှိပေမဲ့ စစ်ဘေးရှောင်တွေ နေရပ်ပြန်နေဖို့ လုံခြုံရေးအာမခံချက် မပေးနိုင်ကြဘူးလို့ ဆိုပါတယ်။
“အရေးတကာ့ အရေးကြီးဆုံးထဲမှာတော့ ကျွန်တော်တို့ရဲ့လုံခြုံမှုဆိုတော့ လက်ရှိအနေအထားမှာ ကျွန်တော်တို့က ဒီကိုယ့်နိုင်ငံထဲမှာပဲ ဒီ IDP စစ်ရှောင်စခန်းတွေထဲမှာ နေရတော့ ဒီဧရိယာမှာလည်း အဖွဲ့ပေါင်းစုံလည်း ရှိတယ်။ BGF လည်းရှိမယ်၊ DKBA ရှိမယ်၊ KNU လည်း ရှိမယ်ပေါ့၊ အစိုးရတပ်ကလည်း မလှမ်းမကမ်းမှာ ရှိတဲ့အတွက် အခြေအနေပေါ်မှာပဲ ကျွန်တော်တို့က ကြည့်ပြီးနေရတဲ့အတွက် လုံခြုံစိတ်ချရတယ်လို့ ရာနှုန်းပြည့် မခံစားမိဘူးပေါ့”

သောင်ရင်းမြစ်ဘေး သေ့ဘောဘိုး စစ်ဘေးရှောင်စခန်းမှာ စစ်ဘေးရှောင် ၁၂၀၀ ကျော်ရှိပါတယ်။ ကျေးရွာတွေမှာ စစ်ကောင်စီတပ်တွေ ရှိနေတာ၊ မြေမြှုပ်မိုင်းတွေ ရှိတာ၊ မပေါက်ကွဲသေးတဲ့ လက်နက်ကြီးကျည်တွေ ရှိနေတာကြောင့် နေရပ်မပြန်နိုင်ကြပါဘူး။
လက်ရှိ ထိုင်းမြန်မာနယ်စပ် သောင်ရင်းမြစ်ဘေးမှာ ယာယီနေထိုင် ခိုလှုံနေတဲ့ စစ်ဘေးရှောင်စခန်း ခုနစ်ခုက ဒေသခံနှစ်သောင်းလောက်အတွက် စားနပ်ရိက္ခာ ရရှိရေး၊ မိုးရာသီမှာ အမိုးအကာရရှိရေး၊ ဆေးဝါး၊ စာရေးကိရိယာ လိုအပ်ချက်နဲ့ သောက်သုံးရေ အခက်အခဲ တွေ ရှိနေတယ်လို့ စောပတယား က ပြောပါတယ်။
“အထောက်အပံ့ကတော့ ကျွန်တော်တို့ ဒီ CIDKB လို့ခေါ်တဲ့အဖွဲ့အစည်းတစ်ခုကနေပြီးတော့ သူက Main (အဓိက)အနေနဲ့ ထောက်ပံတာပါ။ တခြား တချို့တစ်သီးပုဂ္ဂလ အလှူရှင်တွေလည်း ရှိတယ်။ ဘာသာရေးနဲ့ ပတ်သက်တဲ့အဖွဲ့အစည်းတွေရဲ့ အထောက်အပံ့တွေကိုလည်း ကျွန်တော်တို့ ရတာပေါ့၊ ဒီပြဿနာ ဘယ်အချိန်မှာ ပြေလည်သွားနိုင်မလဲ ဆိုတာကလည်း ဒါကျွန်တော်တို့အတွက် ဖြေရခက်တဲ့ မေးခွန်းတစ်ခုပေါ့နော်”

စစ်ဘေးရှောင်တွေအတွက် ကရင်လူထုအခြေပြုအဖွဲ့အစည်းတွေ စုပေါင်းကူညီနေတယ်လို့ KHRG တာဝန်ရှိ သူ စောနန္ဒဆူးက ပြောပါတယ်။
မြဝတီ၊ ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီး၊ ဖာပွန်၊ သံတောင်ဒေသတွေ မှာ KNLA ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီ လေတပ်၊ ကြည်းတပ်တွေ နေ့စဉ်နီးပါးတိုက်ပွဲတွေ ဆက်ဖြစ်နေပြီး ရေးမြို့အခြေစိုက် ခမရ ၅၅၈ ၊ ခလရ ၁၀၆ တပ်ရင်းတွေက လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်နေတယ်လို့ KNLA စစ်ရေးတာဝန်ရှိသူတွေ က ပြောပါတယ်။