စစ်ကောင်စီက ဘာသာရေးအသုံးချပြီး သွေးခွဲဖို့ ကြိုးစားနေကြောင်း လေ့လာသူတွေ သတိပေး
2022.05.20

ပြည်သူ့ကာကွယ်ရေးအဖွဲ့ PDF တပ်သားတွေဟာ ဘုရားစေတီပုထိုးတွေကို တိုက်ခိုက်နေတယ်၊ ဘုန်းတော်ကြီးတွေကို သတ်ဖြတ်နေတယ်လို့ မေလ ၁၉ ရက်နေ့က ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောဆိုသွားပါတယ်။
ဒါ့အပြင် ခရစ်ယာန်ဘာသာကိုးကွယ်ယုံကြည်မှုအရ PDF စခန်းတွေမှာ ဝတ်ပြုဆုတောင်းတဲ့ ဗီဒီယိုတွေ၊ ဘုရားစေတီတွေကို အကာအကွယ်ယူပြီး ခရစ်ယာန်ဓမ္မတေးသီချင်း သီဆိုနေပုံတွေ အပြင်၊ PDF တွေဟာ အစ္စလာမ္မစ်ဘာသာရပ်တွေကို သင်ကြားနေတယ်လို့ ဘာသာရေးနဲ့ နိုင်ငံရေးကို ဗိုလ်ချုပ်ဇော်မင်းထွန်း က ယှက်နွယ်ပြောဆိုသွားပါတယ်။
"ပါဝင်တဲ့သင်ခန်းစာတွေကို ကြည့်လိုက် ကူရ်အာန်၊ အူရဒူဘာသာစကား၊ အာရဗြီဘာသာစကား၊ ဒါဆိုရင် သူတို့ပြောနေတဲ့ ပညာသင်ကြားမှုဆိုတာ ဘာကိုဆိုလိုတာလဲ၊ ဘယ်ကိုဦးတည်နေတာလဲ၊ ဒါနဲ့ ပတ်သက်ပြီး ကျွန်တော်ပြောချင်တာက အသိ၊ သတိရှိဖို့ လိုပါပြီ၊ မိဘပြည်သူများခင်ဗျာ"
စစ်ကောင်စီဘက်က အခုလို ဗီဒီယိုအထောက်အထားတွေကို ထောက်ပြပြီး ဘာသာရေးအရ စွပ်စွဲလာတာဟာ မတူညီတဲ့ ဘာသာတရား ကိုးကွယ်ယုံကြည်မှုတွေကြား သွေးခွဲဖို့ ကြိုးစားတာလို့ နွေဦးတော်လှန်ရေးမှာ တက်တက်ကြွကြွပါဝင်နေကြတဲ့ ဘာသာရေးသမားတွေက ပြောကြပါတယ်။
မန္တလေးမြို့က ဆရာတော် အရှင်ကလျာနက "စစ်တပ်နဲ့ မဘသ ဆိုတာကတော့ ဒါအရင်တုန်းက မဘသတွေ ပြောခဲ့တဲ့အတိုင်းပါပဲ၊ အစ္စလာမ်ဘာသာဝင်တွေရဲ့ ဆိုင်တွေမှာ စျေးမဝယ်ဖို့တို့၊ မပတ်သက်ဖို့၊ အစ္စလာမ်ပြည်ဖြစ်မယ်တို့ အဲလိုတွေ သူတို့ ပြောခဲ့တာတွေလည်းရှိတော့ စစ်တပ်နဲ့ မဘသ လုပ်တာတွေက တစ်ပုံစံတည်းပါပဲ၊ သူတို့လမ်းစဉ်အတိုင်းပဲ၊ ပြည်သူတွေကလည်း ဒါတွေသိနေပါပြီ၊ သူတို့ဘာလုပ်လုပ် လက်မခံတော့ဘူး"
မြန်မာ့နိုင်ငံရေး အဆက်ဆက်မှာ စစ်ခေါင်းဆောင်တွေဟာ ဘာသာရေးကို ခုတုံးလုပ်မှိုင်းတိုက်လေ့ရှိတယ်လို့ သူကဆိုပါတယ်။
စစ်အာဏာရှင်ဆန့်ကျင်ရေးမှာ ရှေ့ဆုံးက တက်တက်ကြွကြွပါဝင်ခဲ့တဲ့ ကက်သလစ်သီလရှင် စစ္စတာ အန်နူးတောင်ကလည်း ဒါဟာ စစ်တပ်က PDF တွေကို ပုံဖျက်နေတာလို့ ပြောပါတယ်။
"သူတို့ရဲ့ လှည့်ကွက်ပဲ၊ ကြိုးစားနေတဲ့ ကလေးတွေ (PDF)တွေကို သူတို့က နာမည်ဖျက်ချင်တာ၊ ဘာသာရေးဆို လူတိုင်းက ကိုယ့်ဘာသာကိုယ်တန်ဖိုးထားတယ်လေ၊ ဒါကို အချင်းချင်းမသင့်မြတ်ဖြစ်အောင် အကွက်ဆင်တယ်လို့မြင်တယ်"
စစ်အာဏာရှင်ဆန့်ကျင်ရေးမှာ လက်နက်ကိုင်တွန်းလှန်နေကြတဲ့ ဒေသခံခုခံကာကွယ်ရေးတပ် PDF တွေဘက်က အနိုင်ရဖို့ ဆုတောင်းပေးနေတယ်လို့ စစ္စတာ အန်နူးတောင် က ပြောပါတယ်။
သတင်းစာရှင်းလင်းပွဲမှာ ဗိုလ်ချုပ်ဇော်မင်းထွန်း စွပ်စွဲခဲ့တဲ့ အစ္စလာမ္မစ်ဘာသာတွေ သင်နေတယ်ဆိုတဲ့ကျောင်းဟာ အာဏာသိမ်းပြီးနောက် လူငယ်တွေကို အခမဲ့ ဘာသာစကားတွေ သင်ပေးနေတဲ့ကျောင်းဖြစ်ပါတယ်။
ဒီကျောင်းဟာ ဗိုလ်ချုပ်ဇော်မင်းထွန်း စွပ်စွဲသလို ဘာသာရေးစာသင်နေတဲ့ကျောင်းမဟုတ်ဘဲ အင်္ဂလိပ်၊ တရုတ်၊ ကိုးရီးယား စတဲ့ ဘာသာစကားတော်တော်များများကို လူမျိုးဘာသာ မခွဲခြားဘဲ သင်ပေးနေတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ကျောင်းတည်ထောင်သူက RFA ကိုပြောပါတယ်။
စစ်ကောင်စီ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အာဏာသိမ်းပြီးနောက်ပြောတဲ့ မိန့်ခွန်းတွေထဲမှာလည်း မြန်မာနိုင်ငံဟာ ဗုဒ္ဓဘာသာ အဓိက ကိုးကွယ်တဲ့နိုင်ငံဖြစ်တဲ့အကြောင်းကို ထပ်ခါထပ်ခါ ပြောလေ့ရှိတာတွေ့ရပါတယ်။
ဒါ့အပြင် NLD ပါတီအုပ်ချုပ်ခဲ့တဲ့ ၅ နှစ်တာ ကာလအတွင်းမှာ ဗုဒ္ဓဘာသာဝင်တွေအတွက် စိတ်အားညှိုးငယ်ဖွယ်ရာတွေနဲ့ ကြုံတွေ့ခဲ့ရတယ်လို့လည်း ခဏခဏ ပြောလေ့ရှိပါတယ်။
NLD အစိုးရ လက်ထက်မှာ ဖမ်းဆီးခဲ့တဲ့ ဘာသာရေးအစွန်းရောက် သံဃာတစ်ပါးဖြစ်သူ ဦးဝီရသူကိုလည်း စစ်တပ်က အာဏာသိမ်းပြီးနောက် ပြန်လွှတ်ပေးထားပါတယ်။
စစ်တပ်ရဲ့ကျောထောက်နောက်ခံရထားတယ်လို့ နာမည်ကြီးတဲ့ အမျိုးဘာသာ သာသနာရေးအဖွဲ့ မဘသဟာလည်း အာဏာသိမ်းပြီးနောက် ပိုပြီး လွတ်လွတ်လပ်လပ် လှုပ်ရှားလာပါတယ်။ မနေ့ကတင် ရန်ကုန်မြို့လည်ခေါင်မှာ စစ်တပ်ထောက်ခံပွဲတွေ လုပ်ခဲ့ပါသေးတယ်။
ပြီးခဲ့တဲ့ ၂၀၂၁ ကုန်ပိုင်းမှာလည်း စစ်ကိုင်းတိုင်း ကနီနဲ့ မင်းကင်းဘက်မှာ စစ်ရဟတ်ယာဉ်တွေ ပေါ်ကနေ အစ္စလာမ်မုန်းတီးရေး လှုံဆော်စာတွေကို စစ်တပ်က ရဟတ်ယာဉ်တွေနဲ့ ကျဲချခဲ့တယ်လို့ သတင်းတွေမှာ ဖော်ပြခဲ့ပါတယ်။
လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူ မသဥ္ဇာရွန်းလဲ့ရည်ကတော့ စစ်ကောင်စီဘက်က ဘာသာရေးမှိုင်းတိုက်လာမယ့်အရေး သတိရှိကြဖို့ သတိပေးပါတယ်။
"လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့်ကို နားမလည်တာကို မြင်ရတယ်၊ နိုင်ငံတကာမှာ ပုံရိပ်ကောင်းထွက်အောင် မင်းအောင်လှိုင်က ဘာသာရေးခေါင်းဆောင်တွေကို ဘယ်လောက်ပဲသွားလှူတန်းတာတွေ လုပ်ပြနေပေမယ့် ဘာသာရေးကို အသုံးချပြီး မှိုင်းတိုက်ဖို့၊ ရန်တိုက်ဖို့ အဆင်သင့်ရှိနေတယ်ဆိုတာ သူတို့တရားဝင်ပြောခွင့်ရှိသူဆီကနေ ထွက်လာတာ၊ အဲဒီတော့ ပြည်သူတွေပိုပြီး သတိရှိနေဖို့ လိုပါတယ်"
စစ်အာဏာဆန့်ကျင်ရေးမှာပါဝင်နေတဲ့ ဗလီရှေ့ဆောင်ဆရာတစ်ဦးဖြစ်တဲ့ ကိုစိုးနေဦးကတော့ ဒီတခေါက်အာဏာသိမ်းပြီးနောက် ပေါ်ပေါက်လာတဲ့ နွေဦးတော်လှန်ရေးမှာ ဘာသာလူမျိုးမခွဲခြားဘဲ စုစည်းသွားကြပြီမို့၊ စစ်တပ်ရဲ့ ဘာသာရေးကို ခုတုံးလုပ်တဲ့ လုပ်ရပ်ဟာ အသုံးမဝင်တော့ဘူးလို့ ပြောပါတယ်။
"စစ်တပ်က နှစ်ပေါင်းများစွာ နိုင်ငံရေးထွက်ပေါက်အဖြစ် ဘာသာရေးကို အသုံးချခဲ့တယ်၊ ဒီရှေ့လျှောက်မှာတော့ ဘာသာရေးနဲ့ သွေးခွဲလို့မရတော့ပါဘူး။ ကျွန်တော်တို့ရဲ့ ဘုံရန်သူဟာ စစ်အာဏာရှင်ဖြစ်တယ်ဆိုတာကို ပြည်သူက နားလည်နေပြီ၊ အဲ့ဒါကြောင့် ဘုံရန်သူမပျောက်အောင် သူတို့လှည့်ကွက်ထဲမှာ မပါတော့ဘူးဆိုတာ ကျွန်တော်ယုံကြည်ပါတယ်"
၂ဝ၂၁ နွေဦးတော်လှန်ရေးဟာ ဘာသာလူမျိုးမခွဲခြားဘဲ ဘာသာပေါင်းစုံက ပါဝင်ပြီး စစ်အာဏာရှင်ကို ဆန့်ကျင်နေတာတွေ့ရပါတယ်။ စစ်တပ်ဘက်က ဘာသာရေးမှိုင်းတိုက်သွေးခွဲဖို့ ကြိုးစားပေမယ့် ပြည်သူတွေဟာ စစ်ကောင်စီရဲ့ အကြမ်းဖက် လုပ်ရပ်တွေကို ထင်ထင်ရှားရှား မြင်တွေ့ခဲ့ရပြီးပြီမို့၊ အချင်းချင်း စည်းလုံးနေကြပြီလို့ တော်လှန်ရေးလှုပ်ရှားနေသူတွေက ယုံကြည်ထားကြပါတယ်။