TNLA ထိန်းချုပ်ဒေသတွေကို စစ်ကောင်စီ ထိုးစစ်ပိုဆင်လာ

ဆွေးနွေးပွဲပျက်ပြီးနောက်ပိုင်း ဖေဖော်ဝါရီလအတွင်းမှာပဲ စစ်ကောင်စီတပ်က TNLA တပ်ဖွဲ့ သိမ်းပိုက်ထားတဲ့ မိုးကုတ်မြို့နဲ့ နောင်ချိုမြို့ကို လေကြောင်းက ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

နောင်ချိုမြို့ကို ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၂၁ ရက်နေ့တွင် စစ်ကောင်စီတပ် လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် အဆောက်အအုံအချို့ မီးလောင်ပျက်စီးနေသည်ကို TNLA က ထုတ်ပြန်ထားစဉ်။ Telegram/ PSLF/TNLA News

တရုတ်နိုင်ငံရဲ့ ကြားဝင်မှုကြောင့် စစ်ကောင်စီတပ် ကိုယ်စားလှယ်အဖွဲ့နဲ့ TNLA တို့ တရုတ်နိုင်ငံ ကူမင်း ဆွေးနွေးပွဲအပြီး စစ်ကောင်စီက လေကြောင်းက ပိုတိုက်ခိုက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကူမင်းဆွေးနွေးပွဲမှာ နှစ်ဖက်တပ်တွေအနေနဲ့ ရောက်တဲ့နေရာမှာ အပစ်ရပ်ထားဖို့၊ နှစ်ဖက်ထိုးစစ်နဲ့ လေကြောင်း၊ ဒရုန်း၊ လက်နက်ကြီး တိုက်ခိုက်တာတွေ ရပ်ဖို့၊ ဒေသအတွင်း အစားအသောက်နဲ့ ဆေးဝါးတွေ သယ်ဆောင်ခွင့်ပေးဖို့ တောင်းဆိုခဲ့ပေမဲ့ စစ်ကောင်စီက မလိုက်လျောတာကြောင့် ဆွေးနွေးပွဲပျက်ခဲ့ရတယ်လို့ TNLA က သတင်း ထုတ်ပြန်ပါတယ်။

“တွေ့ဆုံဆွေးနွေးမှုအပြီးမှာ စစ်ကောင်စီဘက်က အရပ်သားတွေကို ပစ်မှတ်ထား ဦးတည်တိုက်ခိုက်လာတယ်။ ဥပမာ ကျောက်မဲ၊ နောင်ချို၊ မိုးမိတ်၊ မိုးကုတ်လိုမျိုးဆို ပိုပြီးတော့ ဗုံးကြဲတိုက်ခိုက်တာမျိုးကို တွေ့ရပါတယ်"

ဆွေးနွေးပွဲပျက်ပြီးနောက်ပိုင်း ဖေဖော်ဝါရီလအတွင်းမှာပဲ စစ်ကောင်စီတပ်က TNLA တပ်ဖွဲ့ သိမ်းပိုက်ထားတဲ့ မိုးကုတ်မြို့နဲ့ နောင်ချိုမြို့ကို လေကြောင်းက ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ကိုးဦး သေဆုံးပြီး အယောက် သုံးဆယ်နီးပါး ဒဏ်ရာရခဲ့ပါတယ်။

စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်တာနဲ့ စစ်ကြောင်းထိုးတာ ပိုများလာတယ်လို့ TNLA ရဲ့ ပြောခွင့်ရသူ လွေးယေဦးက ပြောပါတယ်။

“တွေ့ဆုံဆွေးနွေးမှုအပြီးမှာ စစ်ကောင်စီဘက်က အရပ်သားတွေကို ပစ်မှတ်ထား ဦးတည်တိုက်ခိုက်လာတယ်။ ဥပမာ ကျောက်မဲ၊ နောင်ချို၊ မိုးမိတ်၊ မိုးကုတ်လိုမျိုးဆို ပိုပြီးတော့ ဗုံးကြဲတိုက်ခိုက်တာမျိုးကို တွေ့ရပါတယ်။ မြေပြင်မှာဆိုရင် တောင်ခမ်းဘက်မှာ ထိုးစစ်ဆင်မှုပိုပြီး ပြုလုပ်တာ တွေ့ရပါတယ်”

နောင်ချိုမြို့နဲ့ မိုင်နှစ်ဆယ်ကျော်အကွာမှာရှိတဲ့ စစ်ကောင်စီရဲ့ အမှတ်(၄၀၆)၊ အမှတ်(၃၅၄)၊ အမှတ်(၉၀၂) အမြောက် တပ်ရင်းတွေကနေ တောင်ခမ်း ကျေးရွာကို ပြန်လည်ရရှိဖို့ စစ်ကောင်စီတပ်က မြေပြင်ရော လေကြောင်းကနေပါ ပြင်းပြင်းထန်ထန်ထိုးစစ်ဆင်နေတယ်လို့ ဆိုပါတယ်။

မန္တလေးတိုင်း၊ မိုးကုတ်မြို့အနောက်ပိုင်း ဝင်းထရံကျောက်တွင်းအနီးကို ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် စစ်ကောင်စီတပ်က လေကြောင်းနှင့် ဗုံးကြဲပြီးနောက် ကယ်ဆယ်ရေးလုပ်နေသည်ကို တွေ့ရစဉ်။ (Photo: Facebook/ Mai Amm La Ngean)

ကူမင်းဆွေးနွေးပွဲ အဖြေမရတဲ့ စစ်ကောင်စီဟာ နောင်ချိုမြို့ကနေ TNLA ထိန်းချုပ်ဒေသတွေကိုပါ ဆက်ပြီး သိမ်းနိုင်ဖို့ လုပ်နေတာလို့ CDM အရာရှိ ဗိုလ်ကြီးဇင်ယော်က သုံးသပ်ပါတယ်။

“အထူးသဖြင့် သိသာတာဆိုရင် တောင်ခမ်းနဲ့ အုမ္မသီဘက် အခြမ်းတွေပေါ့နော်။ အဲဘက်မှာ မြေပြင်ကပါ လေကြောင်းအားကိုး ဒရုန်းအားသုံးပြီးတော့ လုပ်လာတဲ့ အနေအထားရှိတယ်။ စကားဝိုင်းမှာ TNLA အလျှော့မပေးတာ တွေ့ရတဲ့အတွက် စစ်ရေးအရ နောင်ချိုကို ပြန်သိမ်းမယ်ပေါ့နော်။ နောင်ချိုကနေမှတစ်ဆင့် ကျောက်မဲ၊ ကွတ်ခိုင်ပေါ့နော် လားရှိုးဘက်တွေကို စစ်မျက်နှာ ထပ်ပြီးတော့ ထိုးစစ်ဆင်လိုတဲ့ သဘောလို့တော့မြင်ရတယ်။ ဒါပေမဲ့ အဲဒီဘက်မှာ ထိုးစစ်ဆင်နိုင်မဲ့စုဖွဲ့မှုမျိုးတော့ မရှိသေးဘူး။ လေကြောင်းအားကိုးနဲ့ ဒရုန်းအားကိုးနဲ့ လုပ်နေတဲ့ သဘောလို့ မြင်ပါတယ်”


ဆက်နွှယ်သောသတင်းများ

စစ်ကို ဆက်လက်ဆင်နွှဲသွားမယ်လို့ စစ်ခေါင်းဆောင်ပြော

ငြိမ်းချမ်းရေးဆွေးနွေးပွဲအပြီး TNLA ထိန်းချုပ်ထားတဲ့ နောင်ချိုမြို့ကို စစ်ကောင်စီဗုံးကြဲ

TNLA နဲ့ စစ်ကောင်စီ ဆွေးနွေးပွဲ ရလဒ်မထွက်၊ နောက်တစ်ကြိမ် ဆွေးနွေးမည်


သပိတ်ကျင်းမြို့နယ်က တပ်မတော်တန်းမြင့်လေ့ကျင့်ရေးသင်တန်းကျောင်း (တတက-၁၃) မှာ အင်အား ပြန်လည် ဖြည့်တင်းထားတဲ့ စစ်ကောင်စီတပ်က မြေပြင်ထိုးစစ်အပြင် လေကြောင်းနဲ့ လက်နက်ကြီးတွေကို ပိုသုံးလာတာကြောင့် စခန်းတချို့ ဆုတ်ခွာပေးခဲ့ရတယ်လို့လည်း ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ရဲ့ အထွေထွေအတွင်းရေးမှူး ရဲဘော်နီနီကျော်က ပြောပါတယ်။

“မိုးမိတ် ဗျူဟာ၊ မိုးကုတ်ဗျူဟာတို့ ကနေ ထွက်ပြေးလာတဲ့တပ်တွေက ၁၃ထဲကို ဝင်ပြေးထားတော့ သူတို့က အဲမှာ တပ်အင်အားတွေ ဖြည့်သလိုဖြစ်နေတာပေါ့နော်။ နောက်တပ်ကူတွေ ခေါ်တာနဲ့။ ခုနစ်မိုင် ကျောက်ကြီးဘက်ကို ကျွန်မတို့ တပ်တွေက ထိုးပြီဆိုရင် သူတို့က တတ က (၁၃) ကနေ ဟောင်ဝှစ်ဇာတွေနဲ့ လှမ်းပစ်တာ။ ကျွန်မတို့ ရဲဘော်တွေက တတက(၁၃)ကို ဝိုင်းထားပြီဆိုရင် အထဲထိမဝင်နိုင်ဘူး။ ပထမနည်းနည်းဝင်နိုင်တယ်။ နောက်ကျတော့ ပြန်ဆုတ်လိုက်ရတယ်ပေါ့နော်။ ပြီးရင် လေကြောင်းပစ်ကူတွေ လာတယ်ဆိုတော့ တတက (၁၃) ကို ကျွန်မတို့ ဝိုင်းထားတယ်ဆိုပေမဲ့ တချို့ဟာတွေ ကျွန်မတို့ ပြန်ဆုတ်လိုက်ရတာတွေ ရှိတယ်ပေါ့နော်”

အမည်မဖော်လိုတဲ့ စစ်တပ်အရာရှိဟောင်းတစ်ဦးကတော့ စစ်ကောင်စီဟာ နည်းပညာနဲ့ လူအင်အားကို အသုံးချပြီး လက်လွှတ်ခဲ့ရတဲ့ နယ်မြေတွေကို ပြန်ယူဖို့ ကြိုးစားနေတာလို့ ဆိုပါတယ်။

“စစ်တပ်က ဒရုန်းနဲ့ပတ်သက်ပြီးတော့ နည်းပညာ အငိုက်မိတာ။ စစ်တပ်လိုအဖွဲ့အစည်းက ဒီအငိုက်မျိုးက ခံရရင် ခဏပဲပေါ့။ ပြီးတော့ သူက ပြန်လုပ်တော့တာပဲလေ။ သင်တန်းတစ်ပတ်စဉ်ကို ငါးထောင်လောက်က ရနေတဲ့အခါကျတော့ အဲကောင် ဆယ်ပတ်ဆင်းပြီဆို လူငါးသောင်းပေါ့နော်။ ရေရှည်မှာ သူ့ရဲ့ တိုက်ပွဲဝင်အင်အားက မြင့်သထက်မြင့်လာဖို့ပဲ ရှိတယ်။ ဒါ့ကြောင့်မို့ သူက ထိုးစစ်တွေ ပြန်လုပ်မှာဖြစ်တယ်”

ကူမင်းဆွေးနွေးပွဲအပြီး TNLA ထိန်းချုပ်ဒေသအတွင်း စစ်ကောင်စီက ထိုးစစ်တွေ ပိုဆင်နွှဲလာတာနဲ့ ပတ်သက်လို့ စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်း ကို RFA က ဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ ပြန်လည်ဖြေဆိုတာ မရှိပါဘူး။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org