TNLA နဲ့ စစ်ကောင်စီ ဆွေးနွေးပွဲ ရလဒ်မထွက်၊ နောက်တစ်ကြိမ် ဆွေးနွေးမည်
2025.02.19

Updated 11:12 PM, Feb 19, 2025
ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA) နဲ့ စစ်ကောင်စီတို့ရဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲဟာ ရလဒ်မထွက်ဘဲ ပြီးဆုံးသွားပြီး နောက်တစ်ကြိမ် ထပ်မံဆွေးနွေးမယ်လို့ TNLA က ဖေဖော်ဝါရီလ ၁၉ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
TNLA ဘက်က ဒုတိယဗိုလ်ချုပ်ကြီး တားဂျုတ်ဂျား ဦးဆောင်တဲ့အဖွဲ့နဲ့ စစ်ကောင်စီဘက်က အမှတ် (၁) စစ်ဆင်ရေးအထူးအဖွဲ့မှူး ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုဦး ဦးဆောင်တဲ့အဖွဲ့တို့ တရုတ်နိုင်ငံ၊ ကူမင်းမြို့မှာ ဖေဖော်ဝါရီလ ၁၆ ရက်နဲ့ ၁၇ ရက် နှစ်ရက်တာ ဆွေးနွေးခဲ့တာပါ။
ဆွေးနွေးပွဲမှာ နှစ်ဖက် အပြန်အလှန်တောင်းဆိုမှုတွေ ပြုလုပ်ခဲ့ပေမဲ့ ညှိနှိုင်းဖို့ ခက်ခဲတာကြောင့် သက်ဆိုင်ရာအဖွဲ့အစည်းတွေအတွင်း ဆွေးနွေးပြင်ဆင်မှုတွေပြုလုပ်ပြီးရင် နောက်တစ်ကြိမ် ထပ်ဆွေးနွေးဖို့အတွက် တရုတ်အစိုးရ အထူးကိုယ်စားလှယ် မစ္စတာ တိန့်ရှီကျွင်းက ဦးဆောင်ဆွေးနွေးပြီးနောက် တွေ့ဆုံမှုကို အဆုံးသတ်ခဲ့တယ်လို့ ဆိုပါတယ်။
ဆွေးနွေးပွဲမှာ နှစ်ဖက်တင်ပြတောင်းဆိုတာတွေကို ဆက်လက်ဆွေးနွေးဖို့ အခက်အခဲရှိတာကြောင့် ဆွေးနွေးပွဲရလဒ်မထွက်ဘဲ ပြီးဆုံးသွားတာဖြစ်တယ်လို့ TNLA ပြောရေးဆိုခွင့်ရှိသူ လွေးယေဦး က ပြောပါတယ်။
“တွေ့ဆုံဆွေးနွေးမှုမှာ နှစ်ဖက်က အပြန်အလှန်တောင်းဆိုတင်ပြတာတွေ လုပ်ခဲ့တယ် ဒါပေမဲ့ ဒီတောင်းဆိုတင်ပြတာတွေကို နှစ်ဖက်က ဆက်ဆွေးနွေးဖို့ အခက်အခဲရှိတာကြောင့် တွေ့ဆုံဆွေးနွေးမှုက ပြီးဆုံးသွားပါပြီ။ နှစ်ဖက်တောင်းဆိုတင်ပြတာတွေကို ပြန်လည်သုံးသပ်ပြီးတော့မှ နောက်ပိုင်းမှာ ပြန်လည်တွေ့ဆုံဖို့ သဘောတူထားပါတယ်”
ဆွေးနွေးပွဲမှာ TNLA ဘက်က နှစ်ဖက်တပ်တွေရောက်တဲ့နေရာမှာ အပစ်ရပ်ဖို့၊ နှစ်ဘက်လုံး ထိုးစစ်ရပ်ဖို့၊ ဒရုန်း၊ လက်နက်ကြီး၊ လေကြောင်းတိုက်ခိုက်မှု စတဲ့ စစ်ရေးလှုပ်ရှားမှုတွေ အားလုံးရပ်ဖို့နဲ့ နှစ်ဖက်ထိန်းချုပ်ဒေသတွေမှာ ဒေသခံပြည်သူတွေ ဆေးဝါးနဲ့ စားနပ်ရိက္ခာ သယ်ဆောင်ခွင့်ရဖို့ စတဲ့ အချက်တွေကိုသာ ဆွေးနွေးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ ဒီတောင်းဆိုချက်တွေဟာ TNLA ထိန်းချုပ်နယ်မြေအတွင်း က ပြည်သူတွေ ကြုံနေရတဲ့အခက်အခဲတွေကို ဖြေရှင်းနိုင်မယ့်အချက်တွေဖြစ်တယ်လို့ TNLA က ဆိုပါတယ်။
TNLA တောင်းဆိုချက်တွေထဲက ဘယ်အချက်တွေကို စစ်ကောင်စီဘက်က လက်မခံတာလဲဆိုတာကိုတော့ ထုတ်မပြောပါဘူး။
စစ်ကောင်စီဘက်က ဘယ်အချက်တွေကို ဆွေးနွေးခဲ့သလဲဆိုတာ မသိရသေးသလို စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။ စစ်ကောင်စီနဲ့ TNLA တို့ လာမယ့် ဧပြီလအတွင်း ထပ်မံတွေ့ဆုံဆွေးနွေးဖို့ သဘောတူခဲ့ကြတယ်လို့လည်း လွေးယေဦးက ပြောပါတယ်။
ဆွေးနွေးပွဲမအောင်မြင်ခဲ့တဲ့နောက် TNLA ထိန်းချုပ်နယ်မြေထဲက ပြည်သူတွေ ရင်ဆိုင်နေရတဲ့အခက်အခဲတွေကို ဖြေရှင်းနိုင်ဖို့ ဆက်ပြီး နည်းလမ်းရှာဖွေသွားမယ်လို့ လွေးယေဦးက ပြောပါတယ်။
"လူထုတွေရဲ့ အခက်အခဲ အကျပ်အတည်းတွေကို ရင်ဆိုင်ကျော်လွှားနိုင်ဖို့ ကျမတို့ကတော့ နည်းလမ်းပေါင်းစုံနဲ့ ဆက်ရှာမှာဖြစ်ပါတယ်။ တစ်ဖက်မှာလည်း ပြည်သူတွေအနေနဲ့ စစ်ကောင်စီရဲ့ လေကြောင်းရန်တိုက်ခိုက်တာတွေ ဗုံးကြဲတိုက်ခိုက်တာတွေ ရှောင်ရှားနိုင်ဖို့၊ စစ်ရေးသတိအမြဲရှိဖို့ လိုအပ်ပါတယ်"
မြောက်ပိုင်းညီနောင်မဟာမိတ် သုံးဖွဲ့ထဲက ကိုးကန့်တပ်မတော် (MNDAA) နဲ့ စစ်ကောင်စီတို့ တရုတ်ရဲ့ ကြားဝင်ဆောင်ရွက်မှုနဲ့ ဆွေးနွေးခဲ့ပြီးနောက် ဇန်နဝါရီလ ၁၈ ရက်နေ့စလို့ နှစ်ဖက်အပစ်ရပ်ရေး သဘောတူထားပါတယ်။
(မှတ်ချက် - ဤသတင်းတွင် TNLA ပြောရေးဆိုခွင့်ရှိသူ၏ ပြောဆိုချက်များကို ဖြည့်စွက်ထားပါသည်။)