ခြံနံပါတ် ၅၄ ကိုလေလံပစ်ဖို့ ပြည်ထောင်စုတရားလွှတ်တော်က ဘာကြောင့်ဆုံးဖြတ်ခဲ့သလဲ

ရန်ကုန်မြို့၊ တက္ကသိုလ်ရိပ်သာလမ်း အမှတ် ၅၄ ရှိ နေအိမ်နဲ့ခြံဝင်းဟာ ၁၉၄၇ခုနှစ် ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံခံရလို့ ကွယ်လွန်ပြီးနောက်မှာ သူ့ရဲ့ ဇနီးဒေါ်ခင်ကြည်နဲ့ မိသားစုနေထိုင်ဖို့ နိုင်ငံတော်အစိုးရက ချီးမြှင့်ခဲ့တဲ့အိမ် ဖြစ်ပါတယ်။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကတော့ ၁၉၈၈ မြန်မာပြည်ပြန်ရောက်ချိန်ကစပြီး ၂ဝ၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းတဲ့အထိ အဲဒီနေအိမ်မှာ အစဉ်တစိုက်နေထိုင်ခဲ့ပါတယ်။
ဒီနေအိမ်နဲ့ခြံဝင်းကို အမွေရလိုမှုနဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့သားအကြီး ဦးအောင်ဆန်းဦးက တရားစွဲလျှောက်ထားခဲ့ရာမှာ ရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံးက ၂ဝ၁၆ ခုနှစ်မှာ ဒေါ်အောင်ဆန်းစုကြည်ကို သူမနေထိုင်ရာအိမ်နဲ့ ခြံတစ်ဝက်ယူစေပြီး ကျန်အိမ်တစ်လုံးနဲ့ ခြံတစ်ဝက်ကို ဦးအောင်ဆန်းဦးက ရယူဖို့ အမိန့်ချမှတ်ခဲ့ပါတယ်။
“ဥပဒေအရ ပေးထားတဲ့ဟာကို မတရားအသုံးချတာ၊ ပြည်ထောင်စုလွှတ်တော် တရားသူကြီးချုပ်က”
ဒီဆုံးဖြတ်ချက်ကို ဦးအောင်ဆန်းဦးက လက်မခံဘဲ ခြံတစ်ခုလုံးနဲ့ခြံတွင်းရှိ နေအိမ်တွေကိုပါ လေလံပစ်ပြီး တစ်ဝက်စီယူဖို့ တရားစွဲလျှောက်ထားခဲ့တာကို တရားရုံးအဆင့်ဆင့်က လက်မခံပယ်ချခဲ့သလို အယူခံတင်တာကိုလည်း ၂ဝ၁၈ခုနှစ်မှာ နေပြည်တော်ရှိ ပြည်ထောင်စုတရားလွှတ်တော် တရားသူကြီး ၉ ဦးပါ စုံညီခုံရုံးက ပယ်ချခဲ့ပြီးဖြစ်ပါတယ်။
ဒါပေမဲ့ အဲဒီအဖွဲ့မှာ ဦးဆောင်သူအဖြစ်ပါဝင်တဲ့ ပြည်ထောင်စုတရားသူကြီးချုပ်ထံ ဦးအောင်ဆန်းဦးက ထပ်မံပြီး ၂ဝ၁၉ ခုနှစ်အတွင်းမှာ အထူးလျှောက်လွှာတင်သွင်းခဲ့ရာမှာ ပြည်ထောင်စုတရားလွှတ်တော်က မူလဆုံးဖြတ်ချက်ကို ပြင်ပြီး ဦးအောင်ဆန်းဦး လျှောက်ထားခဲ့တဲ့အတိုင်း ခြံနဲ့နေအိမ်ကို လေလံပစ်ပြီး ခွဲဝေယူဖို့ခွင့်ပြုကြောင်း သြဂုတ်လ ၂၂ ရက်မနေ့က ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့ နိုင်ငံရေးသမား ဝါရင့်ရှေ့နေကြီး ဦးကြီးမြင့် က ပြောပါတယ်။
“တရားရုံးက တစ်ယောက်တစ်ဝက်ခွဲယူ။ ငွေကို ဒေါ်အောင်ဆန်းစုကြည်က အမ်းလိမ့်မယ်၊ အဲ့ဒီငွေကလည်း ကော်မရှင် ရှိတယ်၊ ဇာရီ ကော်မရှင်ရှိတယ်။ အဲဒီကော်မရှင်က သတ်မှတ်ထားတဲ့ တစ်ဝက်ကို အခွန်ဆောင်ပါရစေ ပြောတဲ့အခါမှာ အဲဒီ ဇာရီကော်မရှင်ကနေပြီး ခန့်မှန်းတဲ့ တန်ဖိုးကို ဦးအောင်ဆန်းဦးက လက်မခံဘူး၊ သူက ဒါကို လေလံတင်ရမယ် လေလံတင်ပြီး သတ်မှတ်ပြီး ခွဲယူမယ် အဲဒီအပေါ်ကို တရားလွှတ်တော်ချုပ်အထိ ရှုံးတယ် ပယ်လိုက်ပြီ အဲဒါကို ဦးအောင်ဆန်းဦးက တရားသူကြီးချုပ်ထံကို အထူးလျှောက်လွှာတင်သွင်းတာဖြစ်တယ်။ တရားသူကြီးချုပ်ထံကို ပြန်လည်စဉ်းစားသုံးသပ်စေလိုမှု လျှောက်ထားခွင့်ရှိတယ်။ အဲဒီလျှောက်ထားခွင့်ကလည်း နိုင်ငံရေးနောက်ခံ မရှိဘဲနဲ့ နေဝင်းအမျိုး မဟုတ်ဘဲနဲ့၊ မင်းအောင်လှိုင်အမျိုး မဟုတ်ဘဲနဲ့ ဘယ်တော့မှ လက်မခံဘူး၊ လက်ခံကြားနာခြင်းလည်း မရှိဘူး၊ အနိုင်အရှုံးဆိုတာတော့ ဝေးရော၊ လက်ခံကြားနာဖို့တောင် မလွယ်ဘူး။ အခု လက်ခံကြားနာတာအပြင် အနိုင်ပေးလိုက်တာ ဦးအောင်ဆန်းဦးကို။ ဥပဒေအရ ပေးထားတဲ့ဟာကို မတရားအသုံးချတာ၊ ပြည်ထောင်စုလွှတ်တော် တရားသူကြီးချုပ်က။ အဲဒီခုံရုံးမှာလည်း သူကိုယ်တိုင်ပါပြီးသားနော်။ သူကိုယ်တိုင် ဥက္ကဋ္ဌအဖြစ် ပါတဲ့အဖွဲ့က ပယ်ပြီးသား ဆုံးဖြတ်ပြီးသားဟာကို သူ့ဖာသာသူ ပြန်လက်ခံတယ် လက်ခံပြီး ပြန်လည်သုံးသပ်ပြီး ချလိုက်တာ ဥပဒေကြောင်းအရ ကုန်ပြီ။ အဲဒီတော့ လေလံတင်တော့မယ်”
ဘယ်လိုလေလံပစ်မှာလဲ၊ ဘယ်လောက်ကြာနိုင်သလဲ။
“လေလံပစ်တာကတာ့ နှစ်ဖက်ကို တင်ခိုင်းမယ်။ ဒါကို တန်ဖိုး ဘယ်လောက်သတ်မှတ်မှာလည်းလို့ မေးမယ်၊ အဲဒီတော့ ဦးအောင်ဆန်းဦးကလည်း ဒါ ဘယ်နှစ်သန်းတန်ပါတယ် ပြောမယ်၊ ဟိုဘက်ကလည်း ပြောမယ်။ အဲဒီပေါ်မှာ ရန်ကုန်တိုင်းတရားရုံးကနေပြီး သူ့ရဲ့ဆင်ခြင်တုံတရားနဲ့ ပတ်ဝန်းကျင်အထောက်အထားတွေကို ကြည့်ဦးမယ်။ အဲဒါတွေ ကြည့်ပြီးတော့မှ သူကဒါကို ဆုံးဖြတ်ပြီး အဲဒါနဲ့သူက စာတင်မှာ။ အဲဒီအနားဝန်းကျင်က ခြံတွေရဲ့ တန်ဖိုးဘယ်လောက်ရှိလဲ။ အဲဒီတန်ဖိုးနဲ့ အနီးစပ်ဆုံးကို လေလံတင်မယ်။ နှစ်ဖက်ကိုတော့ မေးရဦးမှာနော်။ ဦးအောင်ဆန်းဦး နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ ရှေ့နေတွေကို မေးရဦးမှာ။ အဲဒီမှာ တစ်ဖက်က မတရားသဖြင့် ပြောနေပြီဆိုရင် ကန့်ကွက်ပိုင်ခွင့် ရှိတယ်။ ဒေါ်အောင်ဆန်းစုကြည်ဘက်က တင်ထားတာကလည်း ဒါ နည်းနည်းလေးတင်ထားတာပါ ဥပဒေနဲ့မညီဘူး။ ဒါ ကန့်ကွက်ခွင့်ရှိတယ်။ ဦးအောင်ဆန်းဦးဘက်ကိုလည်း ဒေါ်အောင်ဆန်းစုကြည်ဘက်က ဒါမတရားတင်ထားတာပါ ဆိုပြီး ကန့်ကွက်ခွင့်ရှိတယ်။ အဲလိုတင်တဲ့အခါမှာ မူလလက်ဝယ်ရှိတဲ့ ဒေါ်အောင်ဆန်းစုကြည်က ဦးစွာ စောပိုင်ခွင့်ရှိတယ်၊ မတရားသဖြင့် မတရားတင်တဲ့အခါ ဒေါ်လာ တစ်သန်းလောက် တန်တာကို ဒေါ်လာ ၁ဝ သန်းလို့ တင်ရင် ဘယ်ဝယ်နိုင်မလဲ။ ဒေါ်လာ ၁ဝ သန်းတန်တာကို သန်း ၁ဝဝ တို့ သန်း ၁ဝဝဝ တို့တင်ရင် ဘယ်ဝယ်နိုင်မလဲ။ အဲလို ညစ်ပြီးတော့မှ တခြားလူလက်ထဲ မရောက် ရောက်အောင် လုပ်မယ်ဆိုရင်တော့ အဲဒီမှာ ထပ်ပြီး အယူခံ ပြင်ဆင်တာ တက်ခွင့်ရှိတယ်။ သို့သော် အဲဒါကလည်း ခေတ်အဆက်ဆက် အာဏာရှင်တွေရှိနေသမျှ ဘယ်နိုင်မလဲဗျာ။ သာမန်အားဖြင့် တစ်နှစ်လောက်နဲ့ ပြီးနိုင်တယ်၊ သို့သော် အထူးကိစ္စတွေ ပေါ်ပေါက်လာရင်တော့ တစ်နှစ်ထက်ပိုပြီး ကြာသွားနိုင်တယ်”

မြန်မာ့အရေးလေ့လာသူ ဒေါက်တာလှကျော်ဇောကတော့ အခုလို စစ်ကောင်စီသြဇာခံ ပြည်ထောင်စုတရားလွှတ်တော်က ဆုံးဖြတ်ခဲ့တာနဲ့ ပတ်သက်ပြီး အချက် ၂ ချက်ကို တွေ့ရှိတယ်လို့ ပြောပါတယ်။
“နိုင်ငံရေးအရ ကျမတွက်တာ ၂ ချက်ပေါ့။ တစ်ခုက အောင်ဆန်းဦးကို နိုင်ငံရေးအရ သတ်လိုက်တဲ့ပွဲပဲ။ ဒုတိယအချက်က ဒီအိမ်ကြီးနဲ့ ပတ်သက်လို့ ဦးနေဝင်းလက်ထက်ကတည်းက ဒေါ်ခင်ကြည်လက်ထက်ပေါ့။ အဲ့ဒီကတည်းက စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တဲ့ သင်္ကေတကြီး ဖြစ်နေတာ။ အဲ့ဒါကိုလည်း သူတို့ နာကြည်းပုံရတယ်။သူတို့ဘယ်လိုစိတ်ဆင်းရဲအောင်လုပ်လုပ် ဒေါ်အောင်ဆန်းစုကြည်က ဒီထက်ပိုပြီး စိတ်ဆင်းရဲစရာမရှိပါဘူး။ သူကြံ့ကြံ့ခိုင်နိုင်မှာပါ ကျမ ယုံကြည်ပါတယ်”
နိုင်ငံရေးလေ့လာသူအများစုကလည်း အခုဆုံးဖြတ်ချက်ဟာ ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက စိတ်ပိုင်းဆိုင်ရာ ထပ်မံထိုးနှက်ချက်ဖြစ်သလို မြန်မာပြည်ရဲ့ ဒီမိုကရေစီလှုပ်ရှားမှုအတွက် သမိုင်းဝင်နေရာတစ်ခုကို ဖျောက်ဖျက်ဖို့ ကြိုးစားတာ ဖြစ်တယ်လို့ ဝေဖန်ကြပါတယ်။