ရိုက်တာ သတင်းထောက်နှစ်ဦးအတွက် မျှော်လင့်ချက်


2018.11.21
reuters-journalist-walone-622 ဖမ်းဆီးထိန်းသိမ်းခံထားရသည့် ရိုက်တာသတင်းထောက် ကိုဝလုံးကို ရန်ကုန် မြောက်ပိုင်းခရိုင်တရားရုံးတွင် ၂ဝ၁၈ ဇူလိုင်လ ၉ ရက်နေ့က တွေ့ရစဉ်။
REUTERS/Ann Wang

အစိုးရလျှို့ဝှက်ချက်အက်ဥပဒေနဲ့ ထောင်ဒဏ် ၇ နှစ်စီ ချမှတ်ခံထားရတဲ့ ရိုက်တာသတင်းထောက် နှစ်ယောက်ရဲ့အမှုနဲ့ပတ်သက်ပြီး အယူခံ လျှောက်ထားတာကို ရန်ကုန်တိုင်းတရားရုံးချုပ်က လက်ခံ ကြားနာခွင့် ပြုလိုက်တဲ့အတွက် သတင်းထောက်နှစ်ဦး ပြစ်ဒဏ်က လွတ်မြောက်ဖို့ မျှော်လင့်နေကြပါတယ်။

RFA သတင်းထောက် မသက်စုအောင် တင်ပြထားပါတယ်။

~~~~~~~~~~~~~~~~~~~~~~

ရိုက်တာ သတင်းထောက်နှစ်ဦးအတွက် မျှော်လင့်ချက်

(သက်စုအောင်)

■ နိုင်ငံတော်လျှိုဝှက်ချက်အက်ဥပဒေချိုးဖောက်မှုနဲ့ ပြီးခဲ့တဲ့ စက်တင်ဘာလက ထောင်ဒဏ် ၇ နှစ်စီ ချမှတ်ခံခဲ့ရတဲ့ ရိုက်တာ သတင်းထောက် နှစ်ယောက်အနေနဲ့ အပြစ်မရှိကြောင်းနဲ့ ပြစ်ဒဏ်ကနေ ကင်းလွတ်ခွင့်ပေးဖို့ အယူခံလျောက်ထားချက်ကို ဒီလဆန်းပိုင်းက ရန်ကုန်တိုင်းတရားရုံးချုပ်ကို လျှောက်ထားခဲ့တာဖြစ်ပါတယ်။

အဲ့လို အယူခံတင်ခဲ့တဲ့အပေါ် ဒီအမှုကို ပြန်လည်ကြားနာဖို့ ရန်ကုန်တိုင်း တရားရုံးချုပ်က လက်ခံလိုက်တဲ့အတွက် ရိုက်တာ သတင်းထောက် နှစ်ယောက်အနေနဲ့ ချမှတ်ခံထားရတဲ့ ပြစ်ဒဏ်တွေကနေ လွတ်မြောက်ပြီး အိမ်အပြန်လာကို မျှော်နေတယ်လို့ ရိုက်တာ သတင်းထောက် ကိုဝလုံးရဲ့ ဇနီးဖြစ်သူ မပန်းအိက အခုလို ပြောပါတယ်။

"အမတို့ကတော့ အကောင်းဆုံး မျှော်လင့်တယ်၊ အမတို့ အမျိုးသားတွေ ဘယ်ချိန်အိမ်ပြန်လာမလဲ ဆိုတာကို မျှော်လင့်နေတယ်"

တရားရုံးချုပ်အနေနဲ့ အယူခံလိုက်ပြီး လာမယ့် ဒီဇင်ဘာလထဲမှာတော့ နှစ်ဘက် လျှောက်လဲချက်တွေ အပြန်အလှန်ကြားနာဖို့ ရှိလာနိုင်တယ်လို့ ရိုက်တာ သတင်းထောက် နှစ်ယောက်ရဲ့ ရှေ့နေ ဦးသန်းဇော်အောင် က ပြောပါတယ်။

"မျှော်လင့်ထားတာကတော့ ဒီအမှုကို တရားရုံးကနေ နှစ်ဘက် လျှောက်လဲချက်တွေ ကြားနာပြီး ဒီအမှုက အားနည်းချက်တွေကို ပြန်လည်သုံးသပ်ပြီးတော့ ဒီစွပ်စွဲခံရတဲ့သူတွေကို လွှတ်ပေးမယ်လို့တော့ မျှော်လင့်တာပေါ့"

တကယ်လွတ်လပ်တဲ့ တရားစီရင်ရေးသာဖြစ်မယ်ဆိုရင် ရိုက်တာ သတင်းထောက် နှစ်ယောက် ပြစ်ဒဏ်က လွတ်မြောက်ဖို့ မျှော်လင့်ထားတယ်လို့ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ အဖွဲ့ဝင် ဦးုမြင့်ကျော်က အခုလိုပြောပါတယ်။

"အမှုသွား အမှုလာအရတော့ ဒီကိစ္စက ဒီလိုမျိုးပုဒ်မနဲ့ ပြစ်ဒဏ် ကျခံစရာအကြောင်းမရှိဘူးလို့ မြင်တယ်၊ ဒီနိုင်ငံတော် လျှို့ဝှက်ချက်ပုဒ်မနဲ့ ဘာမှလည်း မဆီလျော်ဘူး၊ အမှုသွား အမှုလာအရဆိုရင် ဒီပြစ်ဒဏ်ကျခံမှုက လုံးဝမဖြစ်သင့်ဘူး၊ တကယ်တရားစီရင်ရေး စနစ်လွတ်လပ်ရင်တော့ ဒီအမှုက ကိုဝလုံးနဲ့ ကိုကျော်စိုးဦး နှစ်ယောက်လုံးက ပြစ်ဒဏ်လုံးဝလွတ်မြောက်တဲ့ထိ ကျနော်တို့ မျှော်လင့်တယ်"

ပြီးခဲ့တဲ့နှစ် သြဂုတ်လက ဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်း ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်လို့ စုံစမ်းဖော်ထုတ်ရေးသားခဲ့တဲ့ ရိုက်တာ သတင်းထောက် ကိုဝလုံး နဲ့ ကိုကျော်စိုးဦး တို့ကို ရန်ကုန်မြောက်ပိုင်းခရိုင်တရားရုံးက အစိုးရလျှို့ဝှက်ချက်အက်ဥပဒေကို ချိုးဖောက်မှုနဲ့ ထောင်ဒဏ် ၇ နှစ်စီ ချမှတ်ခဲ့တာဖြစ်ပါတယ်။

အဲဒီလိုအမိန့်ချခဲ့တဲ့အပေါ် ကုလသမဂ္ဂအပါအဝင်၊ နိုင်ငံတကာအသိုင်းအဝိုင်းကလည်း ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့အစိုးရကို ဝေဖန်ရှုတ်ချမှုတွေ ရှိခဲ့ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းက စင်္ကာပူနိုင်ငံမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အမေရိကန် ဒု သမ္မတနဲ့ တွေ့ဆုံစဉ်မှာလည်း ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ လွတ်ငြိမ်းချမ်းသာခွင့်အာဏာကို သုံးပြီး အကျဉ်းကျခံနေရတဲ့ ရိုက်တာ သတင်းထောက် နှစ်ယောက် လွတ်မြောက်ရေးဆောင်ရွက်ပေးဖို့ အမေရိကန် ဒု သမ္မတက တိုက်တွန်းထားပါတယ်ရှင်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။