နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုှတွေ လာရောက်ရေး
2018.11.13

မြန်မာနိုင်ငံက မဖံ့ွဖြိုးသေးတဲ့ကဏ္ဍတွေမှာ လာရောက်ရင်းနှီးမြှုပ်နှံကြဖို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က အာဆီယံအဖွဲ့ဝင်တွေနိုင်ငံတွေကို မနေ့က ဖိတ်ခေါ်ချိန်မှာပဲ "ရင်းနှီးမြှုပ်နှံမှုနဲ့ နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန" ကို ထပ်မံဖွဲ့စည်းဖို့အတွက် သမ္မတက လွှတ်တော်ရဲ့ သဘောတူညီချက် တောင်းခံလိုက်ပါတယ်။
ဒီလိုဖွဲ့စည်းဖို့ လုပ်တာဟာ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုှတွေ လာရောက်ဖို့အတွက် တကယ်ပဲ လိုအပ်တာလား ဆိုတဲ့အပေါ် စီးပွားရေးပညာရှင်၊ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ အစိုးရတာဝန်ရှိသူတွေရဲ့ အမြင်တွေကို RFA သတင်းထောက် မသီရိမင်းဇင် က စုစည်းတင်ပြထားပါတယ်။
~~~~~~~~~~~~~~~~~~~~
နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုတွေ လာရောက်ရေး
(သီရိမင်းဇင်)
မနေ့က စင်္ကာပူနိုင်ငံ အာဆီယံထိပ်သီးအစည်းအဝေးကို ရောက်ရှိနေတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က မြန်မာပြည်က မဖံ့ွဖြိုးသေးတဲ့ ကဏ္ဍတွေမှာ လာရောက်ရင်းနှီးမြှုပ်နှံကြဖို့ ဖိတ်ခေါ်ခဲ့ သလို မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုဥပဒေအသစ်ကြောင့် အရင်ကထက် လုပ်ကိုင်ရလွယ်ကူလာကြောင်း၊ ရင်းနှီးမြှုပ်နှံတဲ့အခါ မြန်မာပြည်မှာရှိတဲ့ လူသားအရင်းအမြစ်တွေကိုပါ တိုးတက်ဖံ့ွဖြိုးအောင် ကူညီပေးကြဖို့လည်း တိုက်တွန်းခဲ့ပါတယ်။
တစ်ချိန်တည်းမှာလည်း ရင်းနှီးမြှုပ်နှံမှုနဲ့ နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနကို ထပ်မံဖွဲ့စည်းဖို့ သမ္မတကိုယ်စားလှယ် ပြည်ထောင်စုရှေ့နေချုပ်က လွှတ်တော်ရဲ့ သဘောတူညီချက် တောင်းခံခဲ့ပါတယ်။
စီးပွားရေးပညာရှင် ဦးလှမောင် က နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေ လာရောက်ချင်အောင် ဆောင်ရွက်တာဖြစ်ပေမဲ့ စောင့်ကြည့်ရမယ့် အနေအထားသာဖြစ်တယ်လို့ သုံးသပ်ပါတယ်။
"ဘာမှလည်း တကယ့်ဒီမိုကရေစီနိုင်ငံတွေဆီက မျှော်လင့်ချက်သိပ်မရတော့ အခုအိမ်နီးချင်း တရုတ်ကိုပဲ အားကိုးရတယ်။ အာဆီယံအချင်းချင်းလည်း အားကိုးရတယ်။ မျှော်မှန်းသလောက်ဖြစ်မလာတော့ အာဆီယံနိုင်ငံတွေကို ဖိတ်ခေါ်ရတဲ့အဆင့်ဖြစ်သွားတာပေါ့။ ဖိတ်ခေါ်ပြီးဆိုကတည်းက တကယ်လို့များ မျှော်မှန်းသလိုလေး ရင်းနှီးမြှုပ်နှံတာတွေ ဝင်လာပြီ တိုးလာပြီဆိုရင် ဘယ်လိုလုပ်မလဲဆိုပြီး ရင်းနှီးမြှုပ်နှံချင်လာအောင်အနေနဲ့ ဝန်ကြီးဌာနအသစ်တခု တိုးချဲ့ဖွဲ့စည်းလိုက်တာပေါ့။ ရင်းနှီးမြှုပ်နှံမှုတွေ မနိုင်မနင်းအောတိုက်ဝင်လာမှ ဒီလိုဝန်ကြီးဌာနအသစ်တခု ဖွဲ့သင့်တယ်။ အခုဟာကတော့ အရင်ဖဲ့ွပြီးမှ လာမလားစောင့်ကြည့်တာဆိုတော့လည်း စောင့်ကြည့်ရမှာပေါ့။ သိပ်တော့လည်း အားမကိုးချင်ဘူး။"
ဒီမိုကရေစီ အရပ်သားအစိုးရစစ်စစ်ဖြစ်တဲ့ NLD အစိုးရတက်လာချိန်မှာ နိုင်ငံတကာရင်းနှီးမြှုပ်နှံသူတွေ အများအပြား လာရောက်မယ်လို့ ပြည်သူတွေနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေက မျှော်လင့်ထားကြပေမယ့် ထင်သလောက်ဖြစ် မလာဘဲ မြန်မာ့စီးပွားရေးအကျဘက်ကို ရောက်နေတယ်ဆိုတဲ့ သုံးသပ်ချက်တွေပဲ ကျယ်ကျယ်လောင်လောင် ပေါ်ထွက်လာပါတယ်။
ဒုတိယကမ္ဘာစစ်နောက်ပိုင်း တိုးတက်သွားတဲ့ ဂျပန်နိုင်ငံအပြင် တောင်ကိုရီးယား၊ ထိုင်ဝမ်၊ ဟောင်ကောင်၊ စင်္ကာပူ၊ ထိုင်း၊ မလေးရှားနဲ့ တရုတ် စတဲ့နိုင်ငံတွေဟာလည်း ဥရောပသမဂ္ဂတို့၊ အမေရိကန်တို့လို နိုင်ငံတွေရဲ့ ရင်းနှီးမြှုပ်နှံ မှုတွေအပေါ်မှာ အခြေခံပြီး ဖွံ့ဖြိုးတိုးတက်လာတာကြောင့် မြန်မာနိုင်ငံ ဒီမိုကရေစီအစိုးရ ဖြစ်လာတဲ့အခါမှာ နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုတွေကို မျှော်လင့်ကြတာလည်း ဖြစ်ပါတယ်။
ဒါပေမဲ့လည်း အကြောင်းအမျိုးမျိုးကြောင့် အစိုးရသက်တမ်း ၂ နှစ်ခွဲကျော်ကြာလာတဲ့အချိန်အထိ မျှော်လင့်ထားသလို ဖြစ်မလာတဲ့အတွက် တိုင်းပြည်ရဲ့စီးပွားရေးအပေါ်မှာ အားမလိုအားမရ ဖြစ်နေကြသူတွေလည်း ရှိနေတာပါ။
ရခိုင်အရေးကိစ္စကြောင့် အနောက်နိုင်ငံတွေရဲ့ ရင်းနှီးမြှုပ်နံှမှုတွေကို မျှော်လင့်လို့မရတော့တဲ့ အခြေအနေလည်း ရှိနေပါတယ်။
NLD အစိုးရတာဝန်လွဲှပြောင်းယူချိန်မှာ နိုင်ငံတော်ဘဏ္ဍာငွေ ချွေတာတဲ့အနေနဲ့ ဝန်ကြီးဌာန ၂၁ ခုနဲ့သာ လည်ပတ်ခဲ့ပေမယ့် နောက်ပိုင်းမှာ တဖြည်းဖြည်းတိုးပြီးဖွဲ့လာတဲ့အတွက် အခုတင်ပြထားတဲ့ ဝန်ကြီးဌာနဟာ ၂၅ ခုမြောက်အထိရှိလာပြီဖြစ်ပါတယ်။
ဒါကြောင့် ဒီဝန်ကြီးဌာနအသစ်ကို တိုးချဲ့ဖဲ့ွစည်းဖို့ မလိုအပ်တော့ဘူးလို့ သုံးသပ်မှုတွေလည်း ရှိနေတာပါ။
ဒီကိစ္စနဲ့ပတ်သက်ပြီး NLD ပါတီရဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင် က နိုင်ငံအတွက် လိုအပ်လို့ ဖွဲ့စည်းတာလို့ နားလည်ထားကြောင်း ပြောပါတယ်။
တဆက်တည်းမှာပဲ NLD အစိုးရလက်ထက်မှာ ပြည်ပရင်းနှီးမြှုပ်နှံမှုတွေ ကျသွားတယ်ဆိုတဲ့ ဝေဖန်မှုတွေနဲ့ ပတ်သက်လို့ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင် က ပြောပါတယ်။
"အစိုးရသစ်တက်လာကတည်းက နိုင်ငံခြားရင်းနှီးမြှုပ်နှံဖို့ လာကြတဲ့ ကုမ္ပဏီတွေ အများကြီးရှိပါတယ်။ ဒါပေမဲ့ ကျမတို့နိုင်ငံမှာ အားနည်းချက်တွေက အများကြီးရှိနေတယ်လေ။ သူတို့လိုချင်တဲ့ သူတို့စက်ရုံ အလုပ်ရုံတွေ တည်ဆောက်ဖို့ မြေဧရိယာအကျယ်အဝန်း လိုအပ်ချက်ကို ကျမတို့က မပေးနိုင်ဘူးဖြစ်နေတယ်။ ဒါလည်းပါသလို ဒီစက်ရုံအလုပ်ရုံတွေ ထူထောင်တဲ့နေရာမှာ အရေးကြီးတဲ့ လျှပ်စစ်မီးကိုလည်း နိုင်ငံတော်ဘက်က လုံလုံလောက်လောက် မပေးနိုင်တာရှိတယ်။ ဌာနဆိုင်ရာတွေနဲ့ ဒီလုပ်ငန်းတွေ လုပ်ကိုင်နိုင်ဖို့ အဆင့်ဆင့်ဖြတ် သန်းရတဲ့အခါမှာလည်း မလိုအပ်ဘဲ ကြန့်ကြာနေတဲ့ကိစ္စတွေကလည်း အများကြီးရှိတော့ နိုင်ငံရင်းနှီးမြှုပ်နှံ သူတွေက မြန်မာနိုင်ငံကိုလာဖို့ အများကြီးစဉ်းစားကြတဲ့အခြေအနေရှိတယ်။ ဒါကြောင့်လည်း ရင်းနှီးမြှုပ်နှံမှု နည်းနေတယ်လို့ မြင်ပါတယ်။"
အာဆီယံမှာ တရုတ်ရဲ့ရင်းနှီးမြှုပ်နှံမှုတွေ ကျဆင်းလာတဲ့အတွက် NLD အစိုးရလက်ထက်မှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံ မှုတွေနဲ့ ပတ်သက်ပြီး တစ်နှစ်ထက်တစ်နှစ် ကျဆင်းလာတယ်လို့လည်း ရင်းနှီးမြှုပ်နှံမှုနဲ့ ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနကနေ သိရပါတယ်။
ဒါပေမဲ့ FDI (Foreign Direct Investment) နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုတွေကနေလာတဲ့ ဝင်ငွေကတော့ ပုံမှန်အတိုင်းရှိနေတယ်လို့ ရင်းနှီးမြှုပ်နှံမှုနဲ့ ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ဝင်းထွန်း က ပြောပါတယ်။
"အာဆီယံဧရိယာမှာ တရုတ်ရဲ့ရင်းနှီးမြှုပ်နှံမှုများတယ်။ တရုတ်က ရင်းနှီးမြှုပ်နှံမှု အကျယ်ချဲ့တာနည်းသွားတဲ့ အတွက် တခြားနိုင်ငံတွေလိုပဲ ရင်းနှီးမြှုပ်နှံတာတော့ ကျတယ်၊ စစ်တမ်းကောက်ထားတာကတော့ တနှစ်ထက် တနှစ်ကြည့်မယ်ဆိုရင် ပုံမှန်သွားနေတယ်။ ခွင့်ပြုထားတဲ့အထဲက နိုင်ငံထဲကို ဘယ်လောက်အမှန်တကယ် စီးဝင်လာလဲဆိုတဲ့ FDI ကမှ GDP ကို တွက်လို့ရတယ်။ အဲဒါကတော့ လေးဘီလီယံ ပတ်ချာလည်မှာပဲ ပုံမှန်အတိုင်းဝင်နေတာတေ့ွရတယ်"
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေကို လက်ခံမယ့် အိမ်ရှင်နိုင်ငံဘက်က စနစ်တကျပြင်ထားဖို့လိုတာကြောင့် အခု ဝန်ကြီးဌာနအသစ်ဖွဲ့ပြီးရင် လာရောက် ရင်းနှီးမြှုပ်နှံသူတွေ ပိုပြီးအားကောင်းလာမယ်လို့ မျှော်လင့်ကြောင်းလည်း ဦးကျော်ဝင်းထွန်း က ပြောပါတယ်။
အဲဒီဝန်ကြီးအသစ်ဌာန ဖွဲ့စည်းနိုင်ဖို့အတွက် လွှတ်တော်ကိုယ်စားလှယ်တွေက လာမယ့် နိုဝင်ဘာလ ၁၅ ရက်နေ့မှာ ပြည်ထောင်စုလွှတ်တော်မှာ ဆွေးနွေးကြမှာဖြစ်ပါတယ်ရှင်။