နိုင်ငံတကာက NUG နဲ့ ဆက်ဆံရေးတိုးမြှင့်လာ

2022.05.13
နိုင်ငံတကာက NUG နဲ့ ဆက်ဆံရေးတိုးမြှင့်လာ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်အား အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ရှားမန်းမှ ၂၀၂၂ ခုနှစ် မေလ ၁၂ ရက်နေ့က တွေ့ဆုံခဲ့စဉ်
Photo: U.S. Embassy Rangoon

ဝါရှင်တန်ဒီစီမြို့မှာပြုလုပ်တဲ့ အမေရိကန်- အာဆီယံထိပ်သီးအစည်းအဝေးမှာ မြန်မာနိုင်ငံ အတွက် ထိုင်ခုံလွတ်ထားပြီး စစ်ကောင်စီ ခေါင်းဆောင်ကို ဖယ်ထုတ်ခဲ့ပါတယ်။ စစ်ကောင် စီဘက်ကလည်း အဆင့်မြင့်ကိုယ်စားလှယ် တက်ခွင့်မပေးတဲ့အတွက် ကိုယ်စားလှယ် မလွှတ်ဘဲ ဒီအစည်းအဝေးကို သပိတ်မှောက်ခဲ့ပါတယ်။

အမေရိကန်က စစ်ကောင်စီရဲ့ အတိုက်အခံအင်အားစုဖြစ်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နိုင်ငံခြားရေး ဝန်ကြီး ဒေါ်ဇင်မာအောင်ကို ဖိတ်ခေါ်ခဲ့ပြီး အမေရိကန်အပါအဝင် အာဆီယံခေါင်းဆောင်တချို့နဲ့ အစည်းအဝေးပြင်ပမှာ တွေ့ဆုံနိုင်ဖို့ စီစဉ်ပေးခဲ့ပါတယ်။ ဒေါ်ဇင်မာအောင်ကိုလည်း အစည်းအဝေးကို တက်ရောက်လာတဲ့ တခြားနိုင်ငံခေါင်းဆောင် တွေလို အစောင့်အရှောက်တွေနဲ့ စီစဉ်ပေးထားတာလည်း တွေ့ရပါတယ်။

"တဖြည်းဖြည်းချင်းနဲ့ NUG ကို တိုးမြှင့်ဆက်ဆံမှုတွေ လုပ်လာကြလိ့မ်မှာပေါ့ဗျာ”

ဒါဟာ အမေရိကန်နိုင်ငံအနေနဲ့ မြန်မာပြည်သူတွေနဲ့အတူ ရပ်တည်တယ်ဆိုတာကိုပြသဖို့ ဖြစ်သလို စစ်ကောင်စီကို သံတမန်ရေးအရ ရှုတ်ချတဲ့အနေနဲ့ အမေရိကန်အစိုးရဟာ NUG ကိုယ်စားလှယ်ကို အခုလို အရေးတယူ ထိတွေ့ဆက်ဆံတာ လို့ ဒေါက်တာ စိုင်းကြည်ဇင်စိုး က သုံးသပ်ပါတယ်။

“ကျနော်တို့ လူထုသဘောထားဆန္ဒကို လက်ခံရမယ်၊ ဒီမိုကရေစီလမ်းကြောင်းပေါ် ရောက်ဖို့အတွက် လူထုကိုယ်စားပြုတဲ့ ခေါင်းဆောင်တွေကို အသိအမှတ်ပြုရမယ် ဆိုတဲ့ဟာကို အကောင်အထည်ဖော်တယ်လို့ ယူဆလို့ရတယ်။ အဲဒီလမ်းကြောင်းကို သူ့အနေနဲ့ ရပ်ပြတယ်။ အမေရိကန်ကလည်း ဒီမိုကရေစီအရေးဆိုင်ရာကိစ္စတွေမှာ သူ့ကိုယ်သူ ခေါင်းဆောင်အဖြစ် ခံယူထားတဲ့နိုင်ငံတစ်ခု၊ အင်အားကြီးနိုင်ငံတစ်ခု ဖြစ်တာကိုး။ အဲဒီလိုပုံစံမျိုးနဲ့ သူ့ရဲ့ ရပ်တည်ချက်ကို ပြောတယ်လို့ ယူဆလို့ရတယ်။ နောက်တစ်ဖက်မှာကလည်း စစ်ကောင်စီနဲ့ ပတ်သက်တဲ့ကိစ္စ စစ်ကောင်စီကို သူ့အနေနဲ့ ပြင်းပြင်းထန်ထန် ရှုတ်ချတယ်ဆိုတဲ့သဘောမျိုး သက်ရောက်စေတဲ့ပုံစံလို့ ကျနော်တို့ အနေနဲ့ သုံးသပ်လို့ရတယ်”

ဒီအခြေအနေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ သဘောထားကိုသိရဖို့ RFA က စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကို ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေကြားတာ မရှိသေးပါဘူး။

စစ်တပ်အရာရှိဟောင်းတွေနဲ့ စုဖွဲ့ထားတဲ့ သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့ အမှုဆောင် ညွှန်ကြားရေးမှူး ဦးသိန်းထွန်းဦး ကတော့ ဒါဟာ အမေရိကန်ရဲ့ ကျင့်ဝတ်သိက္ခာမဲ့တဲ့ အပြုအမူပဲလို့ ဝေဖန်ပါတယ်။

“ရိုးရိုးရှင်းရှင်းနဲ့ ပွင့်ပွင့်လင်းလင်း ပြောရရင်တော့ အင်အားကြီးနိုင်ငံတစ်နိုင်ငံက ကျန်တဲ့နိုင်ငံကို မလေးစားဘဲနဲ့ မထီမဲ့မြင်လုပ်တဲ့ ပြောရရင်တော့ ကျင့်ဝတ်သိက္ခာ တော်တော်လေးမဲ့တဲ့ လုပ်ရပ်လို့ပဲ ပြောရပါလိမ့်မယ်။ အခုလက်ရှိ မြန်မာနိုင်ငံမှာ အာဏာသုံးရပ်ကို ကိုယ်တွယ်ထားတာ နစကအနေနဲ့ ကိုယ်တွယ်ထားတာ။ နစကသည် သူ့ရဲ့နေရာတစ်ခုကို သူ့ဘာသာ ကိုင်ဆွဲထားပြီးသားဖြစ်တယ်။ အချိန်တန်ရင် သူပေး ထားတဲ့ ပေးထားချက်အတိုင်း ဆက်သွားမှာ ဖြစ်တဲ့အတွက်ကြောင့် သူ့ဘာသူ အပြင်က အနောက်နိုင်ငံတွေ ဘယ်လိုပဲ ပြောပြော၊ ဘယ်လိုပဲ အော်အော်၊ ဘယ်လိုပဲ လုပ်လုပ် သူသွားမယ့် Road Map လမ်းကြောင်းအတိုင်းပဲ ရောက်သွားမှာပဲလို့ ဖြေချင်ပါတယ်”

မနေ့ကတော့ အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ရှားမန်းနဲ့ NUG နိုင်ငံခြားရေး ဝန်ကြီး ဒေါ်ဇင်မာအောင်တို့ တွေ့ဆုံခဲ့ပါတယ်။

စစ်ကောင်စီက အကြမ်းဖက်မှုတွေ တိုးမြှင့်လုပ်ဆောင်လာတာကြောင့် လူသားချင်း စာနာ ထောက်ထားမှုဆိုင်ရာ အကျပ်အတည်း ဖြစ်ပေါ်လာတဲ့အပေါ် ရှုတ်ချခဲ့ပြီး မြန်မာနိုင်ငံ အတွင်းက အကူအညီလိုအပ်နေသူတွေဆီ လူသားချင်းစာနာ ထောက်ထားမှုအကူအညီတွေ အတားအဆီးမရှိ ရောက်ရှိနိုင်ရေး ဆွေးနွေးခဲ့ကြတယ်လို့ အမေရိကန်သံရုံးက ဒီကနေ့ ထုတ်ပြန်ပါတယ်။

အမေရိကန် ဒုတိယနိုင်ငံခြားရေးဝန်ကြီးက ဒေါ်ဇင်မာအောင်ကို ချီးကျူးခဲ့ပြီး မြန်မာပြည် ဒီမိုကရေစီလမ်းကြောင်းပေါ်ပြန်ရောက်လာအောင် အားပေးထောက်ခံသွားမယ်လို့ ပြောဆိုခဲ့ပါတယ်။

us-asean-leaders.jpg
ဝါရှင်တန်ဒီစီမြို့တော်တွင် ကျင်းပသည့် အမေရိကန်-အာဆီယံ ထိပ်သီးဆွေးနွေးပွဲသို့ တက်ရောက်လာသည့် ခေါင်းဆောင်တချို့အား ၂၀၂၂ ခုနှစ် မေလ ၁၂ ရက်နေ့က တွေ့ရစဉ် (Photo: AFP)

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရဲ့ ဒလမြို့နယ် ရန်ကုန်တိုင်းလွှတ်တော် ကိုယ်စားလှယ် ဦးဘိုဘိုဦးကတော့ နိုင်ငံတကာအသိုင်းအဝိုင်းဟာ NUG နဲ့ တိုးမြှင့်ဆက်ဆံမှုတွေ ပြုလုပ် လာလိမ့်မယ်လို့ သုံးသပ်ပါတယ်။

“အာဆီယံ 5 Point Concusses ကို စကစက ပူးပေါင်းဆောင်ရွက်ခြင်း မရှိတဲ့ ကိစ္စရပ်နဲ့ ပတ်သက်ပြီးတော့ နောက်ဆက်တွဲ ဒီတစ်နှစ်အတွင်းမှာ အကြမ်းဖက်မှုတွေ ဆိုးဆိုး ဝါးဝါး လုပ်နေတဲ့ ကိစ္စတွေနဲ့ရောပေါ့နော်။ အားလုံးနဲ့ ပတ်သက်ပါတယ်။ အဲဒါကြောင့် ပြည်သူ့အစိုးရတစ်ရပ်ရဲ့ ကိုယ်စားလှယ်ကို အခုလိုမျိုး ပွဲမျိုးကို ဖိတ်ကြားခြင်း ဖြစ်ပါ တယ်။ တဖြည်းဖြည်းချင်းနဲ့ NUG ကို တိုးမြှင့်ဆက်ဆံမှုတွေ လုပ်လာကြလိ့မ်မှာပေါ့ဗျာ”

မလေးရှားနိုင်ငံခြားရေးဝန်ကြီး ဆိုင်ဖူဒင် အဗ္ဗဒူလာကလည်း NUG နိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့ဆုံဆွေးနွေးဖို့ရှိနေပါတယ်။ NUG နဲ့ ထိတွေ့ဆက်ဆံမှုတွေလုပ်ဖို့ သူ့အနေနဲ့ အကြံ ပြုထားတာကို အာဆီယံအထူးကိုယ်စားလှယ်က ကြိုဆိုတယ်လို့ လည်း မလေးရှားနိုင်ငံ ခြားရေးဝန်ကြီးက ပြောဆိုထားပါတယ်။

လက်ရှိဖြစ်ပေါ်တိုးတက်မှုတွေဟာ စစ်ကောင်စီက အကြမ်းဖက်မှုတွေ ဆက်လက်ကျူးလွန် နေတာနဲ့ အာဆီယံ သဘောတူညီချက်တွေကို လိုက်နာဖို့ ပျက်ကွက်တာတွေအတွက် အကျိုးဆက်ဖြစ်တယ်လို့ နိုင်ငံရေးအကဲခတ်တွေက သုံးသပ်ကြပါတယ်။

ဖတ်ရှုသူအများဆုံး သတင်းများ။
သတင်းဆောင်းပါးများ
ငလျင်ဒဏ်သင့် ပြည်သူအချို့ နိုင်ငံတကာအထောက်အပံ့နဲ့ အလှမ်းဝေးနေ
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

တင်​မောင်စိုးဦး
2022-05-13 22:55

Rfa ကို ​၁၉၈၈​နောက်ပိုင်း..နေ့တိုင်သတင်းမှန်များနားဆင်အား​ပေးလျက်ပါ။အ​မေရိကန်က NUG အစိုးရကို အသိမှတ်ပြုဆက်ဆံလိုက်ခြင်းအတွက် နှစ်​ထောင်းအားရကြိုဆိုလိုက်ရပါတယ်..