စစ်ကိုင်းတိုင်းမှာ တိုက်ပွဲပြင်းထန်၊ စစ်ကောင်စီ အကျအဆုံးများ၊ အိမ် ၁ဝဝဝ ကျော်မီးရှို့ခံရ

ခင်မောင်စိုး (ဝါရှင်တန်ဒီစီ)
2022.06.01
စစ်ကိုင်းတိုင်းမှာ တိုက်ပွဲပြင်းထန်၊ စစ်ကောင်စီ အကျအဆုံးများ၊ အိမ် ၁ဝဝဝ ကျော်မီးရှို့ခံရ ယင်းမာပင်မြို့နယ် နှောရိုးကျေးရွာမှ မီးလောင်ပျက်စီးနေသည့် နေအိမ်များကို ၂၀၂၂ ခုနှစ် မေလ ၁၅ ရက်နေ့က တွေ့ရစဉ်။
Photo: RFA

ပြီးခဲ့တဲ့ တစ်ပတ်အတွင်း စစ်ကိုင်းတိုင်း ချင်းတွင်းမြစ်ရိုးတစ်ဝိုက်မှာ တော်လှန်ရေးတပ်ပေါင်းစုတွေနဲ့ စစ်ကောင်စီတပ်တွေ နေ့စဉ်လိုလို တိုက်ပွဲတွေဖြစ်ခဲ့တယ်လို့ သိရပါတယ်။ အဲဒီတပ်ပေါင်းစုတွေထဲမှာ မြောက်ပိုင်းမဟာမိတ်တပ်တွေလည်း ပါဝင်တယ်လို့ မြန်မာ့တော်ဝင်နဂါးတပ်တော် ခေါင်းဆောင် ဗိုလ်နဂါးက RFA ကိုပြောပါတယ်။

“ချင်းတွင်းတော်လှန်ရေးတပ်ရယ် နောက်မြောက်ပိုင်းကမဟာမိတ်အဖွဲ့ရယ် ကျနော်တို့ MRDA နောက် local လေးတွေရောပေါ့။ တော်တော်များများပါပဲ။ ချင်းတွင်းမြစ်ရိုးတစ်လျှောက် ကျနော်တို့ ဒီကနီဘက်ရော ဘုတလင်ဘက်တွေရော နောက် အဲ့ဒီကနေ မင်းကင်းအစပ်ထိပေါ့ တိုက်ပွဲတွေဖြစ်ခဲ့တယ်”

RFA က မနေ့ညပိုင်းရရှိတဲ့ မှတ်တမ်းဗီဒီယိုအရ အဲဒီတိုက်ပွဲတွေမှာ တော်လှန်ရေးတပ်ဖွဲ့တွေအနေနဲ့ စက်သေနတ်လို ခေတ်မီလက်နက်တွေ သုံးစွဲနေတာကို မြင်ရပါတယ်။ ဒီတပ်ဖွဲ့တွေဟာ ကုန်းတွင်းပိုင်းမှာသာမက ချင်းတွင်းမြစ်ရိုးအတိုင်း မင်းကင်းဘက်က စုံဆင်းလာတဲ့ စစ်ကောင်စီသင်္ဘော ရှစ်စင်းကိုလည်း တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ ဒီတိုက်ပွဲတွေမှာ သူတို့ ပြောက်ကျားဘက်က ထိခိုက်မှုနည်းပါးပြီး စစ်ကောင်စီဘက်က အကျအဆုံးများတယ်လို့ ဗိုလ်နဂါးက ပြောပါတယ်။

“ကျနော်တို့ အတိအကျတော့မခန့်မှန်းနိုင်ဘူး။ ဒါပေမဲ့ အဲ့ဒီမြစ်ကြောင်းတစ်လျှောက်ရော ဒီမြစ်ကြောင်းဘေးမှာ ခြေလျင်ထိုး စစ်ဆင်လာတဲ့ ဒီအဖွဲ့တွေရော တော်တော်များများ အထိအခိုက်အကျအဆုံးများတယ်။ ဒီတစ်ပတ် ဆယ်ရက်လောက်အတွင်းမှာပေါ့။ ဒီသင်္ဘောတွေဆင်းလာမယ်ဆိုတဲ့အခါကျတော့ မြစ်ကမ်းဘေးကနေပြီးတော့ တိုက်ခိုက်မယ့်သူတွေကို ရှင်းလင်းတဲ့ မြေပြင်စစ်ကြောင်းတွေ မြစ်ကြောင်းရဲ့ ဝဲဘက်ယာဘက်ကနေ နှစ်ကြောင်းထိုးတယ်လေ။ ကနီဘက်အခြမ်းက ထိုးတဲ့စစ်ကြောင်းကကျတော့လည်း ကျနော်တို့နဲ့ ခုနကပြောတဲ့ ချင်းတွင်းတော်လှန်ရေးတပ်ရယ် နောက်မြောက်ပိုင်းမဟာမိတ်အဖွဲ့ရယ် ဒေသခံလေးတွေရယ် ပေါင်းပြီးတော့ တိုက်လိုက်တာလည်း တော်တော်အထိနာတယ်။ နောက်ဘုတလင်ဘက်အခြမ်းကနေ ထိုးလာတဲ့ဟာက ဝက်ချောင်းကလေးတို့ ချောင်းဝကြီးတို့ ရေဘုတလင်တို့ရွာတွေကို ဆက်တိုက်မီးရှို့ရင်းနဲ့ တက်လာတဲ့စစ်ကြောင်းကျတော့လည်း မီးရှို့အပြီးမှာ ကျနော်တို့ ထိပ်ကနေ ပိတ်ပြီးတော့အထွက်ကို ဆီးပြီးတိုက်လိုက်တာ တော်တော်အထိနာတယ်။ ရေကြောင်းကျတော့လည်း အဲ့ဒီလိုပဲ စစ်ကောင်စီက ကျောက်စိမ်းသယ်လာတယ်လို့ယူဆရတဲ့ သင်္ဘောတွေနဲ့အမြန်ယာဉ်တွေကိုသွားပြီးတိုက်တာ အဲ့ဒါတွေက အခုချိန်ထိမြစ်ကြောင်းကို စုန်ပြီးတော့ထွက်မသွားနိုင်သေးဘူး မင်းကင်းကနေ ထွက်လာပြီးတော့ဒီကနီထဲကိုအရောက်မှာဖြစ်တာပေါ့။ ကျနော်တို့နဲ့ ထိတွေ့တဲ့နေ့ကလည်း သူတို့ သင်္ဘောနှစ်စီးထိတယ်။ တစ်စီးက ကျနော်တို့ မြောက်ပိုင်းမဟာမိတ်ကပစ်တဲ့လက်နက်ကြီးထိတယ် တစ်စီးကကျတော့ ကျနော်တို့ MRDA ပစ်လိုက်တဲ့ လက်နက်ကြီးအဆန်ခြောက်လုံး နောက်စက်အခန်းထဲကို ထိတာကနေပြီးတော့ စက်ကိုသေသွားတာပေါ့။ ဒီအမြန်ယာဉ်ပေါ်က စက်သေနတ်သမားလည်းကျသွားတယ်။ မနေ့ကတော့ ဒီ ကနီနယ်ကမဟာမိတ်တွေအားလုံးစုပေါင်းတိုက်ကြတာကလည်း သူတို့ အဲ့ဒီမှာတော်တော်လေး အထိနာတယ်လို့ သိရတယ်ပေါ့။ ဒဇယ်ချောင်ရွာနားလေးမှာ ဖြစ်တာ။ ဟိုဘက်ရန်သူလည်း တော်တော်ကျတယ်လို့ပြောတယ်။ တော်တော်ကျတယ်လို့ ပြောတယ်ဆိုတာက သူတို့တွေ စစ်ကြောင်းပြန်ခေါက်သွားရတယ်။ အမှန်ဆိုရင်တော့ ဒီရေကြောင်းက သူတို့ ချောချောမွေ့မွေ့မောင်းသွားရရင် မင်းကင်းကနေပြီးတော့ ကနီကိုဖြတ်ပြီးတော့ ဒီမုံရွာဘက်ထိ ထွက်ဖို့ရာဆိုရင် တစ်ရက်ခရီးဆိုရင်ပေါက်တာကိုး အခုက ဒီကနီမှာပဲရှိသေးတယ် ရက်တွေကိုခုနှစ်ရက်လောက်ရှိပြီလည်နေတာ။ နှစ်စီးတစ်တွဲ နှစ်စီးတစ်တွဲနဲ့လေးတွဲဖြတ်တာ။ စုစုပေါင်း ရှစ်စီးပါတယ်။”

တခြား သတင်းတွေအရဆိုရင် ဒီရက်ပိုင်းဖြစ်ပွားတဲ့ တိုက်ပွဲတွေမှာ စစ်ကောင်စီဘက်က အရာရှိတစ်ဦးအပါအဝင် စစ်သားတစ်ဒါဇင်ထက်မနည်းကျဆုံးတယ်လို့ ဆိုပါတယ်။ NUG အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနအတွင်းဝန် ဦးနိုင်ထူးအောင်က အခုလို တော်လှန်ရေးတပ်ဖွဲ့တွေ အောင်ပွဲရတာဟာ ညီညွတ်မှုနဲ့ စိတ်ဓာတ်ခိုင်မာမှုကြောင့်ပဲလို့ ပြောပါတယ်။

“ဒီချင်းတွင်းမြစ်ဝှမ်းတလျှောက် ဖြစ်တဲ့ တိုက်ပွဲတွေ တစ်နိုင်ငံလုံးမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေမှာ အောင်နိုင်မှုရရှိခြင်းရဲ့ အဓိကအချက်ကို ပြောပါဆိုရင်တော့ စည်းစည်းလုံးလုံး စုစုစည်းစည်းနုဲ့ စိတ်ဓာတ်ကောင်းနဲ့ တိုက်ပွဲဝင်နိုင်တယ်ဆိုရင် အောင်မြင်မှုအများဆုံးရရှိတယ် ဆိုတာ တွေ့ရမှာဖြစ်ပါတယ်။ စုစုစည်းစည်း စည်းစည်းလုံးလုံးနဲ့ တိုက်ပွဲဝင်နေတဲ့ တော်လှန်ရေးရဲဘော်တွေ အားလုံးကိုလည်း လေးစားပါကြောင်း ဂုဏ်ယူပါကြောင်း ပြောကြားလိုပါတယ်။ ကျနော်တို့ရဲ့ ဒီရဲဘော်တွေက တကယ့်ကို စိတ်ဓါတ်ခိုင်ခိုင်မာမာနဲ့ ယုံကြည်မှုရှိရှိနဲ့ တိုက်ပွဲဝင်နေတာ ဖြစ်တဲ့ အတွက်ကြောင့်မို့လို့ လက်နက်အင်အားခြင်း မမျှပေမယ့်လည်း ဒီတိုက်ပွဲတွေမှာ အသာစီးရနေတဲ့ အကြောင်းအရင်းဖြစ်ပါတယ်။ လက်ရှိအနေအထားမှာတော့ တိုက်ပွဲ ဝင်နေတဲ့ သူတွေထဲမှာ ကျနော်တို့ NUG Change of Command ကွပ်ကဲမှု အောက်မှာရှိနေတဲ့ အဖွဲ့တွေလည်းရှိသလိုကူးပြောင်းဆဲနဲ့ နောက်ဆက်လက်ပြီး ဆောင်ရွက်ဖို့ ကျန်နေသေးတဲ့ အဖွဲ့တွေလည်း ရှိပါတယ်။ ဒါပေမယ့် စုစုစည်းစည်းနဲ့ ကွပ်ကဲမှုတစ်ခုတည်းအောက်မှာ ဆောင်ရွက်နိုင်မယ်ဆိုရင်တော့ ဒီတော်လှန်ရေးကြီးကို အဆုံးသတ်အောင်ပွဲနဲ့ အနိုင်ရရှိဖို့က ပိုပြီးတော့ နီးစပ်လာမှာဖြစ်ပါတယ်”

တော်လှန်ရေးတပ်တွေရဲ့ တိုက်ခိုက်မှုကြောင့် အထိနာတဲ့ စစ်ကောင်စီတပ်တွေဟာ ဘုတလင်မြို့နယ်နဲ့ ကနီမြို့နယ်တွေအတွင်းရှိ အိမ်ခြေ ၁ဝဝဝ ကျော်ကို ဒီရက်ပိုင်းအတွင်း မီးရှို့ခဲ့တယ်လို့ ဗိုလ်နဂါးက ပြောပါတယ်။ သူတို့အနေနဲ့ အဲဒီကျေးရွာတွေကို ထိထိရောက်ရောက် အကာအကွယ်ပေးနိုင်တဲ့ အင်အားမရှိခဲ့တဲ့အတွက် ဝမ်းနည်းရတယ်လို့လည်း ဆိုပါတယ်။ ဦးနိုင်ထူးအောင်ကလည်း စစ်ကောင်စီတပ်တွေဟာ ဒေသခံလူထုအနေနဲ့ တော်လှန်ရေးကို ထောက်ခံအားပေးခြင်း မရှိအောင် ခြိမ်းခြောက်နေတာ ဖြစ်တယ်လို့ ပြောပါတယ်။ အခုလို တိုက်ပွဲတွေမှာ ကျဆုံးဒဏ်ရာရမှုတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က တုံ့ပြန်ပြောကြားချက်ကို လတ်တလော မသိရသေးပါဘူး။

ဖတ်ရှုသူအများဆုံး သတင်းများ။
သတင်းဆောင်းပါးများ
ငလျင်ဒဏ်သင့် ပြည်သူအချို့ နိုင်ငံတကာအထောက်အပံ့နဲ့ အလှမ်းဝေးနေ
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။