အင်းစိန်ထောင် ပေါက်ကွဲမှုအပြီး နိုင်ငံတစ်ဝန်း ထောင်ဝင်စာတွေ အပိတ်ခံထားရ
အောက်တိုဘာ ၁၉ ရက် မနေ့က အင်းစိန်ထောင် ပေါက်ကွဲမှုဖြစ်ပြီး လူ ရှစ်ဦး သေဆုံးခဲ့တဲ့ နောက် အင်းစိန်၊ ပြည်၊ သာယာဝတီ၊ အိုးဘို၊ တောင်ငူ၊ သရက်၊ ပဲခူး စတဲ့ အကျဉ်းထောင် ခုနစ်ခုမှာ ထောင်ဝင်စာတွေ့ခွင့်နဲ့ ပစ္စည်းပေးခွင့်ကို အာဏာပိုင်တွေက ရက်အကန့်အသတ် မရှိ ပိတ်ပင်လိုက်တယ်လို့ နိုင်ငံရေးအကျဉ်းသား မိသားစုတွေနဲ့ ရှေ့နေတွေက ပြောပါ တယ်။
မြန်မာနိုင်ငံက ထောင်တွေမှာ အစားအသောက် ညံ့ဖျင်းလွန်းတာကြောင့် အကျဉ်းသားတွေ ဟာ နှစ်ပတ်ကို တစ်ကြိမ် အပြင်ကပို့ပေးတဲ့ ထောင်ဝင်စာ အစားအသောက်တွေကိုပဲ နေ့စဉ် မှီခိုပြီး အသက်ရှင် နေထိုင်ကြရတာပါ။
"နောက်ဆုံးကျတော့ တစ်နိုင်ငံလုံးမှာရှိနေတဲ့ အကျဉ်းသားတွေက ဒီရဲ့ ဆိုးကျိုးကိုခံစားရတာပေါ့"
အခုတော့ အင်းစိန်ထောင်ထဲမှာ အဖမ်းခံထားရတဲ့ ညီမဖြစ်သူအတွက် ဆေးဝါးနဲ့ စားသောက်စရာတချို့ ပေးခွင့် မရတော့ဘူးလို့ အမည်မဖော်လိုတဲ့ နိုင်ငံရေးအကျဉ်းသား မိသားစုဝင်တစ်ဦးက RFA ကို ပြောပါတယ်။
"ထက်ထက်ဆိုရင် အစာအိမ် ဖြစ်နေတာပေါ့၊ သူတို့ဆီက ပေးတဲ့ ထမင်း၊ ဟင်းတွေ မစားနိုင်လို့ ဖြစ်သွားတာပေါ့၊ သူတို့ဆီက ဆန် မကောင်း၊ အစားအသောက်ကျွေးတာက တဖြည်းဖြည်းနဲ့ အရသာမရှိတော့ဘူး၊ အဲဒါတွေကြောင့်လို့ပြောတယ်၊ အဲဒါတွေကြောင့် ကျနော်တို့က ၁၅ ရက်တစ်ခါကို ဟင်းချက်စရာကို များများကို ပေးတာ၊ ကြော်လှော် ချက်ပြုတ်ပြီးတော့ များများ ပေးတာ၊ အခုလို ပို့လို့မရဘူးဆို အထဲကလူတွေ စားရေး သောက်ရေး တော်တော်ခက်ခဲနိုင်တယ်"
သူ့ရဲ့ ညီမဖြစ်သူ မထက်ထက်ဟာ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် ပေါက်ကွဲစေ တတ်သော ဥပဒေပုဒ်မနဲ့ အင်းစိန်ထောင်ထဲမှာ အဖမ်းခံထားရတာပါ။
နိုင်ငံရေးအကျဉ်းသားတွေကို ထောင်ဝင်စာပို့နိုင်ဖို့ ကူညီပေးနေတဲ့ ထောင်ဝင်စာပို့ကြမယ် အဖွဲ့ တာဝန်ခံကတော့ အခုလိုထောင်ဝင်စာတွေ ပိတ်လိုက်တာဟာ အကျဉ်းသားတွေ စားသောက်ရေးအတွက် အခက်အခဲ ရှိလာနိုင်တယ်လို့ ပြောပါတယ်။
“အကုန်လုံးသိကြမှာပါ ထောင်ထမင်း၊ ထောင်ဟင်းကတော့ကောင်းတယ်ဆိုတာ ဘယ်တော့မှမရှိဘူး။ အဓိကအားဖြင့် ထောင်ထဲက ကျနော်တို့ ရဲဘော်တွေပဲပြောပါမယ်။ သူတို့သည် ခိုးဆိုးလုနှိုက်တွေမဟုတ်ဘူး။ ထောင်ဆိုတဲ့အရာနဲ့ ထိတွေ့ဖူးတဲ့သူတွေ မဟုတ်ဘူး။ အာဏာသိမ်းမှုဖြစ်စဉ်ပြီးတဲ့နောက်မှာ ထောင်ဆိုတဲ့အရာနဲ့ထိတွေ့မှု ဖြစ်ကြရတာ။ သူတို့အတွက် စားရေး၊ သောက်ရေး၊ နေရေးထိုင်ရေးတွေက အရာရာ အကုန်လုံးထောင်ထဲမှာ ခက်ခဲတယ်။ ထောင်ဝင်စာလာပို့တဲ့ ပစ္စည်းတွေကိုပဲ အဓိက အားကိုးပြီး နေထိုင်ရတာ”
နိုင်ငံရေးအကျဉ်းသားတွေနဲ့ သူတို့ရဲ့ မိသားစုဝင်တွေ တွေ့ဆုံခွင့်မရတော့အတွက် အကျဉ်းချခံထားရသူတွေအနေနဲ့ စိတ်ပိုင်းစိတ်ရာ ထိခိုက်နာကျင်မှုတွေ ရှိလာနိုင်တယ်လို့ သူက ဆက်ပြောပါတယ်။
အင်းစိန်အကျဉ်းထောင်မှာ ထောင်ဝင်စာပိတ်လိုက်တဲ့အပြင် အထူးတရားရုံးတွေနဲ့ အပြင်တရားရုံးတွေက စစ်ဆေးဆဲအမှုတွေကိုပါ ရပ်နားထားတယ်လို့ အင်းစိန်အကျဉ်း ထောင်နဲ့ နီးစပ်တဲ့ရှေ့နေတစ်ဦးက RFA ကိုပြောပါတယ်။
“ထောင်ဝင်စာရော ကျနော်တို့ ပါဆယ်ရောပို့တာရော၊ အထူးတရားရုံးရော၊ နောက် အပြင်တရားရုံးတွေမှာ ရုံး ထုတ်ပေးတာကို ပိတ်ထားတဲ့အတွက် အပြင်တရားရုံးတွေ အတွက်လည်း လူမပါ ရမန်ယူရမယ်လို့ ပြောတယ်။ ဘယ်နေ့လောက် ပိတ်ထားမှာလဲ ရက်အကန့်အသတ်ရှိလားဆိုတော့ ရက်အကန့်အသတ်ကတော့ ပြည်ထဲရေးက အမိန့်ရ မှပဲ ပြောလို့ရမယ်တဲ့၊ အဲကျရင်တော့ ကြေညာပေးမယ်လို့ပြောတယ်”
ဒီကိစ္စနဲ့ပတ်သက်လို့ အသေးစိတ်အခြေအနေသိရဖို့ RFA က အကျဉ်းဦးစီးဌာနကို တယ်လီ ဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေ ကြားတာ မရှိပါဘူး။
ပေါက်ကွဲမှု ဖြစ်ပြီး ထောင်ဝင်စာပိတ်ခံလိုက်ရတာလည်း ကြီးမားတဲ့ နောက်ဆက်တွဲ ပြဿနာတွေ ထပ်ကြုံလာနိုင်တယ်လို့ နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးဖြစ်တဲ့ ဦးထွန်းကြည်က ပြောပါတယ်။
"ထောင်ဝင်စာပိတ်တဲ့ အကျိုးဆက်ကတော့ တော်တော်လေးကို ဂယက်ရိုက်တယ်၊ အထဲမှာ ရှိနေတဲ့ နိုင်ငံရေးအကျဉ်းသားတွေ အပါအဝင် အားလုံးအပေါ်မှာ အနုတ် လက္ခဏာဆောင်တဲ့ သက်ရောက်မှု ကြီးကြီးမားမား ဖြစ်လာနိုင်စရာအကြောင်းတော့ ရှိလာပြီ။ အပြင်ကနေ မိသားစုက ငါ့ကို စားသောက်စရာ ပို့နေပါလားဆိုတဲ့ စိတ်ပိုင်း ဆိုင်ရာ ခွန်အားအသိပေါ့၊ အခုအားလုံးကို ပိတ်လိုက်တယ်ဆိုတာက စိတ်ပိုင်းဆိုင်ရာ ရော၊ ရုပ်ပိုင်းဆိုင်ရာရော ချိုးဖဲ့တယ်လို့ သုံးသပ်တယ်၊ အဲဒီအတွက်ကြောင့် အကျိုးဆက် ကတော့ ကျန်းမာရေးတွေ ဒီထက်ပိုပြီး ထိခိုက်လာနိုင်စရာ အကြောင်းရှိတယ်"
အောက်တိုဘာ ၁၉ ရက် မနေ့မနက်ပိုင်းက ရန်ကုန် အင်းစိန်အကျဉ်းထောင်ရဲ့ ထောင်ဝင်စာဌာနမှာ ပေါက်ကွဲမှုဖြစ်ခဲ့ပြီး အကျဉ်းဦးစီးဌာနက ဝန်ထမ်းသုံးဦးနဲ့ ထောင်ဝင်စာလာပို့တဲ့ အရပ်သား ငါးဦး သေဆုံးခဲ့ပါတယ်။ နောက်ထပ် အကျဉ်းဦးစီး ဝန်ထမ်း ငါးဦးနဲ့ ထောင်ဝင်စာလာပို့တဲ့အရပ်သား ၁၃ ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ထားပါတယ်။
သေဆုံးသူတွေနဲ့ထိခိုက်ဒဏ်ရာရခဲ့သူတွေဟာ စစ်ကောင်စီတပ်ဖွဲ့က ပစ်ခတ်လို့ မဟုတ်ဘဲ မိုင်းပေါက်ကွဲချိန်မှာ မိုင်းစတွေ ထိမှန်ခဲ့တာဖြစ်တယ်လို့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြပါ တယ်။
သေဆုံးသူရှစ်ဦးထဲမှာ အသက် ၅၄ နှစ်အရွယ် ဒေါ်ကြီးမြင့်လည်း ပါဝင်ပြီး သူဟာ အာဏာ ရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုကြောင့် ဖမ်းဆီးခံထားရတဲ့ ဗကသကျောင်းသားဟောင်း ကိုလင်းထက်နိုင် ခေါ် ကိုဂျိမ်းရဲ့ မိခင် ဖြစ်ပါတယ်။ ဒါ့အပြင် ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၅၀၅ - ကနဲ့ အကျဉ်းချခံနေရတဲ့ နိုင်ငံရေးအကျဉ်းသားနှစ်ဦးရဲ့ မိခင်တွေလည်း သေဆုံးခဲ့ တယ်လို့ အဲဒီဖြစ်စဉ်ကို သိရှိခဲ့သူ တရားလွှတ်တော်ရှေ့နေတစ်ဦးက RFA ကို ပြောပါတယ်။

“ ၅၀၅ နဲ့ မရမ်းကုန်းကနေ ပြီးခဲ့တဲ့အပတ်က ချထားတဲ့ဟာရှိတယ်။ အဲကောင်လေးရဲ့ အမေဆိုရင် မနေ့က ပါဆယ်သွားပို့တာ သူ့သားအတွက်ပေါ့၊ သူလည်းဆုံးတယ်။ ကြည့်မြင်တိုင်က ကိုဟိန်းရဲ့ အမေလည်း နိုင်ငံရေးအကျဉ်းသားလို့ ပြောလို့ရတယ်။ ဘာလို့ဆို ပန်းပင်ကြီးလမ်းကိစ္စနဲ့ အထဲမှာ ကောင်လေးက အချုပ်ကျနေတာလေ”
ထိခိုက်ဒဏ်ရာရသူတွေအထဲ အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၂ နဲ့ အကျဉ်းကျခံ နေရတဲ့ နိုင်ငံရေးအကျဉ်းသားတစ်ဦးရဲ့ မိခင်လည်း ပါဝင်တယ်လို့ အင်းစိန်အကျဉ်းထောင် နဲ့ နီးစပ်တဲ့ နောက်ထပ်ရှေ့နေတစ်ဦးကလည်း RFA ကိုပြောပါတယ်။
အင်းစိန်အကျဉ်းထောင်ထဲက နိုင်ငံရေးအကျဉ်းသားတွေကို ပုံမှန်ထောင်ဝင်စာပို့ပေးနေသူ တစ်ဦးကတော့ အခုလို ထောင်ဝင်စာပိတ်လိုက်တာဟာ အကျဉ်းသားတွေရဲ့အခွင့်အရေး ဆုံးရှုံးတာဖြစ်သလို ဖောက်ခွဲမှုလုပ်သူတွေ အနေနဲ့လည်း အရပ်သားထိခိုက်သေဆုံးနိုင်တဲ့ နေရာတွေကို ပစ်မှတ်မထားသင့်ဘူးလို့ RFA ကို ပြောပါတယ်။
“အခွင့်အရေးဆုံးရှုံးတာပေါ့။ အစကတည်းကလုပ်တဲ့သူတွေအနေနဲ့လည်း ဒါကို ထည့်သွင်းစဉ်းစားဖို့လိုတယ်။ လုပ်တဲ့အခါ မှာ ထောင်ပိုင်လို့ပြောပေမယ့် ထောင်ပိုင်က အဲဒီနေရာမှာမရှိနေဘူးလေ။ ရှိနေတာက တကယ်ထောင် ဝင်စာလာပို့တဲ့သူတွေပဲ အရင် ဆုံးထိတယ်။ နောက်ဆုံးကျတော့ တစ်နိုင်ငံလုံးမှာရှိနေတဲ့ အကျဉ်းသားတွေက ဒီရဲ့ ဆိုးကျိုးကိုခံစားရတာပေါ့။ ခံစားရတဲ့အခါကျတော့ အကျဉ်းသားတွေရဲ့ အခွင့်အရေး ဆုံးရှုံးတာပေါ့။ တိုက်ခိုက်တာမှာ ဘယ်သူပဲမှားမှား တစ်ဖက်က မှားရင်လည်း မှားမယ်။ စစ်တပ်ဖက်ကမှားရင်လည်း မှားမယ်။ နှစ်ဖက်စလုံး အရပ်သားကိုတော့ စစ်ထဲကို ဆွဲမသွင်းဘူး၊ အရပ်သားတိုက်ခိုက်မှုတွေကို ရှောင်ရှားသင့်တယ်လို့ ကျမတို့ကတော့ မှတ်ချက်ပြုချင်တယ်”
ဒီပေါက်ကွဲမှုကို မြို့ပြစစ်သည်အဖြစ် ဖွဲ့စည်းထားတဲ့ Special Task Agency of Burma (STA) အဖွဲ့ က လုပ်ဆောင်ခဲ့တာလို့ မနေ့ညပိုင်းမှာပဲ ထုတ်ပြန်ခဲ့ပါတယ်။ အင်းစိန်ထောင်မှူးကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တာလို့ လည်း ဖော်ပြထားပါတယ်။ RFA က Special Task Agency of Burma (STA) ကို ဒီကနေ့ အောက်တိုဘာ ၂၀ ရက် နေ့ လယ်ပိုင်းအထိ ဆက်သွယ်ခဲ့ပေမယ့် အကြောင်းပြန်ကြားတာ မရှိသေးပါဘူး။
စစ်အာဏာရှင်ကို လက်နက်ကိုင် ခုခံတော်လှန်နေတဲ့ မြို့ပြပြောက်ကျားအဖွဲ့တွေက ဒီတိုက်ခိုက်မှုကို ကန့်ကွက်ထားပြီး အရပ်သားတွေထိခိုက်ခဲ့တဲ့အပေါ် တာဝန်ယူမှုရှိဖို့ တိုက်တွန်းထားပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရကလည်း အရပ်သားပြည်သူတွေ ထိခိုက်စေတဲ့ ဘယ်လိုလုပ်ရပ်တွေမဆို ကျူးလွန်တဲ့အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်တွေကို ဥပဒေနဲ့အညီ အရေးယူသွားမယ်လို့ အောက်တိုဘာ ၁၉ ရက်ညပိုင်းမှာပဲ ထုတ်ပြန်ပါတယ်။
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ အောက်တိုဘာ ၁၉ ရက် ထုတ်ပြန်ချက်အရ ၂၀၂၂ ခုနှစ် အောက်တိုဘာ ၁၉ ရက်အထိ အာဏာသိမ်း လ ၂၀ ကျော်အတွင်း နိုင်ငံတစ်ဝန်းက အကျဉ်းထောင်တွေထဲမှာ ဖမ်းဆီးခံထားရသူ ၁၂,၇၀၀ ဦး ရှိပါတယ်။