အင်ဒိုနီးရှားဗိုလ်ချုပ်ဟောင်း အာဆီယံအထူးကိုယ်စားလှယ်သစ် ဖြစ်လာနိုင်
2023.02.08

လက်ရှိ အာဆီယံအလှည့်ကျဥက္ကဋ္ဌ အင်ဒိုနီးရှားနိုင်ငံဟာ မြန်မာ့အရေးကို ကြားဝင် ဖြေရှင်းနိုင်ဖို့အတွက် အတွေ့ အကြုံရှိတဲ့ ဝါရင့်စစ်ဗိုလ်ချုပ်ဟောင်းတစ်ဦးကို မြန်မာ နိုင်ငံဆိုင်ရာ အာဆီယံ အထူးကိုယ်စားလှယ်အဖြစ် ခန့်အပ်ဖို့ စီစဉ်နေတယ်လို့ ဖေဖော်ဝါရီ ၈ ရက် ဒီနေ့ရရှိတဲ့ နိုင်ငံတကာသတင်းတွေက ဖော်ပြပါတယ်။
အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုကလည်း မြန်မာစစ်ဗိုလ်ချုပ်တွေကို ဒီမိုကရေစီ အသွင်ကူးပြောင်းရေး အတွေ့အကြုံကို ရှင်းပြဖို့အတွက် ထိပ်တန်းစစ်ဗိုလ်ချုပ် တစ်ယောက်ကို မြန်မာနိုင်ငံကို စေလွှတ်ဖို့ စီစဉ် ထားကြောင်း ဖေဖော်ဝါရီ ၁ ရက်နေ့က ရိုက်တာသတင်းဌာနကို ပြောခဲ့ပါတယ်။
အဲ့ဒီနောက်မှာတော့ ရင်းနှီးမြှုပ်နှံမှုနဲ့ ပင်လယ်ရေကြောင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက် ရေးဝန်ကြီး အသက် ၇၅ နှစ်အရွယ်ရှိ စစ်ဗိုလ်ချုပ်ဟောင်း Luhut Panjaitan ဟာ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူး ကိုယ်စားလှယ်သစ် ဖြစ်လာနိုင်ကြောင်း နိုင်ငံတကာ သတင်းတွေက ဖော်ပြလာတာပါ။
"မြန်မာစစ်ခေါင်းဆောင်တွေဟာ ဘယ်တော့မှ ဒီလို အပေါင်းလက္ခဏာရှိတဲ့ ခြေလှမ်းကို သူတို့က ပူးပေါင်းဆောင်ရွက်မှုမရှိခဲ့ဘူးဆိုတာကို သတိထားစေချင်ပါတယ်”
အင်ဒိုနီးရှားထိပ်တန်းခေါင်းဆောင်တွေဟာ သူတို့ရဲ့အတွေ့အကြုံတွေကို မြန်မာ စစ်ခေါင်းဆောင်တွေကို မျှဝေကောင်း မျှဝေနိုင်မှာဖြစ်ပေမယ့် မြန်မာစစ်ခေါင်းဆောင် တွေဘက်က အလွယ်တကူ လက်ခံလေ့ မရှိတာကို အထူးသတိထားစေချင်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော် က ပြောပါတယ်။
“အင်ဒိုနီးရှားနိုင်ငံဟာ စစ်အာဏာရှင်စနစ်ကနေ ဒီမိုကရေစီစနစ်ကို အောင်အောင် မြင်မြင်နဲ့ အသွင်ကူးပြောင်း လာခဲ့တဲ့ တိုင်းပြည်တစ်ခု ဖြစ်ပါတယ်။ သူတို့ရဲ့အတွေ့ အကြုံတွေ အများကြီးရှိတာကို သူတို့မျှဝေပြီးတော့ မြန်မာနိုင်ငံအရေးကိုဖြေရှင်းဖို့ ကြိုးစားမယ်ဆိုတာလည်း ကြိုဆိုပါတယ်၊ ဒါပေမဲ့ တစ်ခုကတော့ မြန်မာ စစ်ခေါင်းဆောင်တွေဟာ ဘယ်တော့မှ ဒီလို အပေါင်းလက္ခဏာရှိတဲ့ ခြေလှမ်းကို သူတို့က ပူးပေါင်းဆောင်ရွက်မှု မရှိခဲ့ဘူးဆိုတာကို သတိထားစေချင်ပါတယ်”
မြန်မာ့အရေး တိုးတက်မှုမရှိတဲ့အတွက် အာဆီယံရဲ့ ကြိုးပမ်းမှုတွေကို နောက်တစ်ဆင့် တိုးမြှင့်ဖို့ ဖေဖော်ဝါရီ ၃ ရက်နဲ့ ၄ ရက် အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှာ သဘောတူခဲ့ကြပါတယ်။
အစည်းအဝေးအပြီး ထုတ်ပြန်တဲ့ ကြေညာချက်မှာတော့ လွန်ခဲ့တဲ့ လပေါင်း ၂၀ ကျော်က ချမှတ်ခဲ့တဲ့ အာဆီယံ ဘုံသဘောတူညီချက် ငါးချက်ကို လက်တွေ့ အကောင်အထည်ဖော် ဖို့ကိုသာ အာဆီယံက ထပ်မံ တိုက်တွန်းခဲ့ပါတယ်။
ဒီဘုံသဘောတူညီချက်တွေကို အချိန်အတိအကျသတ်မှတ်ပြီး အကောင်အထည် ဖော်ရမယ်ဆိုတဲ့ ၂၀၂၂ နိုဝင်ဘာလ အာဆီယံထိပ်သီးညီလာခံ ဆုံးဖြတ်ချက်တွေနဲ့ ပတ်သက်ပြီး တစ်စုံတစ်ရာ ထူးထူးခြားခြား ဖော်ပြထားတာ မတွေ့ရပါဘူး။
အကြမ်းဖက်မှုတွေ ချက်ချင်းရပ်တန့်ပြီး တစ်ဖက်နဲ့ တစ်ဖက် ယုံကြည်မှု အမြန်ဆုံး တည်ဆောက်ဖို့၊ အားလုံး ပါဝင်တဲ့ နိုင်ငံတော်အဆင့် တွေ့ဆုံဆွေးနွေးရေးလုပ်ဖို့ မဖြစ်မနေလိုအပ်တယ်လို့ အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီး Retno Marsudi က ပြောဆိုကြောင်း နိုင်ငံတကာသတင်းတွေမှာ ဖော်ပြပါတယ်။ အာဆီယံဟာ လူသား ချင်းစာနာမှု အကူအညီတွေ ပေးနိုင်ရေးနဲ့ တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်း ပေါ်ပေါက်လာဖို့ကို ကုလသမဂ္ဂ အပါအဝင် အိမ်နီးချင်းနိုင်ငံတွေ၊ သက်ဆိုင်ရာ တခြားနိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့လည်း မာဆူဒီက ပြောပါတယ်။
အင်ဒိုနီးရှားရဲ့ အစီအစဉ်ဟာ ကောင်းမွန်ပေမယ့်လည်း လက်ရှိအခြေအနေအရ နှစ်ဖက်တွေ့ဆုံဆွေးနွေးပွဲတွေ ဖြစ်လာဖို့က အတော်လေးခက်ခဲလိမ့်မယ်လို့ အာဆီယံအရေးလေ့လာသူ ကိုကြည်စင် က ပြောပါတယ်။
“အာဆီယံဘုံသဘောတူညီချက်မှာပါတဲ့ စားပွဲပေါ်မှာထိုင်ပြီး ဆွေးနွေးဖို့၊ အပစ်အခတ် ရပ်စဲဖို့ အစရှိတဲ့အရာ တွေဖြစ်စေဖို့အတွက် နှစ်ဖက်စလုံးက ဆွေးနွေးချင်စိတ်ရှိဖို့လည်း လိုတယ်။ နှစ်ဖက်စလုံးက တောင်းဆိုထားတဲ့ အခြေခံတောင်းဆိုချက်တွေက တစ်ဖက်နဲ့ တစ်ဖက် မတူကြဘူး။ ပြောရရင် စစ်ကောင်စီဘက် ကရော NUG ဘက်ကရော တောင်းဆိုထားတဲ့ဟာတွေက တစ်ဖက်နဲ့ တစ်ဖက် အပြန်အလှန် လက်ခံနိုင်စရာမရှိတဲ့ အခြေအနေတွေ တောင်းဆိုထားတဲ့အခါမှာ ဒီအခြေအနေကိုကျော်ပြီး စားပွဲဝိုင်းပေါ်မှာ ထပြီးဆွေးနွေးဖို့ အတော်လေး ခက်မယ်”
လူသားချင်းစာနာမှု အကူအညီပေးရေးကိစ္စကို အားလုံးပူးပေါင်းစတင်ရင်တော့ ဖြစ်နိုင်ခြေ ရှိတယ်လို့ ကိုကြည်စင် က ခန့်မှန်းပါတယ်။
စင်္ကာပူနိုင်ငံခြားရေးဝန်ကြီး Vivian Balakrishnan ကတော့ သက်ဆိုင်သူအားလုံးကြား အမျိုးသား ပြန်လည်သင့် မြတ်ရေး ပေါ်ပေါက်ဖို့အတွက် သမ္မတဦးဝင်းမြင့် နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ကို ပြန်လွှတ်ပေးဖို့ လိုအပ်တယ်လို့ ထောက်ပြပါတယ်။

အာဆီယံနဲ့နိုင်ငံတကာက ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့် တို့အပါအဝင် အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ကို ဆွေးနွေးပွဲမှာ မဖြစ်မနေပါဝင်ရမယ့်သူတွေ အဖြစ် အခိုင်အမာ ရှုမြင်ထားပေမယ့် စစ်ကောင်စီ က ဒါကို လက်ခံမှာမဟုတ်ဘူးလို့ စစ်တပ်အရာရှိဟောင်းတွေနဲ့ စုဖွဲ့ထားတဲ့ သေနင်္ဂမဟာဗျူဟာ လေ့လာရေးအဖွဲ့ အမှုဆောင်ညွှန်ကြားရေးမှူး ဦးသိန်းထွန်းဦး က ပြောပါတယ်။
“၂၀၂၀ ရွေးကောက်ပွဲပြီးတဲ့အချိန်မှာ တပ်မတော်ဘက်က မဲမသမာမှုဖြစ်စဉ်တွေကို အကြိမ် သုံးဆယ်လောက် ထုတ်ပြန်ပြီးတော့ ဖြေရှင်းပေးဖို့ လုပ်ခဲ့တယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် အဲ့ဒီတုန်းက တပ်မတော်ဘက်က ဆွေးနွေးဖို့အတွက် သူ စပြီးကမ်းလှမ်းခဲ့တာပဲ။ အဲ့ဒီတုန်းက လျစ်လျူရှုခဲ့ပြီးတော့ အခုချိန်ကျမှ ဆွေးနွေး ဘက်အဖြစ် လက်ခံမလားဆိုတာ စဉ်းစားရ ခက်ပါတယ်။ ဆွေးနွေးလို့ရတဲ့အချိန်မှာ ကမ်းလှမ်းခဲ့တာတောင်မှ မလာခဲ့တဲ့သူတွေကို အခုလို အမိန့်ချပြီးတဲ့အချိန်မှာ ဆွေးနွေးဘက်အဖြစ် သူတို့ပြန်ပြီး ခံယူဦးမလား သိပ်မလွယ်ပါဘူး။ မဖြစ်နိုင်ဘူး”
ဒီလိုလက်မခံတဲ့အတွက် နိုင်ငံတကာက ဖိအားပေးမှုတွေတိုးလာရင်တောင် စစ်ကောင်စီက ဒီဖိအားတွေနဲ့ အသားကျပြီးသား ဖြစ်တာမို့ သူတို့ လုပ်စရာရှိတာကိုပဲ ဆက်လုပ်သွားလိမ့် မယ်လို့ သူက ဆိုပါတယ်။
နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာ စိုင်းကြည်ဇင်စိုး ကတော့ စစ်ကောင်စီဟာ အာဆီယံနဲ့ နိုင်ငံတကာဖိအား တွေတိုးလာတဲ့အခါ ဒေါ်အောင်ဆန်းစုကြည်ကို အသုံးချပြီး ထွက်ပေါက်ရှာလိမ့်မယ်လို့ သုံးသပ်ပါတယ်။
“ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးပြောင်းလဲမှုမှာ ဘာပဲဖြစ်ဖြစ် သူ့ရဲ့ အခန်းကဏ္ဍနဲ့ အသုံးဝင် မှုက ကျန်နေသေးတယ်။ ဆိုတော့ သူ့ရဲ့ အသုံးဝင်မှုကို ဒီစစ်တပ်အနေနဲ့ ဘယ်အချိန် အသုံးချမလဲဆိုတာကတော့ အထူးသဖြင့် အနောက် နိုင်ငံတွေနဲ့ ဒါမှမဟုတ် တခြားတင်းမာတဲ့ နိုင်ငံတွေရှိနေတဲ့ အချိန်မျိုးမှာ ဒေါ်အောင်ဆန်းစုကြည်ကို ပြန်သုံးပြီးတော့ သူတို့ရဲ့ထွက်ပေါက်တစ်ခုကို ဖန်တီးနိုင်ဖို့ သူတို့ ကြိုးစားဦးမှာပဲ”
အာဆီယံအပါအဝင် နိုင်ငံတကာနဲ့ မြန်မာပြည်သူတွေလိုလားတဲ့ အပြောင်းအလဲတစ်ရပ်ကို မြင်တွေ့ရလောက်တဲ့ အထိတော့ စစ်ကောင်စီက လိုက်လျောမှာ မဟုတ်ဘူးလို့လည်း သူက ဆိုပါတယ်။
အင်ဒိုးနီးရှားဟာ မြန်မာ့အရေးကို ကူညီပြောင်းလဲစေချင်တဲ့ တက်ကြွတဲ့ ဒီမိုကရေစီ နိုင်ငံတစ်ခု ဖြစ်ပေမယ့်လည်း အာဆီယံပဋိညာဉ်အရ စစ်ကောင်စီကို ဒီထက်ပိုပြီး ဖိအားတိုးပေးဖို့ဆိုတာ မဖြစ်နိုင်ဘူးလို့ ဒေါက်တာ စိုင်းကြည်ဇင်စိုး က ပြောပါတယ်။
ဘုံသဘောတူညီချက် ငါးရပ်ကို စစ်ကောင်စီဥက္ကဋ္ဌကိုယ်တိုင် တက်ရောက်တဲ့ ၂၀၂၁ ခုနှစ် ဧပြီလ အာဆီယံ ထိပ်သီးညီလာခံကနေ ချမှတ်ခဲ့တာအခုဆိုရင် နှစ်နှစ်နီးပါး ရှိလာပါပြီ။ ဒါပေမဲ့ ပြည်တွင်းအခြေအနေ တွေဟာ တိုးတက်မှုမရှိဘဲ ပိုဆိုးလာတာကြောင့် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးနဲ့ ထိပ်သီးညီလာခံတွေမှာ စစ်ကောင်စီဥက္ကဋ္ဌနဲ့ နိုင်ငံခြားရေးဝန်ကြီး အပါအဝင် စစ်ကောင်စီရဲ့ အဆင့်မြင့် ကိုယ်စားလှယ်တွေ တက်ရောက်ခွင့်ကို ပိတ်ပင်ထားပါတယ်။