မြန်မာ့အရေး အင်ဒိုနီးရှား အသံတိတ်နေမှု ဝေဖန်ခံနေရ

RFA Burmese
2023.04.18
မြန်မာ့အရေး အင်ဒိုနီးရှား အသံတိတ်နေမှု ဝေဖန်ခံနေရ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ရက်နို မာဆူဒီအား ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၄ ရက်နေ့ အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့တွင် ကျင်းပသည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ သတင်းစာရှင်းလင်းပွဲတွင် တွေ့ရစဉ်။
ASSOCIATED PRESS

အာဆီယံဥက္ကဋ္ဌအဖြစ် တာဝန်မယူခင်က စစ်ကောင်စီကို ပြင်းပြင်းထန်ထန် ဝေဖန်လေ့ရှိတဲ့ အင်ဒိုနီးရှားဟာ အခု အာဆီယံဥက္ကဋ္ဌအဖြစ် တာဝန်ယူချိန် လေးလထဲ ရောက်လာတဲ့အထိ ဘာတစ်ခုမှ ထူးထူးခြားခြား မလုပ် ဆောင်ဘဲ တိတ်ဆိတ် ငြိမ်သက်နေတယ်လို့ နိုင်ငံရေးအကဲခတ်တွေက ပြောပါတယ်။

အာရှသတင်းမီဒီယာ တစ်ခုဖြစ်တဲ့ Cဝconuts သတင်းဌာန၊ ဂျကာတာဌာနခွဲရဲ့ မတ်လ ၃၁ ရက် အွန်လိုင်းသတင်းတစ်ပုဒ်မှာလည်း လူအခွင့်အရေးစောင့်ကြည့်အဖွဲ့ (HRW) သုတေသနအရာရှိနှစ်ဦးဖြစ်တဲ့ ဆောင်းပါးရှင် Shayna Bauchner နဲ့ Andreas Harsono တို့က အာဆီယံ အလှည့်ကျဥက္ကဋ္ဌ မဖြစ်ခင်က မြန်မာ့အရေးနဲ့ ပတ်သက်ပြီး အသံကျယ်ကျယ်နဲ့ ဝေဖန်ထောက်ပြလေ့ရှိတဲ့ အင်ဒိုနီးရှားရဲ့ အသံတိတ်ဆိတ်နေမှုအပေါ် ဝေဖန်ရေးသားထားပါတယ်။

လွန်ခဲ့တဲ့ နှစ်နှစ် စစ်တပ် အာဏာစသိမ်းချိန်မှာ မြန်မာနိုင်ငံက အခြေအနေတွေကို လုံးဝ လက်မခံနိုင်ဘူးလို့ အင်ဒိုနီးရှားသမ္မတ ဂျိုကို ဝီဒိုဒို က ပြောခဲ့ပါတယ်။

အာဆီယံခေါင်းဆောင်တွေရဲ့ ၂၀၂၁ ဧပြီ ၂၄ ရက် အရေးပေါ် အစည်းအဝေးမှာလည်း အကြမ်းဖက်မှုတွေ လျော့နည်းရေးနဲ့ အားလုံးပါဝင်တဲ့ တွေ့ဆုံဆွေးနွေးရေး ဖြစ်လာနိုင်တဲ့ အာဆီယံ ဘုံသဘောတူညီချက် ငါးချက်ကို ချမှတ်ခဲ့ပေမယ့် ရက်အနည်းငယ်အတွင်းမှာပဲ မြန်မာနိုင်ငံမှာ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု၊ နှိပ်စက်ညှဉ်းပန်းမှုနဲ့ ဖမ်းဆီး ချုပ်နှောင်မှုတွေ ဖြစ်လာခဲ့တာဟာ ဒီနေ့ထိပဲလို့ ဆောင်းပါးရှင် နှစ်ဦးက ထောက်ပြ ဝေဖန်ထားပါတယ်။

မြန်မာ့အရေးနဲ့ ပတ်သက်တဲ့ အာဆီယံရဲ့ ဘုံသဘောတူညီချက် ငါးချက်ကိုက မှားယွင်းနေတာလို့ အာဆီယံ အရေး လေ့လာသုံးသပ်သူ ကိုကြည်စင် က ပြောပါတယ်။

"ဒီအာဆီယံအခြေခံမူ ငါးချက်ကိုက မှားယွင်းနေတဲ့ဟာ ဖြစ်နေတယ်ပေါ့။ တစ်ဖက်နဲ့ တစ်ဖက် ရှေ့တိုးလို့ မရတဲ့ပုံစံကို အာဆီယံအခြေခံ မူငါးချက်က အားပေးနေတဲ့ပုံစံ ဖြစ်နေတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူက တခြားလက်တွေ့ကျတဲ့ လုပ်ဆောင်မှုတွေ ထက်စာရင် နိုင်ငံရေးသဘောတူညီချက်တွေကို ချက်ချင်း ရယူအောင် ဆွဲယူပြီး စားပွဲခုံပေါ်တင် ဆွေးနွေးမယ်ဆိုတဲ့ အနေအထားမျိုးအားဖြင့် ဦးတည်ထားတာကို တွေ့ရတယ်ပေါ့။ ဒီအခြေခံမူ ငါးချက်ကို ကြီးကြီးမားမား ပြင်ဆင်မှု မရှိသေးသ‌ရွေ့ ကာလပတ်လုံးတော့ အာဆီယံက လက်ရှိအနေအထားအတိုင်း ချောင်ပိတ်မိနေဦးမယ် လို့ ကျနော်ကတော့ ယူဆတယ်ဗျ"

အာဆီယံ ဘုံသဘောတူညီချက်တွေကို မြန်မာစစ်တပ်က လက်တွေ့ အကောင်အထည် မဖော်တဲ့အပေါ် အင်ဒိုနီးရှားက အထူးစိုးရိမ်ပူပန်ပါတယ်လို့ အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီး ရက်နို မာဆူဒီက ပြီးခဲ့တဲ့နှစ် စက်တင်ဘာလ ကုလအထွေထွေညီလာခံမှာ တင်ပြခဲ့ပါတယ်။

အင်ဒိုနီးရှားသမ္မတ ဂျိုကို ဝီဒိုဒိုအား ၂၀၂၁ ခုနှစ်၊ ဧပြီလ ၂၄ ရက်နေ့ အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့တွင် ကျင်းပသည့် မြန်မာအကျပ်အတည်းကိစ္စ ဆွေးနွေးပွဲ၌ တွေ့ရစဉ်။ (Photo: INDONESIAN PRESIDENTIAL PALACE / AFP)
အင်ဒိုနီးရှားသမ္မတ ဂျိုကို ဝီဒိုဒိုအား ၂၀၂၁ ခုနှစ်၊ ဧပြီလ ၂၄ ရက်နေ့ အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့တွင် ကျင်းပသည့် မြန်မာအကျပ်အတည်းကိစ္စ ဆွေးနွေးပွဲ၌ တွေ့ရစဉ်။ (Photo: INDONESIAN PRESIDENTIAL PALACE / AFP)

နောက်တစ်လအကြာမှာလည်း မြန်မာနိုင်ငံက အခြေအနေတွေဟာ ပိုဆိုး၊ ပိုဆုတ်ယုတ် လာတယ်လို့ ဝန်ကြီး မာဆူဒီက ပြောခဲ့ပေမယ့် အခု အာဆီယံဥက္ကဋ္ဌဖြစ်ပြီး လေးလထဲ ရောက်လာချိန်မှာတော့ အသံတိတ်သွား တယ်လို့ ဂျကာတာအခြေစိုက် ဆောင်းပါးရှင် နှစ်ဦးက ဝေဖန်ထားပါတယ်။

စစ်တပ်အရာရှိဟောင်းတွေနဲ့ စုဖွဲ့ထားတဲ့ သေနင်္ဂမဟာဗျူဟာ လေ့လာရေးအဖွဲ့ အမှုဆောင်ညွှန်ကြားရေးမှူး ဦးသိန်းထွန်းဦးကတော့ အင်ဒိုနီးရှားအစိုးရဟာ မြန်မာ့အရေးကို ထဲထဲဝင်ဝင် လေ့လာပြီးနောက်မှာ လေသံပြောင်းလာတာလို့ RFA ကို ပြောပါတယ်။

"ပွင့်ပွင့်လင်းလင်းပြောရရင် အာဆီယံမှာလည်း မြန်မာ့အရေးနဲ့ပတ်သက်ရင် တကယ် သဘောထား တင်းမာသူနဲ့ အပြုသဘောဆောင်တဲ့သူပေါ့ ဒါမျိုး နှစ်ပိုင်းကွဲကြတာ ရှိတယ်။ အဲတော့ အင်ဒိုနီးရှားဆိုရင်လည်း အရင်တုန်းကဆိုရင် မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး သဘောထားလေး နည်းနည်း တင်းမာတဲ့အပိုင်းတွေ ရှိတာပေါ့။ ဒါပေမဲ့ နောက်ပိုင်း မြန်မာအရေးကို တော်တော်လေး ထဲထဲဝင်ဝင် လေ့လာဖြစ်တယ်လို့တော့ ထင်ပါတယ်။ အဲဒါကြောင့်လည်း လေသံပြောင်းတယ်လို့ သုံးသပ်ပါတယ်"

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်ကတော့ လက်ရှိ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌဖြစ်တဲ့ အင်ဒိုနီးရှားဟာ အသံကျယ်ကျယ် မထွက်ပေမယ့်လည်း သူလုပ်သင့်လုပ်ထိုက်တာကို လုပ်နေပါတယ်လို့ RFA ကို ပြောပါတယ်။

"အင်ဒိုနီးရှားနိုင်ငံ အာဆီယံအဖွဲ့ ဥက္ကဋ္ဌရာထူးကို တာဝန်ယူပြီးတဲ့နောက်ပိုင်းမှာ သူတို့ အထူးကိုယ်စားလှယ်ရုံး ဖွင့်တယ်။ နိုင်ငံခြားရေးဝန်ကြီးကိုယ်တိုင်၊ သမ္မတကိုယ်တိုင် လည်း မြန်မာနိုင်ငံအရေးကို ကူညီဆောင်ရွက်ဖို့ တက်တက်ကြွကြွ ပြောကြားခဲ့တယ်။ အဲဒါတွေက အားရဖို့ ကောင်းပါတယ်။ သူတို့အနေနဲ့ ဒီသက်ဆိုင်ရာ အဖွဲ့အစည်းတွေ အကုန်လုံးနဲ့ ထိတွေ့ဆက်ဆံမယ်လို့ ပြောတဲ့အတိုင်းပဲ ထိတွေ့ဆက်ဆံမှု အပိုင်းတွေ ရှိနေပါတယ်"

"သူတို့အနေနဲ့ ဒီသက်ဆိုင်ရာ အဖွဲ့အစည်းတွေ အကုန်လုံးနဲ့ ထိတွေ့ဆက်ဆံမယ်လို့ ပြောတဲ့အတိုင်းပဲ ထိတွေ့ဆက်ဆံမှု အပိုင်းတွေ ရှိနေပါတယ်"

အင်ဒိုနီးရှားအစိုးရ တာဝန်ရှိသူတွေဟာ လက်ရှိမှာ NUG ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးမှု ရှိ၊ မရှိ ဆိုတာကိုတော့ ဦးကျော်ဇော်က အတိအကျ ထုတ်မပြောပါဘူး။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာ စိုင်းကြည်ဇင်စိုး ကတော့ လက်ရှိ အာဆီယံ အလှည့်ကျဥက္ကဋ္ဌ အင်ဒိုနီးရှား လက်ထက်မှာ မြန်မာ့အရေးနဲ့ပတ်သက်လို့ တိုးတက်မှု ဘာတစ်ခုမှ မတွေ့ရသေးဘူးလို့ သုံးသပ် ပါတယ်။

"သူပြောတဲ့ တိုးတက်တယ်ဆိုတဲ့ဟာက ဘယ်ဟာ တိုးတက်တယ် ပြောတာလဲ၊ ကျနော်လည်း နားမလည်ဘူးပေါ့။ နိုလင်းဟေဇာနဲ့ အရင် ပြီးခဲ့တဲ့ ကမ္ဘောဒီးယား ခေါင်းဆောင် တုန်းကလည်း သူတို့တွေတော့ တွေ့ကြတာပဲ၊ ဒါပေမဲ့ ပြောပြီး ပြောတဲ့ဟာတွေက ပြောနေကြတာပဲ၊ ဒါပေမဲ့ အဲဒီလိုတွေ့ပြီးတော့ စကားပြောလို့ ကောင်းတိုင်း တိုးတက်တယ်ပြောတဲ့ဟာကလည်း သူတို့ပြောနေကျ တစ်ခုလို ဖြစ်နေတယ်။ ဒါပေမဲ့ လက်တွေ့ဆန်တဲ့ ရလဒ်တွေတော့ အခုထိတော့ ဘာမှ မတွေ့ရသေးဘူး"

မြန်မာ့အရေး ဖြေရှင်းဖို့အတွက် သက်ဆိုင်သူအားလုံး ပါဝင်တဲ့ တစ်နိုင်ငံလုံးအဆင့် ဆွေးနွေးပွဲမျိုး ဖြစ်လာအောင် အဓိက ကြိုးပမ်းသွားမယ်လို့ ၂၀၂၃ ဖေဖော်ဝါရီ ၃ ရက် ဂျာကာတာမှာ စတင်ကျင်းပတဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး ပထမနေ့အပြီး သတင်းစာရှင်းလင်းပွဲမှာ အင်ဒိုနီးရှားနိုင်ငံခြား ရေးဝန်ကြီး ရက်နို မာဆူဒီ က ထပ်မံကတိပြုခဲ့ပါတယ်။

စစ်ခေါင်းဆောင်တွေနဲ့ ဆွေးနွေးဖို့အတွက် စစ်ဘက်၊ အရပ်ဘက် ဆက်ဆံရေးမှာ အတွေ့အကြုံရှိတဲ့ အင်ဒိုနီးရှား ထိပ်တန်း စစ်ဗိုလ်ချုပ်ဟောင်း တစ်ယောက်ကို မြန်မာနိုင်ငံကို စေလွှတ်ဖို့ စီစဉ်မယ်လို့ အင်ဒိုနီးရှားသမ္မတ ဂျိုကို ဝီဒိုဒို က ဖေဖော်ဝါရီ ၁ ရက်နေ့ကတည်းက ပြောခဲ့ပေမယ့် အခုချိန်ထိ လက်တွေ့ ဖြစ်မလာသေးပါဘူး။

လူအခွင့်အရေးစောင့်ကြည့်အဖွဲ့ (HRW) သုတေသနအရာရှိနှစ်ဦးဖြစ်တဲ့ ဆောင်းပါးရှင် Shayna Bauchner နဲ့ Andreas Harsono တို့ကတော့ အင်ဒိုနီးရှားဟာ အာဆီယံဥက္ကဋ္ဌ ဆိုတဲ့ ခေါင်းဆောင်မှု အခန်းကဏ္ဍကို ပြသဖို့အတွက် ဒေသတွင်း အာဆီယံ ခေါင်းဆောင်တွေ၊ အိမ်နီးချင်း ဂျပန်နဲ့ တောင်ကိုးရီးယား ခေါင်းဆောင်တွေအပြင် အနောက်နိုင်ငံ ခေါင်းဆောင်တွေနဲ့ ပူးပေါင်းပြီး မြန်မာစစ်ကောင်စီရဲ့ အခွန်ဘဏ္ဍာ ရရှိမှုတွေအပေါ် တင်းကျပ်တဲ့ ပိတ်ဆို့ဒဏ်ခတ်မှုတွေ လုပ်ဆောင်ဖို့၊ လုံခြုံရေး ကောင်စီကနေ ပိုတိကျခိုင်မာတဲ့ အရေးယူမှုတွေ ရရှိဖို့နဲ့ မြန်မာ့အရေးကို နိုင်ငံတကာ ရာဇဝတ်ခုံရုံး ICC ထံ လွှဲပြောင်းနိုင်ရေးတွေကို အင်ဒိုနီးရှားအစိုးရက လုပ်ဆောင် သင့်ကြောင်း တိုက်တွန်းပါတယ်။

မြန်မာ့အရေးနဲ့ပတ်သက်တဲ့ ဝေဖန်ချက်တွေဟာ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး မာဆူဒီနဲ့ အာဆီယံအဖွဲ့ထံ ဦးတည်တာမျိုး မဟုတ်ဘဲ မြန်မာစစ်ကောင်စီထံ ဦးတည် ဝေဖန်တာမျိုး ဖြစ်လာဖို့အတွက် အင်ဒိုနီးရှားအစိုးရအနေနဲ့ ကိုယ်လုပ်ရမယ့် အပိုင်းကို မဖြစ်မနေလုပ်ဆောင်ရမယ်လို့လည်း မတ်လ ၃၁ ရက် အွန်လိုင်း သုံးသပ်ချက်မှာ ဆောင်းပါးရှင် နှစ်ဦးက တိုက်တွန်းထားပါတယ်။

ဖတ်ရှုသူအများဆုံး သတင်းများ။
သတင်းဆောင်းပါးများ
ငလျင်ဒဏ်သင့် ပြည်သူအချို့ နိုင်ငံတကာအထောက်အပံ့နဲ့ အလှမ်းဝေးနေ
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။