မြန်မာပြည်က ဒုက္ခသည်အကျပ်အတည်းနဲ့ အိန္ဒိယ

2022.05.22
မြန်မာပြည်က ဒုက္ခသည်အကျပ်အတည်းနဲ့ အိန္ဒိယ အိန္ဒိယ-မြန်မာနယ်စပ် တစ်နေရာ။
Photo: AFP

ပြီးခဲ့တဲ့နှစ်အလယ်လောက်ကစပြီး နယ်စပ်ဖြတ်ထွက်ပြေးလာတဲ့ မြန်မာပြည်ကဒုက္ခသည် နှစ်သောင်းကိုးထောင်ကျော်ကို အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်က လက်ခံစောင့်လျှောက်ထားတယ်လို့ ဒေသတွင်းအခြေစိုက် မီဒီယာတစ်ခုဖြစ်တဲ့ The Sentinel ရဲ့ မေ ၁၉ ရက်ထုတ် သတင်းဆောင်းပါးမှာ ဖော်ပြထား ပါတယ်။

အဲဒီထဲက လူတစ်သောင်းခွဲလောက်က ချင်းပြည်နယ်ကဖြစ်ပြီး မနှစ်က ဇူလိုင်နဲ့ သြဂုတ်လက ရောက်လာကြတဲ့သူတွေ ဖြစ်ပါတယ်။ ကျန်တဲ့လူတွေက နောက်ပိုင်းထပ်ဖြစ်လာတဲ့ အကြမ်းဖက်မှုတွေကြောင့် ဒီနှစ် ဇန်နဝါရီနဲ့ ဖေဖော်ဝါရီမှာ ရောက်လာတဲ့သူတွေလို့ ဆိုပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလကစလို့ စစ်တပ်က ပြန်အာဏာသိမ်းလိုက်တဲ့အတွက် အရင်လို စစ်အုပ်ချုပ်ရေးအောက် ပြန်ရောက်သွားတဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်ပြီး အဲဒီက ထွက်ပြေးလာတဲ့ ဒုက္ခသည်တွေနဲ့ပတ်သက်လို့ အိန္ဒိယဟာ လက်တွေ့မြင်နေရပြီးသား ဖြစ်တယ်လို့ ဆောင်းပါးက ဆိုပါတယ်။

ဒါကြောင့် အိန္ဒိယနဲ့မြန်မာ နှစ်နိုင်ငံအကျိုးတူ ပူးပေါင်းဆောင်ရွက်ရေးမှာ လူသားချင်းစာနာမှု အကူအညီပေးဖို့ ကိစ္စအပါအဝင် တခြားအရေးကိစ္စတွေကိုလည်း ပြန်သုံးသပ်ရမှာဖြစ်ပါတယ်။ စစ်အာဏာသိမ်းလိုက်ကတည်းက အိန္ဒိယအစိုးရက မြန်မာပြည်မှာ လုပ်လက်စ ဖွံ့ဖြိုးရေးစီမံကိန်းတွေကို သတိထား လုပ်ကိုင်နေရပါတယ်။


အိုးအိမ်နဲ့အခြေခံအဆောက်အဦး တည်ဆောက်ရေးကအစ သင်တန်းပေးရတဲ့ စီမံကိန်းတွေအထိ မြန်မာပြည်ထဲမှာ ဆက်လက်ဆောင်ရွက်နေပြီး၊ နှစ်နိုင်ငံဆက်ဆံရေးကို အစကနေ ပြန်တည်ဆောက်ရမယ့်အစား စိုသောလက် မခြောက်အောင် လက်ရှိဆက်ဆံရေးအတိုင်း ဆက်ရှိနေဖို့ ဆိုတာက လက်တွေ့ကျနေပါတယ်လို့ဆိုပါတယ်။

ဒီအတွက် ရှေ့ဆက်ရမယ့်လမ်းကတော့ မြန်မာပြည်သူတွေကိုကူညီမယ့်အပေါ်ဦးတည်ပြီး အလွတ်သဘောညှိနှိုင်းဆောင်ရွက်မှု ဖြစ်တယ်လို့ ဆိုပါတယ်။ သတိထားမိသလောက်ဆိုရင် ၂၀၂၂ ခုနှစ် ဘတ်ဂျက်မှာ အကူအညီပေးဖို့ အိန္ဒိယအစိုးရက ရူပီးငွေ သိန်း ၆၀၀ သတ်မှတ်ထားတာပါ။ မကြာသေးတဲ့နှစ်တွေကပဲ မြန်မာ့ဒီမိုကရေစီအသွင်ကူးပြောင်းရေး အားကောင်းဖို့အတွက် အိန္ဒိယအစိုးရက အရည်အချင်းမြှင့် သင်တန်းတွေ ကူညီခဲ့တယ်လို့ ဆိုပါတယ်။

၂၀၁၇ ခုနှစ်ကို ပြန်ကြည့်ရင် ရခိုင်ပြည်နယ်ဖွံ့ဖြိုးရေးအတွက် နှစ်နိုင်ငံသဘောတူစာချွန်လွှာ လက်မှတ်ထိုးခဲ့တာ တွေ့ရမှာဖြစ်သလို ရခိုင်ပြည်နယ်က ဒုက္ခသည်တွေ ဘဝပြန်လည်ထူထောင်ရေးအတွက် အိမ်အလုံးပေါင်း ၂၅၀ ဆောက်ပေးခဲ့တယ်လို့ ထောက်ပြပါတယ်။ နောက်တစ်နှစ် ၂၀၁၈ ခုနှစ်မှာတော့ နှစ်နိုင်ငံနယ်စပ် ၁၆ ကီလိုမီတာအတွင်း အသိအမှတ်ပြုလက်မှတ်တွေနဲ့ နှစ်ဖက်ပြည်သူတွေ လွတ်လွတ်လပ်လပ် ကူးသန်းဆက်ဆံခွင့်ရအောင် နယ်စပ်ဖြတ်ကျော် သဘောတူစာချုပ် လက်မှတ်ထိုးခဲ့ပါတယ်။ ဒီလိုဆောင်ရွက်ပေးခဲ့တဲ့အတွက် မြန်မာပြည်သူတွေ အိန္ဒိယမှာ ဆေးသွားကုဖို့ လွယ်ကူသွားခဲ့တယ်လို့ ဆိုပါတယ်။

စီးပွားရေးဆက်ဆံမှုကို ပိုနီးစပ်စေမယ့် အရေးကြီးတဲ့လုပ်ရပ်တွေထဲက တစ်ခုကတော့ နှစ်နိုင်ငံပြည်သူတွေ အချင်းအချင်းဆက်ဆံရေး ပိုကောင်းအောင် ပံ့ပိုးကူညီပေးဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။ ရေကြောင်းလမ်း၊ ရထားလမ်းတွေအပြင်၊ ကုန်လမ်းတွေ ပိုကောင်းလာအောင် လုပ်ပေးသင့်တယ် လို့ ဆိုပါတယ်။ ဒီလိုလမ်းတွေ ကောင်းလာရင် ပြည်သူအချင်းချင်း ဆက်ဆံရေးနဲ့ ကုန်သွယ်ရေးတွေကို အထောက်အကူဖြစ်စေမယ်လို့ ထောက်ပြပါတယ်။

၂၀၂၀ ခုနှစ် မေလမှာ ကိုဗစ်-၁၉ ကာကွယ်ရေးဆေးပစ္စည်းတွေ၊ ကာကွယ်ဆေးတွေ ပထမအသုတ် ပေးပို့ကူညီခဲ့ပြီး ၂၀၂၁ ခုနှစ် အောက်တိုဘာလဆန်းမှာ ဒုတိယအသုတ် ပေးပို့ခဲ့ပါတယ်။ အဲဒီထဲမှာ ကာကွယ်ဆေးအလုံးရေ ၁၇ သိန်း လှူဒါန်းတာပါတယ်လို့ ဆိုပါတယ်။ ဒါကြောင့် မြန်မာပြည်မှာ ဆောင်ရွက်နေတဲ့ ကုလားတန်မြစ် ဘက်စုံဖွံ့ဖြိုးရေးစီမံကိန်းက အရေးကြီးတယ်လို့ဆိုပါတယ်။

အခုဆိုရင် ပလက်ဝကနေ ဇိုရင်ပီအထိ ဖောက်နေတဲ့လမ်းဟာ တော်တော်လေး ခရီးပေါက်နေပြီး၊ လမ်းပြီးသွားတာနဲ့ အိန္ဒိယရဲ့ ကြိုးပမ်းအားထုတ်မှု အကောင်အထည် ပေါ်လာတော့မယ်လို့ ဆိုပါတယ်။ ဒါကြောင့် မြန်မာနဲ့ ပတ်သက်လို့ အိန္ဒိယရဲ့ ရပ်တည်ချက်ကို ရှင်းရှင်းလင်းလင်းမြင်ရမှာဖြစ်သလို အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနပြောခွင့်ရသူကလည်း မြန်မာမှာစစ်အာဏာသိမ်းပြီး မကြာခင်မှာ အခုလိုပြောခဲ့ပါတယ်။

“ကိုဗစ်ကပ်ရောဂါနဲ့ ပတ်သက်လို့ ဆက်စပ်ပေါ်ပေါက်လာမယ့် စီးပွားရေးနဲ့ ကျန်းမာရေးဆိုင်ရာကိစ္စတွေမှာ မြန်မာပြည်သူတွေအတွက် အိန္ဒိယကဆက်ပြီး ကူညီပံ့ပိုးသွားမယ်” ဆိုတာ ဖြစ်ပါတယ်။ အဲဒီနောက် ဒီနှစ်ဇန်နဝါရီလက အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးရဲ့ မြန်မာပြည်ခရီးစဉ်မှာ ကိုဗစ်ကာကွယ်ဆေး ၁၀ သိန်း ထပ်ကူညီခဲ့တယ်လို့ ဆိုပါတယ်။

000_94W68Q.jpg
၂ဝ၂၁ ခုနှစ် မတ်လက မြန်မာနိုင်ငံမှ ထွက်ပြေးပြီး အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ကို ခိုလှုံလာခဲ့ကြသည့် CDM ရဲတပ်ဖွဲ့ဝင်များ။ (Photo: AFP)

အခုဆိုရင် တရုတ်နိုင်ငံကမြန်မာကို ကိုဗစ်ကာကွယ်ဆေးနဲ့ပတ်သက်ရင် အစိုးရဘက်ရော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကိုပါ ထောက်ပံ့နေတာရှိတဲ့အတွက် အိန္ဒိယအနေနဲ့လည်း ကိုဗစ်နဲ့ပတ်သက်လို့ မြန်မာဘက်က အကူအညီတောင်းလာရင် အချိန်မရွေးအကူအညီပေးသင့်တယ်လို့ ဆောင်းပါးက ဆိုပါတယ်။

ဒါကြောင့် လက်ရှိဖြစ်နေတဲ့ မြန်မာပြည်က အကျပ်အတည်းနဲ့ ထွက်ပြေးလာရတဲ့ ဒုက္ခသည်တွေကိစ္စဟာ အိန္ဒိယအစိုးရအတွက် အခွင့်အလမ်းဖြစ်တယ်လို့ ဆိုပါတယ်။ အဲဒါကတော့ မြန်မာပြည်သူတွေကို လူသားချင်းစာနာမှု အကူအညီတွေ တိုးပေးဖို့အတွက် လက်ရှိမူဝါဒကို ပြန်လည်သုံးသပ်ဖို့ပဲဖြစ်တယ်လို့ ဆောင်းပါးက ထောက်ပြပါတယ်။ အဲဒီအပြင် နှစ်နိုင်ငံ စစ်ဘက်ဆိုင်ရာအာဏာပိုင်တွေ ဆွေးနွေးပွဲတွေ ပြန်လုပ်ဖို့ လိုအပ်တယ်လို့လဲဆိုပါ တယ်။

သင့်တော်တဲ့အချိန်တစ်ခုမှာ စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးကို အိန္ဒိယကို ဖိတ်ပြီးနှစ်နိုင်ငံအရေး တွေဆွေးနွေးသင့်တယ်လို့လည်းဆိုပါတယ်။ ဘာလို့လဲဆိုရင် အိန္ဒိယရဲ့ အရှေ့ကြည့်မူဝါဒအရ မြန်မာဟာ အရေးပါတဲ့နေရာမှာ ရှိနေတယ်။ အထူးသဖြင့် ကုန်သွယ်ရေးမှာ အခရာကျတယ်ဆိုတာ သတိမူဖို့ လိုတယ်လို့ ဆောင်းပါးက ထောက်ပြပါတယ်။ မြန်မာဟာ အိန္ဒိယရဲ့ အရှေ့တောင်အာရှဆီ ထွက်ပေါက် ဖြစ်နေတယ်လို့လည်း ဆိုပါတယ်။

အလားတူ မြန်မာဟာ အိန္ဒိယရဲ့ အရှေ့မြောက်ဒေသကနေ ဘင်္ဂလားဒေ့ရှ်ကို အမြန်ဆုံးဆက်သွယ်နိုင်တဲ့ နေရာလည်းဖြစ်နေတာကြောင့် နှစ်နိုင်ငံအကျိုးအတွက် နှစ်ဖက်စလုံးက ပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်တယ်လို့ The Sentinel သတင်းစာဆောင်းပါးက ရေးသားဖော်ပြထားပါတယ်။

ဖတ်ရှုသူအများဆုံး သတင်းများ။
သတင်းဆောင်းပါးများ
ငလျင်ဒဏ်သင့် ပြည်သူအချို့ နိုင်ငံတကာအထောက်အပံ့နဲ့ အလှမ်းဝေးနေ
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။