လွတ်လပ်ရေးနေ့ ဗိုလ်ရှုခံ အခမ်းအနား တက်ရောက်သူတွေ အမြင်
2015.01.04
နှစ်ပေါင်း ၅၀ ကျော်အကြာမှာ ပြန်လည်ကျင်းပတဲ့ လွတ်လပ်ရေးနေ့ ဗိုလ်ရှုခံ အခမ်းအနားကို ဒီနေ့ နေပြည်တော်မှာ ကျင်းပခဲ့ပါတယ်။ အဲ့ဒီအခမ်းအနားကို တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေ၊ နိုင်ငံရေးပါတီခေါင်းဆောင်တွေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ကြပါတယ်။
ဗိုလ်ရှုခံအခမ်းအနား ကျင်းပတဲ့အပေါ် တက်ရောက်ခွင့်ရသူတွေရဲ့သဘောထား အမြင်တွေကို RFA သတင်းထောက် မဝေမာထွန်း က စုစည်းတင်ပြထားပါတယ်။
ဒီနေ့ ကျရောက်တဲ့ ၆၇ နှစ်မြောက် လွတ်လပ်ရေးနေ့ ဗိုလ်ရှုခံအခမ်းအနားမှာ တပ်မတော် ကြည်း၊ ရေ၊ လေ က စစ်သည်တွေက စစ်ကြောင်းနဲ့ ချီတက်ပြီး နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ကို အလေးပြုခဲ့ကြပါတယ်။
မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးနောက် ၁၉၄၉ ခုနှစ် ဇန်နဝါရီလ ၄ရက်နေ့မှာ ဗိုလ်ရှုခံအခမ်းအနားကို ရန်ကုန်မြို့တော်ခန်းမရှေ့မှာ တပ်မတော်တီးဝိုင်းစုံနဲ့ ပထမဆုံးအကြိမ် ကျင်းပခဲ့ရာ အဲ့ဒီအချိန်က နိုင်ငံတော်သမ္မတ စဝ်ရွှေသိုက်ကို တပ်မတော် ကြည်း၊ ရေ၊ လေ စစ်သည်တွေက အလေးပြုခဲ့ကြပါတယ်။
နှစ်စဉ် ဇန်နဝါရီလ ၄ရက်နေ့ လွတ်လပ်ရေးနေ့တိုင်း ဗိုလ်ရှုခံအခမ်းအနားကို ကျင်းပခဲ့ရာကနေ ၁၉၆၂ ခုနှစ်ကစပြီး မကျင်းပဖြစ်ခဲ့တာ ၂၀၁၄ ခုနှစ်အထိ ဖြစ်ပါတယ်။
ဒီနှစ်ပြန်လည်ကျင်းပဖြစ်တဲ့ ဗိုလ်ရှုခံအခမ်းအနားမှာ နိုင်ငံတော်သမ္မတဦးသိန်းစိန်က မိန့်ခွန်းပြောကြားခဲ့ပါတယ်။
နိုင်ငံတော်သမ္မတက အစိုးရအနေနဲ့ တိုင်းသူပြည်သားတွေ လိုလားချက်မှုကို ဖြည့်ဆည်းပေးမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ရပ်တည်နေ တာဖြစ်ပြီး ပြည်သူ လိုလားနေတဲ့ငြိမ်းချမ်းရေးကို အကောင်အထည်ဖော် ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
နိုင်ငံတော်သမ္မတ
ကျနော်တို့ အစိုးရအဖွဲ့ရဲ့ရည်မှန်းချက်က တစ်ခုပဲရှိပါတယ်၊ ပြည်သူလူထုရဲ့ဆန္ဒကို ဖြည့်စည်းပေးရေး ပဲဖြစ်ပါတယ်၊ ဒီကနေ့ သန်း ၅၀ ကျော်ပြည် သူတွေရဲ့ တူညီတဲ့ အဓိကကျတဲ့ ဆန္ဒနှစ်ခုရှိပါတယ်၊ တည်ငြိမ် အေးချမ်းရေးနဲ့ လူမှုစီပွားဘဝဖွံ့ဖြိုးတိုးတက်ရေးဖြစ်ပါတယ်၊ ဒါကြောင့် ကျနော်တို့ အစိုးရရဲ့ ပြုပြင်ပြောင်းလဲရေး မူဝါဒများရဲ့အခြေခံဟာ ပြည်သူတွေအတွက် တည်ငြိမ်အေးချမ်းမှု၊ ဖွံ့ဖြိုးတိုးတက်မှုများကို ဒီမိုကရေစီ အနှစ် သာရများ နဲ့အညီ ရရှိခံစားနိုင်ရေးပဲဖြစ်ပါတယ်။
အဲ့ဒီဗိုလ်ရှုခံအခမ်းအနားကို ငွေကျပ် သန်း ၆ ထောင်ကျော်အကုန်အကျခံသုံးစွဲထားတာဖြစ်ပါတယ်။
နိုင်ငံဝန်ထမ်းတွေကို လစာတိုးပေးဖို့ လွှတ်တော်ကတောင်းခံထားစဉ်မှာ အစိုးရက ဘဏ္ဍာငွေမလုံလောက်တဲ့ အနေအထားတွေရှိကြောင်း အစိုးရ သတင်းစာတွေမှာ ရေးသားဖော်ပြတာတွေရှိခဲ့ပြီး အခုလိုငွေကြေး သန်း ၆ ထောင်ကျော် အကုန်အကျခံထားတဲ့ ဗိုလ်ရှုခံအခမ်းအနားကို မကျင်းပ သင့်ကြောင်းဝေဖန်မှုတွေ ရှိခဲ့ပါတယ်။
ဒါ့အပြင် ဗိုလ်ရှုခံအခမ်းအနားမှာ တပ်မတော် စစ်ကြောင်းတွေနဲ့ ချီတက်အလေးပြုခဲ့တဲ့အတွက် တပ်မတော်ရဲ့ စစ်လက်နက်ပစ္စည်းတွေ၊ တိုက်လေယာဉ်တွေ ကို တွေ့ရှိခဲ့တဲ့အပေါ် အခမ်းအနားတက်ရောက်သူတွေက ဝေဖန်မှုတွေလည်း ရှိပါတယ်။
ဒါနဲ့ပတ်သက်ပြီး အခမ်းအနားတက်ရောက်ခဲ့တဲ့ ရခိုင်အမျိုးသားပါတီ ဥက္ကဌ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်က သူ့အမြင်ကို အခုလိုပြောပါတယ်။
ဒေါက်တာအေးမောင်
သူများနိုင်ငံရဲ့စွန့်ပစ်တဲ့ ပစ္စည်းတွေကို ကျနော်တို့လို တောသားတွေရှေ့မှာ လာပြီးပြနေသလိုမျိုး ခံစား ရပါတယ်ခင်ဗျ၊ အင်မတန် ခေတ်မှီတဲ့ လက်နက်တွေလို့လဲ စိတ်ထဲမထင်ဘူး၊ ဥပမာဆိုပါစို့ လေကြောင်း ရန်ကို ကာကွယ်တဲ့ ဒုံးကျည်ကြီးတွေဆိုရင် မြောက်ကိုးရီးယားက စကတ် ဒုံးကျည်များလားပေါ့နော်၊ အဲ့ဒါမျိုးလေး တွေတွေ့တယ်၊ သံချပ်ကာတို့ ဘာတို့လဲ တရုတ်လုပ်များလားပေါ့နော်၊ တရုတ်ကတော့ ခေတ်မှီ လက်နက် ဖြစ်အောင် အရှေ့ဥရောပတို့၊ အနောက်ဥရောပတို့ ဖက်ကလက်နက်တွေကို တက်ဆင်နေတာပဲ၊ တရုတ်ရဲ့ စွန့်ပစ်ခံ လက်နက်ဝယ် တဲ့ နိုင်ငံတစ်ခုများဖြစ်နေပြီလား၊ ဒါလေးလဲတွေ့တာပေါ့ ဝေဟင်ကပျံသွားတဲ့ လေယာဉ် တွေကို ကြည့်တဲ့အခါလဲ ဘင်္ဂလားဒေ့ရှ်မှာရှိတဲ့ ဟာမျိုးတွေ မတွေ့ရတဲ့ခါ ကျနော်တို့ရဲ့ကုန်ကျစရိတ်များစွာ သုံး စွဲခဲ့တဲ့ အသုံးစရိတ်တွေကို တစ်ခါတစ်ခါ နှမျောမိတယ်ဗျ။
နိုင်ငံအကြီးအကဲကို အခုလိုအခမ်းအနားနဲ့အလေးပြုတာဟာ ကောင်းတဲ့အစဉ်အလာဖြစ်တယ်ဆိုတဲ့ သုံးသပ်မှုတွေလည်း ရှိပါတယ်။
စစ်တပ်အင်အားကို ပြတာဟာ ဗိုလ်ရှုခံအခမ်းအနားရဲ့အစဉ်အလာဖြစ်ပြီး လက်ရှိအနေအထားအရ တိုင်းရင်းသားလက်နက်ကိုင်တွေဖိတ်ခေါ်တာဟာလည်း စစ်တပ်ရဲ့အနေအထား ကိုထုတ်ဖော်ပြတာ ဖြစ်နိုင်တယ်လို့ ဗိုလ်ရှုခံအခမ်းအနားကို တက်ရောက်ခွင့်ရတဲ့ ဒီမိုကရက်တစ်ပါတီမြန်မာက ပါတီဥက္ကဌ ဦးသုေ၀ ကပြောပါတယ်။
ဦးသုေ၀
ဗိုလ်ရှုသဘင်ရဲ့ထုံးစံကတော့ ကိုယ်အင်အားကိုပြတာပဲ၊ ကျနော်တို့ တိုင်းပြည်မှာ ဒီလောက်အင်အားရှိတယ်၊ အဲ့ဒါကို တိုင်းပြည်အတွက်ကာကွယ်နိုင်တဲ့ အားရှိတယ်ဆိုတဲ့အကြောင်း၊ တိုင်းသူပြည်သားတွေကိုလဲ ပြတာ ဖြစ်နိုင်တယ်ပေါ့နော်၊ ဒါမှမဟုတ်လဲ တိုင်းပြည်မှာရှိနေတဲ့ အခြားသောလက်နက်ကိုင် အင်အားစုတွေကိုလဲ တို့မှာ ဒီလောက်ရှိတယ်ဆိုပြီးတော့ပေါ့နော်၊ အားလုံးညီညီ ညွတ်ညွတ်ဖြစ်အောင်တော့လုပ်တဲ့ သဘောလေး ရှိတာ ပေါ့နော်၊ ကျနော်တို့ကိုအင်္ဂလိပ်တပ်တွေဗမာပြည်ပြန်သိမ်းတဲ့ အခါကျတော့လဲပဲ သူတို့ရဲ့အောင်ပွဲနေ့မှာ စစ် အင်အားပြတဲ့အခါမှာ စစ်အင်အား ၁ သန်းကျော်ပဲ၊ နည်းတဲ့အင်အားတွေ မဟုတ်ဘဲနဲ့ အဲ့ဒါလဲ သူ့မှာ အင်အား ရှိတယ်ဆိုတာကို ပြတာပေါ့နော်၊ ကျနော်တို့ အဲ့ဒီတုန်းက လွတ်လပ်ရေးတိုက်ပွဲအတွက် တိုက်နေတဲ့ သူတွေကို လဲ တို့မှာအင်အားဒီလောက်ရှိတယ်၊ မင်းတို့လိုချင်တာပဲတောင်းမနေနဲ့ အားလုံး ညီညီမျှမျှဖြစ်အောင်လုပ်ပါဆို တဲ့ သဘောမျိုးလဲပြတာဖြစ်နိုင်တာပေါ့ဗျာနော်။
အခမ်းအနားတက်ရောက်ခဲ့တဲ့ အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ အတွင်းရေးမှူး ဦးနေမင်းကျော်က သူရဲ့အမြင်ကို အခုလိုပြောပါတယ်။
ဦးနေမင်းကျော်
တပ်မတော်နဲ့ အစိုးရနဲ့လဲ ဒါယုံကြည်မှုရှိတဲ့ဟာတွေကို ပြတာပေါ့ဗျာ၊ ပြီးရင် တပ်မတော်ကတော့ သမ္မတကြီးအပါအဝင် အကုန်လုံးကို ယုံကြည်မှု တည်ဆာက်တာလဲဖြစ်တယ်၊ ကျနော်အမြင်ပေါ့နော်၊
ဒီနေ့အခမ်းအနားကို ဒုတိယသမ္မတ ၂ဦး၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ပြည်သူ့လွှတ်တော် ဥက္ကဌ၊ အမျိုးသားလွှတ်တော် ဥက္ကဌ၊ ပြည်ထောင်စု ဝန်ကြီးတွေ၊ ဒုတိယဝန်ကြီးတွေနဲ့ အစိုးရဌာနဆိုင်ရာ တာဝန်ရှိသူ တွေ တက်ရောက်ခဲ့ပါတယ်။
ဒါ့အပြင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ ခေါင်းဆောင်တွေ၊ လွှတ်တော်ရေးရာကော်မတီ၊ ကော်မရှင် ဥက္ကဌ၊ အတွင်းရေးမှူးတွေ နဲ့ နိုင်ငံရေးပါတီ ခေါင်းဆောင်တွေနဲ့ သတင်းမီဒီယာသမားတွေလည်း တက်ရောက်ခဲ့ပါတယ်။
ဗိုလ်ရှုခံအခမ်းအနားမှာ တက်ရောက်ခဲ့သူတွေက နိုင်ငံတော်ကျေးဇူးကိုစောင့်သိဖို့၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ကိုကာကွယ်စောင့်ရှောက်ဖို့၊ ပြင်ပ အန္တရာယ်တွေကို ကာကွယ်ဖို့နဲ့ ကျဆုံးသွားတဲ့အာနည်တွေရဲ့ ကျေးဇူး ကိုမမေ့ဖို့ ဆိုတဲ့ နိုင်ငံတော်သစ္စာအဓိဌာန် ၄ချက်ကို ရွတ်ဆိုခဲ့ကြပါတယ်။
ဒီနေ့ ညမှာတော့ ဗိုလ်ရှုခံအခမ်းအနားတက်ရောက်သူတွေကို နိုင်ငံတော်သမ္မတ အိမ်တော်မှာ ညစာနဲ့ တည်ခင်းဧည့်ခံမှာဖြစ်ပါတယ်ရှင်။